ပဲရစ် မသန်စွမ်းအိုလံပစ် – လက်နှစ်ဖက်မရှိပေမဲ့ ရွှေတံဆိပ်ဆု အရယူမယ်ဆိုတဲ့မြားပစ်မယ်

International News Sports
ပဲရစ် မသန်စွမ်းအိုလံပစ် – လက်နှစ်ဖက်မရှိပေမဲ့ ရွှေတံဆိပ်ဆု အရယူမယ်ဆိုတဲ့မြားပစ်မယ်

မြားပစ်မယ် ရှီတဲလ် ဒေဝီတစ်ယောက် သူ့ရဲ့ လေးကိုင်းကို မ၊ လေးကိုင်းမှာ မြားတံကို ချိတ်၊ အဲဒီနောက် မီတာ ၅၀ (၁၆၄ ပေ) အကွာအဝေးမှာရှိတဲ့ပစ်မှတ်ဆီ မြားကို သေသေချာချာ ချိန်ရွယ်လိုက်ပါတယ်။ သူ့ရဲ့မျက်နှာမှာတော့ ဒီလိုချိန်ရွယ် ပစ်ခတ်ဖို့ အလေးအနက် အာရုံ စူးစိုက်ဟန် ပေါ်လွင်နေပါတယ်။

အိန္ဒိယက လေ့ကျင့်ရေးကျောင်းတစ်ကျောင်းမှာ သူနဲ့အတူတူ ယှဉ်ပြိုင်လေ့ကျင့်နေတဲ့ သူ့ရဲ့ပြိုင်ဘက်ကလည်း သူ့လိုပဲ အာရုံစိုက်နေတာတွေ့ရပါတယ်။

ကွာခြားချက်ကတော့ ဒေဝီ တစ်ယောက် ထိုင်ခုံပေါ်မှာ ထိုင်ပြီး မြားပစ်ရတာပါ။ ညာခြေထောက်နဲ့ လေးတံကို ကိုင်မြှောက်၊ လေးကြိုးကို ညာဘက်ပခုံးနဲ့ အနောက်ဘက်ဆွဲလိုက်ပြီး မေးရိုး အားနဲ့ မြားတံကို ပစ်လွှတ်ပါတယ်။

ဒီလိုမြားပစ်တဲ့အဆင့်ဆင့်မှာ မပြောင်းလဲတာကတော့ ဒေဝီရဲ့ တည်ငြိမ်တဲ့အမူအရာဖြစ်ပါတယ်။

ဂျမူးခရိုင် ဇာတိ အသက် ၁၇ နှစ်အရွယ် ဒေဝီဟာ ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး မွေးရာပါခြေလက် မပါဝင်တဲ့ ရှားပါးရောဂါတစ်မျိုး (phocomelia)နဲ့ မွေးဖွားလာသူပါ။ ဒီအခြေအနေကြောင့်ပဲ သူဟာ လက်နှစ်ဖက်မရှိဘဲ မြားပစ်နိုင်တဲ့ ပြိုင်ပွဲဝင်ဆဲ ကမ္ဘာ့မြားပစ်မယ်တစ်ဦးအဖြစ် ရှားရှားပါးပါး ရပ်တည်နိုင်သူ ဖြစ်လာပါတယ်။

အခုတော့ အာရှမသန်စွမ်းပြိုင်ပွဲက ရွှေတံဆိပ်ဆုရှင် ဒေဝီဟာ သြဂုတ် ၂၈ ရက်နေ့မှာ ပဲရစ်မြို့မှာကျင်းပမယ့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ မှာယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

“ရွှေတံဆိပ်ရဖို့ ကျွန်မ စိတ်အားထက်သန်နေပြီ” လို့ ဒေဝီက ပြောပါတယ်။ “(အခု မတိုင်ခင်အထိတော့) ဆုတံဆိပ်ကိုမြင်တာနဲ့ အဲဒီဆုကို ကျွန်မအမြဲအရယူနိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ပိုပြီး နိုင်ရမယ်ဆိုတဲ့ စိတ်ရှိလာတယ်၊ ဒါပေမဲ့ အခုတော့ အစပဲရှိပါသေးတတယ်”

