တေလာဆွစ်ဖ် ဂီတပွဲကို ဗုံးတွေ၊ ဓားတွေနဲ့ တိုက်ခိုက်ဖို့ ဆယ်ကျော်သက်တွေ ကြံစည်

Celebrity International News
တေလာဆွစ်ဖ် ဂီတပွဲကို ဗုံးတွေ၊ ဓားတွေနဲ့ တိုက်ခိုက်ဖို့ ဆယ်ကျော်သက်တွေ ကြံစည်

သြစတြီးယား နိုင်ငံ မြို့တော် ဗီယာနာရဲ့ အန်းစ် ဟာပယ် အားကစားကွင်းထဲမှာ သြဂုတ် ၈ ရက်နေ့ကစလို့ ၃ ရက်တိုင် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကမ္ဘာကျော် အဆိုတော် တေလာဆွဖ်ရဲ့ ဂီတပွဲကို လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် ဖျက်သိမ်းလိုက်ပါတယ်။

ဗီယာနာမှာ ရှိုးပွဲ ၃ ခု လုပ်ဖို့ စီစဉ်ထားခဲ့

ဗီယာနာ ဂီတပွဲအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်း သံသယရှိရသူ အနည်းဆုံး ၃ ယောက်ကို ရဲက ဖမ်းဆီးထားပါတယ်။ သူတို့ဟာ အစ္စလမ်မစ်နိုင်ငံ IS အဖွဲ့ကို လေးစားအားကျနေသူတွေလို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် သြစတြီးယား နိုင်ငံသား လူငယ်တစ်ဦးကို စဖမ်းမိခဲ့ပြီး နောက်နှစ်ယောက်ကိုလည်း နောက်ဆက်တွဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ အများပြည်သူ လုံခြုံရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဖရန်ဇ် ရုဖ်က ပြောပါတယ်။

အန်းစ် ဟာပယ် ပွဲမှာ အကြမ်းဖက်ဝါဒ အခြေခံ တိုက်ခိုက်မှုတွေ ပြုလုပ်မှု အစီအစဉ် ရှိကြောင်း ဖော်ထုတ်ထားနိုင်တယ် ဆိုပြီး အစိုးရ အာဏာပိုင်တွေဘက်က အတည်ပြုလာတဲ့ အတွက် ပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေဘက်ကလည်း ထုတ်ပြန်ပါတယ်။

ခုခေတ် ဆွဖ်တီလို့ ခေါ်တဲ့ တေလာဆွစ်ဖ် အရူးအမူး လူငယ် ပရိသတ်တွေ ဗီယာနာမှာလည်း အခိုင်အမာရှိ

ခုခေတ် ဆွဖ်တီလို့ ခေါ်တဲ့ တေလာဆွစ်ဖ် အရူးအမူး လူငယ် ပရိသတ်တွေ ဗီယာနာမှာလည်း အခိုင်အမာရှိ

အန်းစ် ဟာပယ် ဂီတပွဲ ၃ ရက် စလုံး အတွက် လက်မှတ်တွေ အားလုံး အကုန် ရောင်းခဲ့ရပြီး ဖြစ်တာမှာ ပွဲသာ ဖြစ်မြောက်ခဲ့ရင် ပရိသတ် တစ်သိန်း ကိုးသောင်းခွဲ အထက်မှာ ရှိနိုင်ပါတယ်။

ဖမ်းဆီးထားသူတွေထဲက အသက် ၁၉ နှစ် အရွယ် ရှိသူကို ပင်မသံသယ တရားခံ အဖြစ် ရဲက ညွှန်းဆို ခေါ်ဝေါ်ပါတယ်။ သူဟာ အလုပ်ဟောင်းကနေ ဓာတုပစ္စည်းတွေကို ခိုးယူထားခဲ့တယ် ဆိုတဲ့ အချက်လည်း ပေါ်ထွက်လာပါတယ်။

အဲဒီလူငယ်ဟာ IS အဖွဲ့ အပေါ် သစ္စာခံထားကြောင်းနဲ့ ဒီ ဂီတပွဲကို ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဓားတွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။

သူရဲ့ အလုပ်ဟောင်းဆိုတာ ဇာတိမြို့ တားနစ်ဇ်မှာ ရှိတဲ့ သတ္တုသန့်စင် စက်ရုံ ဖြစ်ပြီး၊ အဲဒီက ခိုးယူထားတဲ့ ဓာတုပစ္စည်းတွေနဲ့ လက်လုပ်ဗုံး ပြုလုပ်နေခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းစာတွေက ရေးပါတယ်။

