ယူဆွတ် ဒစ်ကတ် – အိုလံပစ်မှာ လူပြောများတဲ့ တူရကီသေနတ်ပစ်သမား
တူရကီနိုင်ငံက ငွေတံဆိပ်ချန်ပီယံ ယူဆွတ် ဒစ်ကတ် (ညာ) နဲ့ ဆက်ဗယ်လ် လေဒါတာဟန် တို့ဟာ ပြင်သစ်အိုလံပစ် သေနတ်ပစ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ,ဆက်ဗယ်လ် လေဒါ တာဟန်(ဘယ်) နဲ့ ယူဆွတ် ဒစ်ကတ် (ညာ) တို့က တူရကီအတွက် ပထမဆုံး အိုလံပစ် သေနတ်ပစ်ဆုတံဆိပ်တွေ ဆွတ်ခူးခဲ့ကြတာဖြစ်ပါတယ်။
လက်ကလေးတစ်ဖက်ကို အိတ်ကပ်ထဲမှာ ထည့်ထားပြီး သေနတ်ပစ်မျက်မှန်လည်း မတပ်ထားတဲ့သူတစ်ယောက်။ပေါ့ပေါ့ပါးပါး တီရှပ်ဝတ်ထားပြီး သူ့ပုံစံကြည့်ရတာလည်း အတော်လေးကို အေးဆေးတည်ငြိမ်နေတာပါ။
“တူရကီက လက်ဖြောင့်လုပ်ကြံရေးသမားတစ်ဦးကို အိုလံပစ်လွှတ်လိုက်ပြီ” လို့တောင် တချို့က လူမှုမီဒီယာမှာ ရေးသားနေကြပါတယ်။
“ကျွန်တော့်ပုံစံက စိတ်အေးလက်အေးရှိနေပုံပေါက်နေပေမယ့် စိတ်ထဲမှာတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ပါဗျာ” လို့ သူက မီတာ(၁၀) လေသေနတ် ကျားမနှစ်ယောက်တွဲ (Air Pistol Mixed Team) ပြိုင်ပွဲအပြီးမှာ တူရကီမီဒီယာတွေကို ပြောပါတယ်။
သူနဲ့တွဲဖက်အားကစားသမားကတော့ ဆက်ဗယ်လ် လေဒါ တာဟန် ဖြစ်ပါတယ်။
“ဒါပေမဲ့ ကျွန်တော့်ရဲ့ သက်သောင့်သက်သာရှိနေတဲ့ပုံစံအနေအထားက ပြိုင်ဘက်တွေကို တွေဝေပြီး စိတ်ရှုပ်ထွေးစေခဲ့တယ်ထင်တယ်”လို့သူက ဆက်ပြောပါတယ်။
အိုလံပစ်အားကစားပြိုင်ပွဲရဲ့ လူမှုမီဒီယာစာမျက်နှာတွေက သူနဲ့ ကိုရီးယားက သေနတ်ပစ်အားကစားသမား ကင် ယဲဂျီတို့ရဲ့ ဓာတ်ပုံတွေကို ဝေမျှပြီး “တို့ လိုအပ်တယ်လို့ မသိခဲ့တဲ့ အိုလံပစ်သေနတ်ပစ်အားကစားသမားများ” ဆိုပြီး ညွှန်းဆိုခဲ့ပါတယ်။
ယူဆွတ်ဟာ သူ့တွဲဖက် တာဟန်နဲ့အတူ အိုလံပစ်သေနတ်ပစ်အားကစားမှာ တူရကီအတွက် ပထမဆုံး သမိုင်းဝင်ဆုတံဆိပ်ကို ရယူပေးနိုင်ခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲ တရားဝင် X လူမှုကွန်ရက် (ယခင်တွစ်တာ)အကောင့်ပေါ်က ချီးမွမ်းဖော်ပြချက်
ယူဆွတ်ရဲ့ ရိုးရှင်းတည်ငြိမ်တဲ့ ပြိုင်ပွဲဝင်စတိုင်နဲ့ ပြိုင်ဖက်အသင်းသားတွေရဲ့ အကျအန ပြင်ဆင်ထားတဲ့ ဝတ်စားဆင်ယင်မှုတွေ ကွာခြားနေတဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ဟာသတွေဖန်တီးပြီးပြောဆိုနေကြပါတယ်။
ပြိုင်ပွဲတလျှောက် စိတ်အေးလက်အေး ထိန်းထားနိုင်တဲ့အပေါ် မေးတဲ့အခါမှာတော့ အသက် ၅၁ နှစ်အရွယ် ယူဆွတ်က “ကျွန်တော်က သဘာဝကျကျပဲနေတတ်ပြီး ရိုးရှင်းတဲ့ သေနတ်ကစားသမားပါ” လို့ တုံ့ပြန်ဖြေဆိုလိုက်ပါတယ်။
“သေနတ်ပစ်မျက်မှန်မတပ်ဘူးလား၊ အထူးဖိနပ်မစီးဘူးလား ဆိုပြီး ဒိုင်လူကြီးတွေက တစ်ခါတလေ မေးတတ်ကြတယ်ဗျာ။ မတပ်ဘူး၊ ကျွန်တော်က မွေးရာပါသေနတ်သမားပါလို့ ပြန်ဖြေတဲ့အခါ ကျွန်တော်တို့အားလုံး ရယ်မိကြရော” လို့ သူက ပြောပါတယ်။
အိုလံပစ်ပြိုင်ပွဲအပြီး တူရကီနိုင်ငံပြန်ရောက်လာတဲ့ ယူဆွယူဆွတ်
ဘောင်းဘီအိတ်ထဲကို လက်တစ်ဖက်ထည့်ထားတယ်ဆိုတာဟာ စိတ်အေးလက်အေးရှိနေတဲ့ပုံပေါက်နေတာမဟုတ်ဘဲ သေနတ်သမားတွေ ဟန်ချက်ပိုညီအောင် လုပ်တဲ့သဘောပဲဖြစ်ပါတယ်။