ကမ္ဘာ့ပြိုင်ပွဲအတွက် ပစ်ခတ်ဖို့လေ့ကျင့်နေတဲ့ ရှီတဲလ် ဒေဝီ ကို မြားပစ်လေ့ကျင့်နေတာတွေ့ရတာဖြစ်ပါတယ်

ကမ္ဘာ့ပြိုင်ပွဲအတွက် ပစ်ခတ်ဖို့လေ့ကျင့်နေတဲ့ ရှီတဲလ် ဒေဝီ ကို မြားပစ်လေ့ကျင့်နေတာတွေ့ရတာဖြစ်ပါတယ်

,ဒေဝီဟာ မွေးရာလက်နှစ်ဖက် အင်္ဂါ စုံစုံလင်လင် မပါဝင်တဲ့ ရှားပါးရောဂါတစ်မျိုး (phocomelia) နဲ့ မွေးဖွားလာခဲ့

အခုနှစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ မှာ ကမ္ဘာတလွှားက အားကစားသမားအယောက် ၄,၄၀၀ ဝန်းကျင်ထဲက အားကစားပေါင်း ၂၂ မျိုးမှာ ပါဝင် ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။

မြားပစ်ပြိုင်ပွဲဟာ မသန်စွမ်းအိုလံပစ်စတင်တဲ့ ၁၉၆၀ ခုနှစ်ကတည်းက ပါဝင်လာတဲ့ အားကစားနည်းဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုတွေကို ဗြိတိန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က ရရှိဖူးပေမဲ့ အိန္ဒိယကတော့ မြားပစ်အားကစား ဝင်ပြိုင်တဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲပေါင်း ၁၇ ကြိမ်မှာ ကြေးဆုကိုတောင် တစ်ကြိမ်ပဲ ရရှိထားပါသေးတယ်။

မသန်စွမ်းမြားပစ်သမားတွေကို သူတို့ရဲ့မသန်စွမ်းမှုပေါ်မူတည်ပြီး ပြိုင်ပွဲအုပ်စုလိုက် ပြိုင်ပွဲဝင်စေပါတယ်။

မသန်စွမ်းမြားပစ်မောင်မယ်တွေ ပစ်လွှတ် ချိန်တွယ်ရတဲ့အကွာအဝေးကလည်း ကွဲပြားပါတယ်။ အားကစားသမားတွေကို ကူညီထောက်ပံ့ပေးရတဲ့ ဝှီးလ်ချဲ (ဘီးတပ်ကုလားထိုင်)နဲ့ ခွေးခြေ၊ လေးကြိုးစွဲနိုင်ဖို့ လက်ပတ်စတာတွေလို အထောက်အကူပစ္စည်းတွေ အသုံးပြုတာကို မူတည်ပြီးတော့ ပစ်ရမယ့် အကွာအဝေးကို ပိုင်းခြားသတ်မှတ်တာဖြစ်ပါတယ်။

“W 1” ဆိုတဲ့ အမျိုးအစားမှာပါဝင်ယှဉ်ပြိုင်တဲ့ မြားပစ်အားကစားသမားတွေဟာ ဝှီးလ်ချဲအသုံးပြုသူတွေဖြစ်ကြပြီး ခြေနှစ်ဖက် လက်နှစ်ဖက် ပြည့်ပြည့်စုံစုံမရှိသူတွေ၊ နောက်ပြီး ကြွက်သားသန်စွန်းမှုအားနည်းတာ၊ လှုပ်ရှားမှု ဒါမှမဟုတ် ကိုယ်ခန္ဓာ ဟန်ချက်ညီမှုအပိုင်းမှာ လျော့ပါးတာမျိုး တစ်ခုမဟုတ်တစ်ခုဖြစ်နေသူတွေကို ပါဝင်ယှဥ်ပြိုင်စေတာဖြစ်ပါတယ်။

