ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေလျှော့ရာမှာ အသုံးဝင်နိုင်မဲ့ နည်းလမ်း (၁၀) ခု

Health Knowledge
ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေလျှော့ရာမှာ
အသုံးဝင်နိုင်မဲ့ နည်းလမ်း (၁၀) ခု

၁။ ကိုယ့်ကိုယ်ကို ကြင်နာပါ။

တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး “သူတို့ကရှေ့ရောက်နေပြီး ငါကဘာလို့ သူတို့လို မဖြစ်ရတာလဲ” ဆိုပြီး အပြစ်မတင်ပါနဲ့။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဆက်လျှောက် နေတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပါ။

၂။ အတိတ်ကအောင်မြင်ကျော်လွှားနိုင်ခဲ့တာတွေကို ပြန်အောက်မေ့ပါ။

အတိတ်တုန်းက ဒီလိုဖိစီးမှုတွေကို ကြုံခဲ့ဖူးပြီး အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဖူးမှာပါ၊ အဲဒီအချိန်တုန်းက ကိုယ်လုပ်ခဲ့တဲ့ နည်းလမ်းတွေဟာ အခု ရင်ဆိုင်နေရတဲ့ အခြေအနေအတွက် အတွေ့အကြုံကောင်းတွေဖြစ်နေမှာ သေချာပါတယ်။

၃။ အတတ်ပညာသစ်တွေကို သင်ယူပါ။

ဘဝတည်ငြိမ်နေချိန်မှာ comfort zone (သက်သောင့်သက်သာ အနေအထား) ကနေ ထွက်ပြီး တစ်ခုခုကို ရည်မှန်းချက်ထား ကြိုးစားသင်ယူသင့်ပါတယ်။ အခက်အခဲကြုံလာရပြီဆိုတာနဲ့ စွန့်စားရဲတဲ့ သတ္တိနဲ့ သင်ယူထားတဲ့ကျွမ်းကျင်မှုတွေက ကိုယ့်ကို ပိုပြီး အဆင်သင့်ဖြစ်စေနိုင်ပါတယ်။

၄။ သတင်းတွေနောက် လိုက်ပါတတ်တဲ့အကျင့်ကို ဖျောက်ပါ။

တစ်ခုခုကြောင့် စိတ်ဖိစီးနေတဲ့အခါ အဲဒီစိတ်ဖိစီးစရာအကြောင်းအရာကို ကျော်ပြီး ကြည့်မြင် ဖို့ ခက်ခဲနေတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စိတ်ဖိစီးမှုကိုပိုဆိုးစေမဲ့ ဆက်စပ်သတင်းတွေကို မပြီးနိုင် မစီးနိုင် လိုက်ရှာကြည့်နေခြင်းကို ရှောင်သင့်ပါတယ်။

၅။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေအတွက် ပူပန်နေခြင်းကို ရှောင်ပါ။

မသေချာမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ အဆိုးဆုံးဆိုတာတွေကိုချည်း သွားတွေးမိတတ်ပါတယ်။ ကိုယ်လည်း ဘာမှ မတတ်နိုင်တဲ့ အဆိုးတွေကိုချည်း ထပ်ခါထပ်ခါတွေးနေတတ်တဲ့အကျင့်ကို ပြင်ရပါမယ်။

၆။ ကိုယ့်ကိုယ်ကို မေးပါ။

တကယ်လို့ မိတ်ဆွေတစ်ယောက်မှာ အခုငါကြုံနေရတဲ့ အခက်အခဲမျိုးရှိနေတယ်ဆိုရင် ငါ ဘယ်လိုအကြံမျိုး ပေးမ လဲ၊ ဘယ်လိုစကားမျိုး ပြောမလဲ တွေးကြည့်ပါ။ ကိုယ့်အခြေအနေထဲကနေ ကိုယ့်ကိုယ်ကို ဆွဲထုတ်ပြီး တခြား ရှုထောင့်ကနေ မြင်ကြည့်တာဟာ အမြင်ကိုလည်းပြောင်းစေနိုင်သလို၊ အတွေးသစ်တွေကိုလည်းရစေနိုင်ပါတယ်။

၇။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

စားချိန် အိပ်ချိန် မှန်ဖို့ ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလည်းလုပ်ပါ။ စိတ်ဖိစီးမှုတွေကို သက်သာစေမဲ့ တရားထိုင်တာတို့၊ ယောဂလေ့ကျင့်ခန်း လုပ်တာတို့လည်း ကြိုးစားကြည့်သင့်ပါတယ်။

၈။ ယုံကြည်ရတဲ့သူတွေဆီက ဖေးမမှု ရယူပါ။

လူအများစုက စိတ်ဖိစီးမှုကြုံရင်၊ စိုးရိမ်သောကဖြစ်ရင် တစ်ယောက်တည်းနေတတ်ကြပေမဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့မှုက တကယ့်ကို အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်အပေါ် မေတ္တာရှိတဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေးနေပါ။

၉။ ကိုယ်လုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်ပါ။

ကိုယ်လုပ်နိုင်တာတွေကို အာရုံစိုက်ခြင်းကြောင့် ကိုယ့်ဘဝကိုယ်အစိုးရတယ်ဆိုတဲ့ ခံစားမှု ပိုရစေနိုင်ပါတယ်။ တစ်ပတ်စာ ဘာချက်ရမလဲ ကြိုအစီအစဉ်ဆွဲတာမျိုး၊ မနက်ဖြန်ဝတ်ဖို့ အဝတ်အစားကြိုပြင်တာမျိုးလို အင်မတန်မှ ရိုး ရှင်းလွယ်ကူတဲ့ အလုပ်တွေနဲ့ အစပြုပါ။ နေ့စဉ်ရှင်သန်ရာမှာ မြဲမြံတဲ့ပြုကျင့်ဖွယ်ရာတွေနဲ့အတူ ကိုယ့်ကိုယ်ကို စည်းစနစ်ကျနစွာနဲ့ သက်သောင့်သက်သာဖြစ်စေပါ။

၁၀။ လိုအပ်လာရင် အကူအညီရယူပါ။

စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေလျှော့ရာမှာ ခက်ခဲနေခဲ့ရင်၊ မသေချာမရေရာမှုကို ရင်ဆိုင်ကျော်လွှားရာမှာ ခက်ခဲနေခဲ့ပြီဆိုရင် အကူအညီတောင်းပါ။ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေလျှော့ဖို့ စိတ်ပညာရှင်တွေက ဆွေးနွေးကူညီ ပေးနိုင်ပါတယ်။

ရေးသားသူ – Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...