ယူကရိန်းတပ်တွေ ရုရှားထဲ ဝင်တိုက်နေတာကို သမ္မတ ဇလန်းစကီး အတည်ပြု

International News
ယူကရိန်းတပ်တွေ ရုရှားထဲ ဝင်တိုက်နေတာကို သမ္မတ ဇလန်းစကီး အတည်ပြု

ရုရှားနဲ့နယ်စပ်မှာရှိတဲ့ ယူကရိန်း ဒေသ ဆုမိမှာ သြဂုတ်လ ၁၀ ရက်တုန်းက မြင်တွေ့ရတဲ့ ယူကရိန်းတင့်ကားနဲ့ တပ်ဖွဲ့ဝင်တွေ

ရုရှားနဲ့နယ်စပ်မှာရှိတဲ့ ယူကရိန်း ဒေသ ဆုမိမှာ သြဂုတ်လ ၁၀ ရက်တုန်းက မြင်တွေ့ရတဲ့ ယူကရိန်းတင့်ကားနဲ့ တပ်ဖွဲ့ဝင်တွေ

ယူကရိန်းစစ်တပ်ဟာ ရုရှားနိုင်ငံအနောက်ပိုင်းက ကော့စ်ခ်ဒေသအတွင်းပိုင်းကို ဝင်ရောက် ထိုးစစ်ဆင်နေတာကို သူသိရှိတဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပထမဆုံးအကြိမ် ပြောလာပါတယ်။

စနေနေ့တုန်းက ပြုလုပ်တဲ့ ညစဥ်ပြောနေကျ ရုပ်သံမိန့်ခွန်းမှာတော့ မစ္စတာ ဇလန်းစကီးက ယူကရိန်း စစ်တပ်ဟာ ”ကျူးကျော်သူရဲ့ ပိုင်နက်ထဲကို” စစ်ပွဲ စစ်နွှဲနေတယ်လို့ သုံးနှုန်းပြောဆိုပါတယ်။

ယူကရိန်းဘက်က ရုရှားကို အလစ်အငိုက် ပြန်တိုက်ပြီး ရုရှား-ယူကရိန်း နှစ်နိုင်ငံနယ်စပ်မှာနေထိုင်သူတွေ အကြီးအကျယ်နေရာရွှေ့ပြောင်းရမှုဖြစ်အပြီး ၅ ရက်အကြာမှာ ဒီလိုအခြေအနေ ဖြစ်လာတာပါ။

ယူကရိန်းနိုင်ငံထဲမှာတော့ မြို့တော် ကိယက်ဗ်နဲ့ ဆုမိ ဒေသတွေဟာ တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ရုရှားရဲ့လေကြောင်း တိုက်ခိုက်တာခံခဲ့ရတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားကလည်း ယူကရိန်းနဲ့နယ်စပ်ကို တင့်ကားတွေ၊ ဒုံးပစ်စင်တွေပါ အင်အားဖြည့် ဖြန့်ကြက် ပို့ဆောင်နေ

ရုရှားကလည်း ယူကရိန်းနဲ့နယ်စပ်ကို တင့်ကားတွေ၊ ဒုံးပစ်စင်တွေပါ အင်အားဖြည့် ဖြန့်ကြက် ပို့ဆောင်နေ

အဲဒီတိုက်ခိုက်မှုအတွင်း အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့ ၄ နှစ်အရွယ် ကလေးတစ်ဦးတို့ ကိယက်ဗ်မြို့မှာ thayဆုံးခဲ့တယ်လို့ ယူကရိန်းအရေးပေါ် အခြေအနေ ကယ်ဆယ်ရေးအဖွဲ့တွေက တနင်္ဂနွေမှာ ပြောပါတယ်။

နောက်ထပ် လူ ၃ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးပါဝင်တယ်လို့ တယ်လီဂရမ်မှာ ကြေညာတဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကို ကတော့ လေကြောင်းကာကွယ်ရေးစနစ်တွေ လည်ပတ်နေပြီး အရပ်သားတွေအနေနဲ့ လေကြောင်းရန် ဘေးကင်းခိုလှုံရာနေရာတွေမှာနေထိုင်ကြဖို့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ တယ်လီဂရမ်မှာရေးသားပြောဆိုထားပါတယ်။

စနေနေ့တုန်းက ပြုလုပ်တဲ့ မိန့်ခွန်းမှာတော့ မစ္စတာ ဇလန်းစကီးက ယူကရိန်းရဲ့ ”သူရဲကောင်းတွေ”ကို ကျေးဇူးတင်ကြောင်း ပြောသလို ရုရှားနိုင်ငံထဲမှာလုပ်တဲ့စစ်ဆင်ရေးအတွက် ယူကရိန်းရဲ့ အကြီးတန်း စစ်ဘက်ဆိုင်ရာတပ်မှူး အိုလက်ဇန်းဒရား ဆူစကီနဲ့ ဆွေးနွေးထားတယ်လို့လည်း သမ္မတက ပြောပါတယ်။