ကန့်သတ်မထားတဲ့မသန်စွမ်းမြားပစ်ပြိုင်ပွဲမှာတော့ ကိုယ်ခန္ဓာအပေါ်ပိုင်းဖြစ်စေ၊ အောက်ပိုင်းဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုဖြစ်စေချို့ယွင်းနေသူပြီး ဝှီးလ်ချဲအသုံးပြုရသူတွေ၊ မတ်တပ်ရပ်ပြီး မြားပစ်ဖို့ ကိုယ်ခန္ဓာဟန်ချက်မထိန်းနိုင်သူတွေနဲ့ ခုံပေါ်မှာသာ ထိုင်နိုင်သူတွေပါဝင်ယှဥ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲပေါ်မူတည်ပြီး ပစ်ခတ်ရလွယ်ကူပြီး အားစိုက်ထုတ်ရတာသက်သာတဲ့ recurve ဒါမှမဟုတ် compound အမျိုးအစား “လေးကိုင်း” တွေကို အသုံးပြုကြပါတယ်။

မြားပစ်ချိန်မှာ လေးကိုကွေးညွတ်နိုင်ဖို့ ကြိုးနဲ့ ပူလီပါဝင်တဲ့ လီဗာစနစ်အသုံးပြု compound လေးနဲ့ယှဉ်ပြိုင်သူတွေထဲ ဒေဝီဟာ ကမ္ဘာ့အဆင့် နံပါတ်တစ်မှာ ရပ်တည်နေသူပါ။

၂၀၂၃ ခုနှစ်တုန်းက ကမ္ဘာ့ မသန်စွမ်းမြားပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်အရယူနိုင်ခဲ့တာက ပဲရစ် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်နိုင်ဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

ပြင်သစ်မသန်စွမ်းအိုလံပစ်ပွဲမှာတော့ ကမ္ဘာအဆင့်သုံး ဂျိမ်း ခါလာ ဂိုဂဲလ်၊ မြားပစ် ကမ္ဘာ့ဖလားချန်ပီယံ အိုဇူနို ခရူရာတို့လို ပြိုင်ဘက်တွေနဲ့တွေ့ဆုံရမှာဖြစ်ပြီး ခက်ခဲတဲ့ပြိုင်ပွဲကို ရင်ဆိုင်ရမှာပါ။

အာရှ မသန်စွမ်းအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ ဒေဝီ
ဒေဝီ့ အကြောင်းကောင်းကောင်းသိသူတွေအတွက်ကတော့ သူဟာ အားကစားပြိုင်ပွဲမှာယှဉ်ပြိုင် အနိုင်ယူဖို့ မွေးဖွားလာသူလို့ ညွှန်းဆိုကြပါတယ်။

“ရှီတဲလ်(ဒေဝီ)က မြားပစ်သမားဖြစ်လာဖို့ရွေးချယ်ခဲ့တာမဟုတ်ဘူး၊ မြားပစ်အားကစားက ရှီတဲလ်ကို ရွေးချယ်ခဲ့တာလေ” လို့ ဒေဝီရဲ့ နိုင်ငံ့ကိုယ်စားပြုအသင်းနည်းပြ နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ အဘူလက်ရှာခ် ချောင်ဒရီက ပြောပါတယ်။

ရွာငယ်လေးတစ်ရွာက လယ်သမားမိသားစုကနေ မွေးဖွားခဲ့တဲ့ ဒေဝီဟာ သူ့အသက် (၁၅) နှစ်အရွယ်အထိ လေးနဲ့မြားကို မမြင်ဖူးခဲ့ပါဘူး။