သူ တိုက်ခိုက်ဖို့ ကြံရွယ်ထားတဲ့ နောက်နည်းနာတစ်ခုကတော့ ပွဲလာတဲ့ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ဖို့ ဖြစ်တယ်လို့လည်း ကူရီယာဆိုတဲ့ ဒေသတွင်း သတင်းစာက သတင်းရင်းမြစ်တွေ အကိုးအကားနဲ့ ရေးသားထားပါတယ်။

ပထမ သံသယ တရားခံအဖြစ် ရည်ညွှန်းခေါ်ဆိုခံရသူ

ပထမ သံသယ တရားခံအဖြစ် ရည်ညွှန်းခေါ်ဆိုခံရသူ

ညွှန်ကြားရေးမှူး ဖရန်ဇ် ရုဖ်ကလည်း သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဓိက သံသယ တရားခံရဲ့ နေအိမ်ကနေ ဓာတုပစ္စည်းတွေနဲ့ နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာတွေ တွေ့ထားရတဲ့ အတွက်၊ သူ့မှာ ဘယ်လို အကြံအစည်မျိုးတွေ ရှိနေတယ် ဆိုတာကို အခိုင်အမာ ညွှန်ပြနေတယ်လို့ ထည့်သွင်း ပြောသွားပါတယ်။

အဲဒီသူဟာ လူတွေကို ရသလောက် သတ်ဖြတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်ဖို့ အထိ ကြံရွယ်ထားသူ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ အဲဒီ လူငယ်ဟာ သူဘာတွေ လုပ်မလဲ ဆိုတာကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်လည်း တင်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လ အကုန်မှာ အလုပ်ကထွက်ခဲ့ပြီး၊ သူ့မှာ လုပ်စရာ အစီအစဉ် အကြီးကြီးတွေ ရှိနေတယ်လို့ တခြားသူတွေကို ပြောနေကြောင်း သိလာရတယ် ဆိုပြီး ညွှန်ကြားရေးမှူး ရုဖ်က ဆိုပါတယ်။

အဲဒီ အဓိက သံသယ တရားခံ လူငယ်ဟာ သြစတြီးယား မှာ မွေးတဲ့ သြစတြီးယား နိုင်ငံသား ဖြစ်ပြီး၊ မိဘတွေကတော့ မြောက် မက်ဆီဒိုနီးယားနိုင်ငံက လာသူတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ဖော် ပြောပါတယ်။

အဲဒီလူငယ်ဟာ IS အဖွဲ့ရဲ့ ဝါဒဖြန့်မှုတွေကို အွန်လိုင်းပေါ်ကနေ ကြည့်ရှု ဖြန့်ချိ နေခဲ့ပြီး၊ သူ့ရဲ့ ဝတ်ပုံစားပုံ နေပုံထိုင်ပုံတွေပါ လတ်တလော ပြောင်းလဲလာခဲ့တယ်လို့ ဆိုပါတယ်။

ပွဲချိန်နီးမှ ဖျက်သိမ်းကြောင်း ကြေညာခဲ့ရ

ပွဲချိန်နီးမှ ဖျက်သိမ်းကြောင်း ကြေညာခဲ့ရ

ဒုတိယ သံသယတရားခံကတော့ ၁၇ နှစ် အရွယ်ဖြစ်ပြီး သူလည်း တူရကီ ဒါမှမဟုတ် ခရိုအေးရှား နွယ်ဖွား သြစတြီးယား နိုင်ငံသားလို့ ဆိုပါတယ်။ ဂီတပွဲ လုပ်မယ့် အားကစားကွင်းကို ဝန်ဆောင်မှုတွေ ပေးတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေသူလို့ သိရပါတယ်။

နောက်ဆုံး တစ်ယောက်ကတော့ ၁၅ နှစ် အရွယ် ဖြစ်ပါတယ်။ အခုချိန်ထိအောင် စစ်မေးချက်တွေကို တုံ့ပြန်ဖြေဆိုဖို့ ငြင်းပယ်နေဆဲလို့ နားလည်ရပါတယ်။ သူ့ကို အားကစားကွင်း အနီးတဝိုက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ နောက်ထပ် ဖမ်းဖို့ လူ မ ရှိသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ရှိနေခဲ့တဲ့ သြစတြီးယား ပြည်ထဲရေးဝန်ကြီး ဂါဟာဂါနာက ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်မျိုး မပေါ်ပေါက်အောင် အခုလို ရှောင်ရှား နိုင်ခဲ့တာဟာ နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ အကူအညီကြောင့်လို့ ဆိုပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...