”ယူကရိန်းဟာ တရားမျှတမှု ပြန်လည် ဖော်ဆောင်နိုင်ဖို့နဲ့ ကျူးကျော်သူကို ထိုက်သင့်တဲ့ဖိအားပေးဖို့ ဒီလိုလုပ်ဆောင်ရတာဖြစ်ပါတယ်” လို့ သူက ထပ်လောင်းပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံအတွင်းပိုင်း ၁၀ ကီလိုမီတာ(၆ မိုင်)အထိ ကျွံဝင် တိုက်ခိုက်နေပြီး ရုရှားရဲ့ဒေသတွင်း မြို့ငယ်တစ်ခုကို သိမ်းဖို့အထိ ခြိမ်းခြောက်ထားနိုင်တဲ့အခြေအနေ လို့ သတင်းတွေကဖော်ပြပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက စစ်အင်အားအပြည့်နဲ့ ကျူးကျော်မှု စတင်ကတည်းကဆိုရင် ရုရှားပိုင်နက်ထဲအရောက်ဆုံး ထိုးဖောက်မှုဖြစ်လာပါတယ်။

ကော့စ်ခ်ဒေသတွင်းမှာတော့ တနင်္ဂနွေနေ့ မနက် အစောပိုင်းမှာ လူ ၁၃ ဦးထက်မနည်း ဒဏ်ရာရထားတာရှိပြီး အဲဒီထဲမှာ ၂ ဦးက ဒဏ်ရာပြင်းတယ်လို့ ဒေသ ယာယီအုပ်ချုပ်ရေးမှူး အဲလက်ဇီ ဆီမာနော့ဗ် ကပြောပါတယ်။

နယ်စပ်ဒေသကနေ လူပေါင်း ၇၆,၀၀၀ ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ထားတယ်လို့ ရုရှားနိုင်ငံပိုင် Tass သတင်းအေဂျင်စီက သတင်းဖော်ပြပြီး မစ္စတာ ဆီမာနော့ဗ်ကတော့ အရပ်သားတွေကို ဘေးလွတ် မြန်မြန်ပြောင်းရွှေ့နိုင်ဖို့ အာဏာပိုင်တွေကို အမိန့်ပေးထားတယ်လို့ သိရပါတယ်။

ယူကရိန်းဘက်က ရုတ်တရက် နယ်စပ်ဖြတ်ကျော် ကျူးကျော်မှုကို တုံ့ပြန်ဖို့ဆိုပြီး ရုရှားအမျိုးသားအကြမ်းဖက်မှုတန်ပြန်ရေးကော်မတီဟာ ဒေသ ၃ ခုနှာ် ”အကြမ်းဖက်မှုတန်ပြန် စစ်ဆင်ရေး” စတင် ကျင့်သုံးနေပါတယ်။

ဒါကြောင့် နယ်စပ်က ကော့စ်ခ်၊ ဘဲဂရတ်နဲ့ ဘရန့်စ်ခ် ဒေသတွေမှာ အာဏာပိုင်တွေဟာ လူတွေနဲ့ ယာဥ်တွေ သွားလာ လှုပ်ရှားခွင့်ကို ကန့်သတ်တာ၊ ဖုန်းအသုံးပြုတာကို ထောက်လှမ်းတာနဲ့ တခြား အစီအမံ တွေကို ပြုလုပ်နိုင်တဲ့အခြေစိုက်သွားပါတယ်။

ယူကရိန်း စစ်သားတွေကို ရုရှားမြို့ဖြစ်တဲ့ ဆု့ဂျာက ဂတ်စ်ပရွန် ဓာတ်ငွေ့ စက်ရုံမှာမြင်တွေ့ရတဲ့ ရုပ်သံတစ်ခု ထွက်ပေါ်နေ

ယူကရိန်း စစ်သားတွေကို ရုရှားမြို့ဖြစ်တဲ့ ဆု့ဂျာက ဂတ်စ်ပရွန် ဓာတ်ငွေ့ စက်ရုံမှာမြင်တွေ့ရတဲ့ ရုပ်သံတစ်ခု ထွက်ပေါ်နေ

ရုရှားကတော့ ယူကရိန်းတပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်ဟာ တင့်ကားတွေ၊ သံချပ်ကာယာဥ်တွေနဲ့အတူ ကော့စ်ခ် ဒေသထဲကို အင်္ဂါနေ့ကတည်းက ဝင်ရောက်လာတာလို့ပြောပါတယ်။

အဲဒီကတည်းက ယူကရိန်းတပ်ဟာ ကျေးရွာအချို့ကို သိမ်းထားပြီးပြီလို့ သတင်းတွေက ဖော်ပြသလို ဒေသတွင်းမြို့ ဆု့ဂျာ(Sudzha)ကိုလည်း သိမ်းဖို့ ခြိမ်းခြောက်ထားနိုင်တဲ့အခြေအနေလို့ ဆိုပါတယ်။