အိမ်နီးချင်းတစ်ဦးရဲ့ ထောက်ခံပေးမှုနဲ့ သူ့ရဲ့မွေးရပ်မြေကနေ ကီလိုမီတာ ၂၀၀(၁၂၄ မိုင်) နီးပါးအကွာအဝေးက ဂျမူးခရိုင်၊ ကတ်ထရာမြို့မှာ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ရှရီမာတာဗစ်နိုး ဘုရားကျောင်းဂေါပကက ကြီးမှူးတဲ့ အားကစားပြိုင်ပွဲကို လာရောက်ကြည့်ရှုခဲ့ရာကနေ သူ့ဘဝ အပြောင်းအလဲ ဖြစ်ခဲ့တာပါ။

အဲဒီမှာ သူ့ကို မြားပစ်အားကစားကမ္ဘာ့အကြောင်း မိတ်ဆက်ပေးမယ့် ချောင်ဒရီရော ဒေဝီရဲ့ နောက်ထပ်နည်းပြတစ်ဦးဖြစ်တဲ့ ကူဒီ ဗက်ဝမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် စခန်းသွင်းလေ့ကျင့်ဖို့အတွက် ကတ်ထရာမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒေဝီရဲ့ ခိုင်မာရဲရင့်မှုကို သဘောကျခဲ့တာလို့ နည်းပြတွေက ပြောပါတယ်။

စိန်ခေါ်မှုတွေကြီးမားခဲ့ပါတယ်။ ဒေဝီ့ခြေထောက်တွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို အသန်မာဆုံးဖြစ်အောင်လေ့ကျင့်ဖို့ လိုအပ်တယ်လို့ သူတို့မြင်ခဲ့ကြပြီး အဆုံးမှာတော့ ကြိုးစားမှုတွေ အရာထင်ခဲ့ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ သစ်ပင်တက်တာ၊ စာရေးတာအပါအဝင် လှုပ်ရှားမှုတော်တော်များများကို ခြေထောက်နဲ့ နှစ်ရှည်လများ အသုံးပြုခဲ့တာကနေ ကြံ့ခိုင်မှုရခဲ့တယ်လို့ ဒေဝီက ပြောပါတယ်။

ဒါတွေကြောင့်ပဲ မြားပစ်သမားအဖြစ် အသက်မွေးဖို့ ဒေဝီ ဆုံးဖြတ်တဲ့အခါ သူ စွမ်းနိုင်ပါ့မလားဆိုပြီး သံသယရှိခဲ့ပါတယ်။

“မဖြစ်နိုင်ဘူးလို့ ကျွန်မ ခံစားမိခဲ့တယ်” လို့ ဒေဝီက ပြောပါတယ်။ “ကျွန်မခြေထောက်‌တွေ အရင်က အရမ်းနာခဲ့တာ။ ဒါပေမဲ့ တနည်းတဖုံနဲ့ပဲ လုပ်နိုင်ခဲ့တယ်”

သူစိတ်ဓာတ်ကျနေချိန်တိုင်း ခြေထောက်ကို အသုံးပြုပြီး အထူးပြုလုပ်ထားတဲ့ လေးမြားနဲ့ပစ်ခတ် လေ့ရှိတဲ့ နာမည်ကျော် အမေရိကန်မြားပစ်အားကစားသမား မက် တူဇူမန်းကို ကြည့်ပြီး အတုယူလေ့ရှိပါတယ်။

မက် တူဇူမန်းအသုံးပြုသလို မြားပစ်ပစ္စည်းကိရိယာတွေကို ဒေဝီကို မိသားစုက မဝယ်ပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ နည်းပြ ဗက်ဝမ်က ဒေဝီ့အတွက် လေးကိုင်းတစ်ခုကို ကိုယ်တိုင်ပြုလုပ်ပေးခဲ့ပါတယ်။

ဒေဝီ့ လိုအပ်ချက်တစ်ခုချင်းစီနဲ့ ကိုက်အောင် အကူအညီကိရိယာတွေကို သူတို့အရပ်က ပန်းပဲဖိုမှာပဲ ဒေသထွက်ပစ္စည်းတွေနဲ့ နည်းပြဖြစ်သူက ဖန်တီးပေးခဲ့ပါတယ်။

