မြန်မာသင်္ဘောသားတစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့တဲ့ဆီစလီကျွန်းဇိမ်ခံရွက်လှေ နစ်မြုပ်မှုက အလောင်း ၅ လောင်းတွေ့ထား
ပျောက်ဆုံးနေသူ ၆ ဦးထဲက ၅ ဦးအလောင်းကို ပြီးခဲ့တဲ့ရက်တွေအတွင်း တွေ့ထားပါတယ်
အီတလီနိုင်ငံက နာမည်ကျော် ဆီစလီကျွန်း ကမ်းလွန်မှာ နစ်မြုပ်သွားတဲ့ဇိမ်ခံရွက်လှေကနေ မြန်မာသင်္ဘောသားတစ်ဦးအပါအဝင် လူပေါင်း ၁၅ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့ ပျောက်ဆုံးနေသူ ၆ ဦးထဲက ၅ ဦး ရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်လျက် ပြန်ကယ်ဆယ်ထားနိုင်တဲ့ မြန်မာသင်္ဘောသားဟာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုမြင့်ထွန်းကျော်ဖြစ်တယ်လို့ အီတလီမီဒီယာတွေက သတင်းဖော်ပြပါတယ်။
ဘေဇီယမ်လို့ခေါ်တဲ့ အဲဒီရွက်လှေဟာ ဆီစလီကျွန်းကမ်းလွန်မှာ လေဆင်နှာမောင်းကြောင့် တနင်္လာနေ့တုန်းက နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
ဘေးတစ်စောင်းနစ်မြုပ်သွားတဲ့ရွက်လှေ စုံးစုံးနစ်မြုပ်တာမဖြစ်ခင် အရေးပေါ် အကူအညီတောင်းခံခဲ့တာကြောင့် အနီးနားမှာရှိတဲ့ သင်္ဘောတစ်စီးက ကူညီကယ်ဆယ်ခဲ့လို့ မြန်မာ သင်္ဘောသားနဲ့ ခရီးသည်တွေအပါအဝင် လူပေါင်း ၁၅ ဦး အသက်ရှင်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ
ကိမ်းဘရစ် နျူရိုဒိုင်နဲမစ်နဲ့ အော်တိုနိုမီကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင် မိုက်လင့်ချ်
အသက် ၁၈ နှစ်အရွယ် သူ့ရဲ့သမီး ကျောင်းသူ ဟန်နာ လင့်ချ်
မော်ဂန်စတန်လေ နိုင်ငံတကာ ဘဏ် ဥက္ကဋ္ဌ ဂျွန်နသန် ဘလွန်မာ
သူ့ဇနီး ဂျူဒီ ဘလွန်မာ
ကလစ်ဖော့ ချန့်စ် ဥပဒေကုမ္ပဏီလုပ်ငန်းလုပ်ဖက် ခရစ် မာဗီလို
သူ့ဇနီး လက်ဝတ်ရတနာဖန်တီးသူ နီဒါ မာဗီလို တို့ ဖြစ်ကြပါတယ်။
မြေထဲပင်လယ်ကမ်းလွန် ရေပိုင်နက် မီတာ ၅၀ အောက်မှာ ဘေးစောင်းပုံစံနဲ့ နစ်မြုပ်နေတဲ့ ရွက်လှေထဲကနေ ၃ ရက်အတွင်း အလောင်း ၅ လောင်းကို အီတလီ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေ့ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
ရေးသားသူ -BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။