တိုင်တေနီယမ်စက်နှလုံးကို အောင်မြင်စွာ ခွဲစိတ်တပ်ဆင်ပေးနိုင်ခဲ့
ကျည်ဆန်ရထားတွေမှာ အသုံးပြုတဲ့နည်းပညာကို နမူနာယူပြီး ခန္ဓာကိုယ်ထဲမှာ သွေးတွေ စီးဆင်းစေဖို့ ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး တိုင်တေနီယမ်စက်နှလုံးကို တက္ကဆက်ပြည်နယ် နှလုံးသိပ္ပံဌာနဌာနက အောင်မြင်စွာ ခွဲစိတ်တပ်ဆင်ပေးနိုင်ခဲ့ပါပြီ။ Total Artificial Heart(TAH) လို့ အမည်ပေးထားတဲ့ စက်နှလုံးဟာ နှလုံးအစားထိုး ခွဲစိတ်ဖို့ စောင့်ဆိုင်းနေသူတွေ အချိန်ကြာကြာ ရှင်သန်နိုင်စေမယ့် မျှော်လင့်ချက်တစ်ခုလို့ ရှုမြင်ထားကြပါတယ်။
တက္ကဆက်ပြည်နယ် နှလုံးသိပ္ပံဌာနဟာ BiVACOR ဆေးဘက်ဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းပြီး စက်နှလုံးကို ဖန်တီးခဲ့တာပါ။ တိုင်တေနီယမ်သတ္တုနဲ့ တည်ဆောက်ထားတဲ့ စက်နှလုံးဟာ သံလိုက်စွမ်းအင်သုံး စက်ဒလက်နဲ့ သွေးတွေကို တွန်းလွှတ်ပေးတာဖြစ်ပြီး ရွှေ့လျားနေတဲ့ အစိတ်အပိုင်းတွေ မရှိတာကြောင့် အစိတ်အပိုင်း တစ်ခုနဲ့တစ်ခု တွန်းတိုက်မိတဲ့ ချွတ်ချော်မှုမျိုးကို ရှောင်လွှဲပြီးသား ဖြစ်စေပါတယ်။ ပွတ်တိုက်မှုလည်း မရှိသလို စက်ရဲ့ ရေရှည်အသုံးပြုနိုင်စွမ်းကိုလည်း တိုးမြင့်စေပါတယ်။
တိုင်တေနီယမ်စက်နှလုံးဟာ တစ်မိနစ်ကို သွေး ၁၂ လီတာနှုန်း တွန်းလွှတ်ပေးနိုင်ပြီး အရွယ်ရောက်ပြီးသူတစ်ယောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်စွမ်းရှိတဲ့ ပမာဏမျိုးအထိ သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ လူနာရဲ့ခန္ဓာကိုယ်ထဲ စက်နှလုံး အစားထိုး ခွဲစိတ်ထည့်သွင်းခဲ့တာဖြစ်ပြီး တက္ကဆက်ကျန်းမာရေးစင်တာရဲ့ ဘေလာစိန့်လုခ်ဆေးရုံမှာ လုပ်ဆောင်ခဲ့တာပါ။ နောက်ထပ် လူနာ ၄ ဦးကလည်း တိုင်တေနီယမ်စက်နှလုံး ခွဲစိတ်ထည့်သွင်းဖို့ စာရင်းပေးသွင်းထားကြပါတယ်။
ရေးသားသူ –Let Pan News
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။