အဲဒီအထူးပြုလုပ်ထားတဲ့ တန်ဆာပလာမှာဆိုရင် ကြိုးလွယ်အိတ်တွေမှာသုံးတဲ့ ကြိုးနဲ့ပြုလုပ်ထားတဲ့ ကိုယ်သိုင်း ကပ်ခွာကြိုး၊ ဒေဝီတစ်ယောက် မြားတံကို ပစ်လွှတ်နိုင်အောင် အထောက်အကူပေးပြီး ပါးစပ်နဲ့ ကိုက်နိုင်တဲ့ ပစ္စည်းသေးသေးလေးတစ်ခုလည်း ပါဝင်ပါတယ်။

ရှီတဲလ် ဒေဝီနဲ့ နည်းပြဖြစ်သူ ကူဒီ ဗက်ဝမ် ကို ဆုတံဆိပ်နဲ့အတူ မြင်တွေ့ရတာဖြစ်ပါတယ်။

နည်းပြ ဗက်ဝမ် က ဒီဗီ့အတွက် လေးတစ်ခုကို ကိုယ်တိုင်ပြုလုပ်ပေးခဲ့

ဒါပေမဲ့ တကယ့်စိန်ခေါ်ချက်က သူ့ခြေထောက်တွေကို သုံးနိုင်တယ်ဆိုတာထက် ဒီခြေထောက် နှစ်ချောင်းနဲ့အတူ မြားပစ်အားကစားမှာ ရေရှည်သုံးနိုင်မယ့် စနစ်ကောင်းကောင်းတစ်ခုခု ရှိလာအောင် ဘယ်လို ကြံဆကြမလဲဆိုတာပါ။

“သူ့ခြေထောက်တွေရဲ့ သန်မာမှုကို ဘယ်လိုဟန်ချက်ညီအောင်လုပ်ကြမလဲဆိုတာကို ကျွန်တော်တို့ စီမံခဲ့ကြပါတယ်။ ဒီသန်မာမှုကို အခြေခံပြီး နည်းစနစ်ကျကျ ဘယ်လို မွမ်းမံအသုံးပြုမလဲဆိုတာလည်း ပါဝင်တာပေါ့” လို့ နည်းပြ ချောင်ဒရီက ရှင်းပြပါတယ်။ “ဒေဝီ့မှာ သန်မာတဲ့ခြေထောက်တွေရှိတယ်ဆိုပေမဲ့ မြားပစ်ဖို့ ခြေထောက်တွေကို မြားတံကို ပစ်ဖို့ ကျောဘက်ကို ဘယ်လိုလုပ်ကြမလဲဆိုတာကို သိအောင် လုပ်ခဲ့ကြရတယ်”

(၅) မီတာအကွာမှာရှိတဲ့ ပစ်မှတ်ထိအောင် ပစ်ခတ်နိုင်ဖို့ ရာဘာကြိုး ဒါမှမဟုတ် လေ့ကျင့်ခန်းသုံးကြိုးတွေကို သုံးကာ ဒေဝီ့ရဲ့ လေ့ကျင့်ခန်းကို စတင်ခဲ့ရာကနေ သူတို့သုံးဦးသားရဲ့ မြားပစ်လေ့ကျင့်ရေးခရီးစဉ် အစပြုခဲ့ပါတယ်။

ဒေဝီတစ်ယောက် မြားပစ်တာနဲ့ပတ်သက်ပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိလာတာနဲ့အမျှ ခက်ခဲတဲ့အဆင့်တွေကို လေ့ကျင့်ခဲ့ကြပါတယ်။ လေးလအတွင်းမှာပဲ compound လေး အမျိုးအစားသုံးပြိုင်ပွဲက သတ်မှတ်ချက်တွေအတိုင်း မီတာ(၅၀) အကွာမှာရှိတဲ့ ပစ်မှတ်ကို ပုံမှန်လေးကိုအသုံးပြုပြီး ဒေဝီ တစ်ယောက် ပစ်ခတ်နိုင်ခဲ့ပါပြီ။