ဒီကတ်ရဲ့ သေနတ်ပစ်ကျွမ်းကျင်မှုဟာ အားကစားသမားအတွေ့အကြုံကြောင့်မဟုတ်ဘဲ စစ်သည်တစ်ဦးဖြစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
သူက တူရကီလက်နက်ကိုင်တပ်ဖွဲ့က အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦးဖြစ်ပါတယ်။
သူဟာ အသက် ၂၈ နှစ်အရွယ်မှာ အားကစားလောကကိုရောက်လာခဲ့ပြီး ပြင်သစ်အိုလံပစ်က သူ့ရဲ့ ပဥ္စမမြောက် အိုလံပစ်ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ နည်းပြနဲ့ လေ့ကျင့်တာမျိုးမရှိခဲ့ဖူးပါဘူး။
“လေ့ကျင့်တုန်းက ကျွန်တော့် ကိုယ်နေဟန်ထားအပေါ်အလေးထားခဲ့ပါတယ်၊ ကျွန်တော့်မှာ နည်းပြသာရှိခဲ့ရင် သူက ကျွန်တော့်ကိုစောင့်ကြည့်ပြီး ကျွန်တော့် ကိုယ်နေဟန်ထားကို လေ့လာပြီး လေ့ကျင့်ရေးပုံစံချမှတ်ပေးနိုင်မှာပါ” လို့ သူကပြောပါတယ်။
နည်းပြမရှိဘဲနဲ့တောင် သူက ၂၀၁၄ ခုနှစ်မှာ ၂၅ မီတာ standard pistol နဲ့ ၂၅ မီတာ centre fire pistol ပြိုင်ပွဲတွေမှာ အနိုင်ရပြီး နှစ်ထပ်ကွမ်းကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပါတယ်။ အခု ၂၀၂၄ အိုလံပစ်မှာလည်း ငွေတံဆိပ်ဆုရရှိခဲ့ပါတယ်။
သူဟာ ဥရောပချန်ပီယံခုနစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး ဒီနှစ် ဟန်ဂေရီနိုင်ငံ Gyor မှာ ပြုလုပ်တဲ့ပြိုင်ပွဲမှာလည်း အနိုင်ရရှိခဲ့ပါတယ်။
အိုလံပစ်ငွေတံဆိပ်ဆုရှင်တွေဖြစ်တဲ့ တူရကီနိုင်ငံသား ဆက်ဗယ်လ် လေဒါတာဟန် (ဘယ်) နဲ့ ယူဆွတ် ဒစ်ကတ်
ကျန်းမာရေးကောင်းနေဦးမယ်ဆိုရင်တော့ ၂၀၂၈ ခုနှစ်မှာ လော့စ်အန်ဂျလိစ်မှာပြုလုပ်မယ့် နွေရာသီအိုလံပစ်မှာ ဝင်ပြိုင်ချင်သေးတဲ့အကြောင်း သူက တူရကီပြန်ရောက်ပြီးနောက်မှာ ပြောပါတယ်။
“၂၀၂၈ အတွက် ဒီနေ့ကတည်းက စလေ့ကျင့်မှာပါ၊ ရွှေရအောင် လုပ်မှာပါ၊ နောက်ဆုံးမိနစ်လေးမှ ရှုံးသွားရတယ်၊ ကံမကောင်းတာပဲဗျာ” လို့ ပဲရစ်မှာ ရွှေနဲ့လွဲခဲ့ရပုံကို သူကပြောပါတယ်။
“ရွှေရသွားတဲ့ ဆားဘီးယားအသင်းကိုပြောလိုက်တယ်၊ ရွှေတံဆိပ်ကို ခင်ဗျားတို့ကို ခဏငှားတာပါလို့၊ ၂၀၂၈ မှာ ပြန်ယူမယ်ဆိုပြီးလေ” လို့ ယူဆွတ်က ကြုံးဝါးပါတယ်။
ပြင်သစ်အိုလံပစ် သေနတ်ပစ်ကွင်းမှာ တွေ့ရတဲ့ ဒစ်ကတ်
“အောင်မြင်မှုဟာ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားရုံနဲ့ ရောက်မလာဘူး” လို့ သူ့ရဲ့ အိုလံပစ်ပရိုဖိုင်းစာမျက်နှာမှာ အိုလံပစ်ပြိုင်ပွဲရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ်က သူ့ရဲ့ကိုယ်ရေးအကျဉ်းမှာ ရေးသားထားပါတယ်။
ဒါပေမဲ့ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး ကြိုးစားရင် ဘောင်းဘီအိတ်ထဲလက်ထည့်ထားရက်နဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ ပြင်သစ်မှာ ရခဲ့တဲ့ သူ့ရဲ့ ဆုတံဆိပ်က သက်သေခံနေပါတယ်။
ရေးသားသူ – BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။