သောကြာနေ့တုန်းကတော့ လက်နက်ကိုင် ယူကရိန်းစစ်သားတွေဟာ အဲဒီမြို့နဲ့ ဂတ်စ်ပရွန်ကုမ္ပဏီပိုင် ရုရှားဓာတ်ငွေ့ စက်ရုံအဆောက်အအုံတစ်ခုကိုလည်း ထိန်းချုပ်လိုက်ပြီလို့ ယူဆနိုင်တဲ့ရုပ်သံတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ ဘီဘီစီ အချက်အလက်စိစစ်ရေးအဖွဲ့(BBC Verify) က လေ့လာချက်အရ အဲဒီရုပ်သံဟာ ယူကရိန်းနဲ့ နယ်စပ် ၇ ကီလိုမီတာအကွာ ဆု့ဂျာမြို့ ဆင်ခြေဖုံးအရပ် အနောက်မြောက်ပိုင်းမှာရှိတဲ့ ဂတ်စ်ပရွန် အဆောက်အအုံဖြစ်တယ်ဆိုတာကို အတည်ပြုထားနိုင်ပါတယ်။

ရုရှားစစ်တပ်ဘက်က သတင်းတွေကို ဖော်ပြနေတဲ့ ဘလော်ဂါတွေကတော့ အဲဒီမြို့ဟာ မော်စကိုရဲ့ လက်ထဲမှာပဲ ရှိနေတယ်လို့ အစောပိုင်းမှာ ပြောထားတာဖြစ်ပါတယ်။

BBC Verify ဟာ သောကြာနေ့ တစ်နေ့တည်းမှာပဲ မနက်ပိုင်းတုန်းက ထွက်ပေါ်လာတဲ့ ရုပ်သဲတစ်ခုရဲ့ တည်နေရာကို စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒါကတော့ မီးလောင်နေတဲ့ ယာဥ် ၁၅ စီးပါ ရုရှား ယာဥ်တန်းဟာ အပျက်အစီးတွေနဲ့ စွန့်ပစ်ခံထားရပါတယ်။ အဲဒီအပျက်အစီးတွေကိုတော့ ရုရှားဘက်ကနေ တွက်ကြည့်ရင် ၃၈ ကီလိုမီတာလောက်အဝေးမှာရှိတဲ့ အောက်တာ့ဘာစကီ(Oktyabrskoe) မြို့ဆီသွားတဲ့လမ်းမှာ အခုလိုမြင်ကွင်းပေါ်ခဲ့တာပါ။

ယာဥ်တွေကြားမှာ ရုရှားစစ်သား ဒဏ်ရာရသူအချို့၊ အချို့ကလည်း သေဆုံးနေတဲ့ပုံပေါ်နေတာတွေကိုလည်း အဲဒီရုပ်သံမှာ မြင်ရပါတယ်။

ရုရှားကလည်း နယ်စပ်ကို အင်အားဖြည့်နေ

ရုရှားကလည်း နယ်စပ်ကို အင်အားဖြည့်နေ

အဲဒီကတည်းက မော်စကိုဟာ တင့်ကားတွေ၊ ဒုံးပစ်အမြောက်စင်တွေပါတဲ့ တပ်ကူ အင်အားဖြည့်တာကို ကော့စ်ခ် ဒေသကို စေလွှတ်ထားပါတယ်။

စနေနေ့ မနက်ခင်း နောက်ဆုံးရသတင်း ထုတ်ပြန်တုန်းကတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ တပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ”ကျူးကျော်ရန်ကြိုးပမ်းမှုကို ပြန်လည်တွန်းလှန်နေဆဲ” လို့ ပြောထားပါတယ်။

ယူကရိန်းဟာ ”ရုရှားပိုင်နက်ထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဖို့” ကြိုးပမ်းမှုတွေရှိနေတာကိုလည်း ဝန်ကြီးဌာနက အတည်ပြုပြီး အဲဒီကြိုးပမ်းမှုတွေကို ပျက်ပြားအောင်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားဘက်က အခုပြောဆိုချက်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သောကြောနေ့တုန်းကတော့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာအနုမြုစွမ်းအင် အေဂျင်စီအဖွဲ့ (IAEA) ဟာ ရုရှားရော၊ ယူကရိန်းပါ ”အတတ်နိုင်ဆုံး ဆင်ဆင်ခြင်ခြင်လုပ်ဆောင်ကြဖို့” တိုက်တွန်းပါတယ်။ တိုက်ပွဲဟာ ရုရှားမှာ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံတွေထဲက တစ်ခုဖြစ်တဲ့ ကော့စ်ခ် နျူကလီးယား ဓားအားပေးရုံအနီးကို ကပ်လာတာကြောင့် IAEA က အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

IAEA အကြီးအကဲ ရာဖဲလ် ဂရော်စီကတော့ ”ရေဒီယိုဓာတ်သတ္တိကြွမှု အကျိုးဆက် ပြင်းပြင်းတွေဖြစ်လာနိုင်ခြေရှိမယ့် နျူကလီးယားမတော်တဆမှုမဖြစ်အောင်ရှောင်ရှားဖို့ အစီအမံတွေလုပ်ရမယ်” လို့ ပြောပါတယ်။

အဲဒီဓာတ်အားပေးစက်ရုံဟာ ဆု့ဂျာရဲ့ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၆၀ ခန့်မှာ ရှိတာဖြစ်ပါတယ်။

ရေးသားသူ -BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...