မလှမ်းမကမ်းအကွာအဝေးကို မြားတစ်ချောင်းရောက်အောင် ပစ်ခတ်ရာကနေ မြားပစ်အားကစားကို စတင်လေ့လာခဲ့တဲ့ဒေဝီဟာ ၂ နှစ်အတွင်းမှာပဲ ပစ်မှတ်ကို အနီးကပ်ဆုံးပစ်ခတ်နိုင်တဲ့နိုင်စွမ်းကို အခြေခံပြီး သတ်မှတ်တဲ့ ၁၀ မှတ်မှာ ၆ မှတ်အထိ ရအောင် ပစ်နိုင်တဲ့အထိ ဖြစ်လာပါတယ်။ ဒီလို ပစ်ခတ်နိုင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ်၊ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲမှာ အမျိုးသမီးတစ်ဦးချင်း compound လေးအသုံးပြု ပစ်ခတ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မြားပစ်အမှတ်ပေးစနစ်ကို ပြန်ပြောရရင်တော့ ပစ်မှတ်ပြားပေါ်မှာရှိတဲ့ အမည်းစက်ပေါ်ကို မြားတစ်ချက် ပစ်လိုက်တဲ့အခါ အဲဒီမြားဟာ အဲဒီအမည်းစက်အပေါ် အနီးကပ်ဆုံးပစ်နိုင်ရင် အများဆုံးအမှတ်က ၁၀ မှတ်ဖြစ်ပါတယ်။

“၉ မှတ်အထိရအောင် ပစ်နိုင်တယ်ဆိုရင်တောင် နောက်တစ်ခါ ငါ ၁၀ မှတ်ရအောင် ဘယ်လိုပစ်မလဲဆိုတာမျိုးပဲ တွေးတဲ့အထိဖြစ်တယ်” လို့ ဒေဝီက ပြောပါတယ်။

ဒါဟာ အလုပ်ကြိုးစားရုံနဲ့မကပါဘူး။ အားကစားသမားအဖြစ် သူ့ရဲ့ ရင်းနှီးပေးဆပ်ထားတာတွေလည်းပါဝင်ပါတယ်။

လေ့ကျင့်ရေးဆင်းဖို့ ကတ်ထရာမြို့ကိုပြောင်းရွှေ့ပြီး နှစ်နှစ်အတွင်း အိမ်ကို တစ်ကြိမ်လေးတောင် မပြန်နိုင်ခဲ့ဘူးလို့ ဒေဝီက ပြောပါတယ်။

မသန်စွမ်းအိုလံပစ်ပြိုင်ပွဲပြီးရင်တော့ အိမ်ပြန်နိုင်ဖို့သူစီစဉ်ထားတဲ့အကြောင်း “ဆုတံဆိပ်နဲ့အတူ အိမ်ပြန်နိုင်ဖို့မျှော်လင့်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် အမှတ်များများရတဲ့ အကောင်းဆုံးပစ်ခတ်မှုလုပ်နိုင်ဖို့ သူ စိတ်ပိုင်းဖြတ်ထားပါတယ်။

“စွမ်းဆောင်နိုင်မှုအပိုင်းနဲ့ပတ်သက်လာရင် လူတိုင်းမှာ အကန့်အသတ်ရှိတယ်ဆိုတာမျိုးကို ကျွန်မ မယုံပါဘူး။ ကိုယ်လိုချင်တာကို လိုချင်စိတ်နဲ့ ခက်ခဲလည်း စွမ်းသမျှ ကြိုးပမ်းနေဖို့ပဲလိုပါတယ်”

“ကျွန်မတောင် လုပ်နိုင်တယ်ဆိုရင် ဘယ်သူမဆိုလုပ်နိုင်မှာပါပဲ”

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...