အမေရိကန်မှာ လူသတ်မှုနဲ့ တိမ်းရှောင်သွားသူက မက္ကဆီကိုနိုင်ငံမှာ ရဲအရာရှိအဖြစ် ဝင်ရောက်အမှုထမ်းနေ

Funny International News
အမေရိကန်မှာ လူသတ်မှုနဲ့ တိမ်းရှောင်သွားသူက မက္ကဆီကိုနိုင်ငံမှာ ရဲအရာရှိအဖြစ် ဝင်ရောက်အမှုထမ်းနေ

အမေရိကန်နိုင်ငံမှာ လူသေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုအတွက် နှစ် ၂၀ ကြာ အလိုရှိနေတဲ့ ရာဇဝတ်သားတစ်ဦးဟာ မက္ကဆီကိုနိုင်ငံမှာ ရဲအရာရှိအဖြစ် ဝင်ရောက်အမှုထမ်းနေကြောင်း တွေ့ရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလက ခရစ္စမတ်မတိုင်ခင် ၄ ရက်အလိုမှာ အန်တိုနီယွန်ရီယာနိုက အိုဟိုင်းအိုးပြည်နယ်၊ စင်စင်နတီမြို့မှ ဘားတစ်ခုမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အချင်းများခဲ့ပါတယ်။ သူတို့ဟာ လမ်းမပေါ်မှာ ရန်ဆက်ဖြစ်ခဲ့ပြီး ရီယာနိုက သေနတ်ထုတ်ကာပစ်ခတ်ခဲ့လို့ ပစ်ခံရသူ သေဆုံးသွားခဲ့ပါတယ်။

ရီယာနိုကို အမေရိကန်နိုင်ငံတစ်ဝန်း ပိုက်စိပ်တိုက် လိုက်ရှာခဲ့ပေမဲ့ မဖမ်းမိခဲ့ပါဘူး။ ရီယာနိုဟာ သူ့အစ်မရှိတဲ့ နယူးဂျာစီပြည်နယ်ကို အလည်အပတ် သွားရောက်ခဲ့ပြီးနောက်ပိုင်း နှစ် ၂၀ ကြာ ပျောက်ဆုံးသွားခဲ့တာပါ။ ရီယာနိုဟာ အမေရိကန်နိုင်ငံရဲ့ အလိုအရှိဆုံး ရာဇဝတ်သားများစာရင်းမှာ ပါဝင်နေပေမဲ့ နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ အာဏာပိုင်တွေက သူ့ကို အပူတပြင်း လိုက်ရှာခြင်း မရှိတော့ပါဘူး။ မကြာသေးခင်မှာတော့ စုံထောက်တစ်ယောက်က ရီယာနိုကို လူမှုကွန်ရက်ကနေ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ရီယာနို လူသတ်မှုကျူးလွန်ခဲ့ချိန်တုန်းက ဖေ့ဘွတ်ခ်လူမှုကွန်ရက် မပေါ်သေးပါဘူး။ ဒါပေမဲ့ သူ့အမှုကို ကိုင်တွယ်ခဲ့ဖူးတဲ့ စုံထောက် ပေါလ်နယူတန်က ရီယာနိုရဲ့ အမည်ကို ဖေ့ဘွတ်ခ်ပေါ်မှာ ရိုက်ရှာကြည့်ရင်း မက္ကဆီကိုနိုင်ငံ အောက်ဆာကာပြည်နယ်မှာ ရဲအရာရှိလုပ်နေတဲ့ ရီယာနိုကို တွေ့ရှိခဲ့တာပါ။

အမေရိကန်အာဏာပိုင်တွေက မက္ကဆီကိုအာဏာပိုင်တွေထံ ဆက်သွယ်စုံစမ်းကြည့်ချိန်မှာတော့ ရီယာနိုက ဇာပိုတီတလန်ပယ်မက်စ်ရဲဌာနမှာ အလုပ်လုပ်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ရီယာနိုကို ဖမ်းဆီး၊ လွှဲပြောင်းပေးဖို့ မက္ကဆီကိုအာဏာပိုင်တွေက သဘောတူညီခဲ့ပြီး သူ့ကို လူသတ်မှုနဲ့ အိုဟိုင်းအိုးပြည်နယ်ထံ ပို့ဆောင်ပေးခဲ့ပါတယ်။ အိုဟိုင်းအိုးပြည်နယ်ဥပဒေအရ လူသတ်မှုကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားတာပါ။ ရီယာနိုကတော့ လူသတ်မှု ကျူးလွန်ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပေမဲ့ အစိုးရရှေ့နေတွေကတော့ သူ့ရဲ့ဖြောင့်ချက်မလိုဘဲ ပြစ်ဒဏ်ချမှတ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ရီယာနိုအနေနဲ့ မက္ကဆီကိုနိုင်ငံမှာ ဘာကြောင့် ရဲအရာရှိအဖြစ် ဝင်လုပ်သလဲလို့ စစ်ဆေးမေးမြန်းရာမှာတော့ မက္ကဆီကိုပြည်သူတွေကို ကူညီချင်တာကြောင့်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...