လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေး လေကြောင်းတိုက်
အစ္စရေးစစ်တပ် တိုက်လေယာဥ်တွေဟာ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာအဖွဲ့ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ထားတယ်ဆိုပြီး အစ္စရေးဘက်က ပြောလာပါတယ်။
အစ္စရေးထဲကို ဒုံးကျည်နဲ့ ပစ်ခတ်တာတိုက်ခိုက်တာတွေ ခံရအပြီးမှာ အစ္စရေးဘက်က အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။
‘‘ဒီခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ လုပ်ဆောင်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့(IDF) ဟာ အကြမ်းဖက်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်နေတယ်’’ လို့ IDF ပြောခွင့်ရသူ ဒန်နီယယ် ဟာဂါရီက ပြောပါတယ်။
အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ရှီအာ မွတ်ဆလင်အဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေရှိတဲ့နေရာကနေ ချက်ချင်းထွက်ခွာကြဖို့ လက်ဘနွန် အရပ်သားတွေကို သတိပေးခဲ့တယ်လို့လည်း အစ္စရေးက ပြောပါတယ်။
အဲဒီနောက် မကြာခင်မှာပဲ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ပြီးခဲ့တဲ့လတုန်းက သူ့ရဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာတပ်မှူး အသတ်ခံရမှုကို တုံ့ပြန်ဖို့ အစ္စရေးထဲကို ဒရုန်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်မှု စတင်ခဲ့တယ် လို့ ပြောထားပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်း တလွှားမှာတော့ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဒုံးကျည်တွေ အစ္စရေးလေပိုင်နက်ထဲ ဝင်ရောက်လာတာနဲ့တပြိုင်နက် အရေးပေါ် အချက်ပေးသံတွေလည်း ညံနေတာကို ကြားရပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရသူအခြေအနေ မသိရသေးပါဘူး။
IDF ထုတ်ပြန်ချက်မှာတော့ ဟစ်ဇ်ဘိုလာဟာ ‘‘လက်ဘနွန်နိုင်ငံထဲကနေ အစ္စရေးပိုင်နက်ထဲကို လက်နက်ကြီးကျည်ပေါင်း ၁၅၀ ကျော် ပစ်လွှတ်လိုက်တယ်’’ လို့ ဆိုပါတယ်။
မစ္စတာ ဟာဂါရီကတော့ အစ္စရေးလေတပ်က ဒါဇင်နဲ့ချီတဲ့ ဂျက်တိုက်လေယာဥ်တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းက ပစ်မှတ်အမျိုးမျိုးကို လေကြောင်းတိုက်ခိုက်တာလုပ်နေတယ်လို့လည်း ပြောထားပါတယ်။
ဒီအတောအတွင်းမှာပဲ ဟစ်ဇ်ဘိုလာ အဖွဲ့ကလည်း ခါယူရှာဒုံးကျည်အစင်းရေ ၃၂၀ ကျော်နဲ့ အစ္စရေးကို တိုက်ခိုက်ထားတယ်လို့ပြောပြီး အစ္စရေးစစ်တပ်အခြေစိုက်စခန်း ၁၁ ခုနဲ့ စစ်တန်းလျားတွေကို ထိမှန်ထားတယ်လို့ ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကတော့ အစိုးရအဖွဲ့ရဲ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို စတင်ပြုလုပ်နေပြီလို့ ပြောထားပါတယ်။
ဝန်ကြီးချုပ်ရုံးဘက်ကတော့ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ဟာ တဲလ်အဗီမှာရှိတဲ့ IDF စစ်အခြေစိုက်စခန်းကနေ ‘‘အခြေအနေကို ကြီးကြပ်နေတယ်’’ လို့ ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဟစ်ဇ်ဘိုလာ အဖွဲ့ဘက်ကည်း အစ္စရေးကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင်ထုတ်ပါတယ်။ အဲဒီထဲမှာတော့ ‘‘ရက်စက်လှတဲ့ ဇီယွန်နစ် ရန်လိုမှုဟာ … ဖူအာ ရှူကာ အာဇာနည်ဘဝကို ရောက်ခဲ့ရတယ်’’ လို့ ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးတန်း စစ်ဘက် ကွပ်ကဲရေးမှူးဟာ ဇူလိုင်လတုန်း လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တိုက်ခိုက်မှု စတင်ကတည်းက လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေရှိထားပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဟစ်ဇ်ဘိုလာလိုပဲ အီရန်ရဲ့ ကျောထောက်နောက်ခံမှု ရရှိထားပါတယ်။
‘ကျွန်တော်တို့ကို ထိခိုက်အောင်လုပ်သူမှန်သမျှ သူတို့ကိုလည်း ပြန်လုပ်မယ်’ – နေတန်ညာဟု
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုဟာ အမျိုးသားလုံခြုံရေးအစည်းအဝေး စတင်ခေါ် ယူချိန်မှာပဲ အခုလို ပြောလာပါတယ်။
‘‘မြောက်ပိုင်းမှာနေထိုင်တဲ့သူတွေ ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ဖို့၊ ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ လုပ်နိုင်သမျှ လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီဖြစ်ပါတယ်။ စည်းမျဥ်းကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ကို ထိခိုက်အောင် လုပ်သူမှန်သမျှ သူတို့ကိုလည်း ထိခိုက်အောင် ပြန်လုပ်ပါမယ်’’ လို့ သူက ပြောပါတယ်။
ဟစ်ဇ်ဘိုလာ အဖွဲ့က အစ္စရေးကို တိုက်ခိုက်မယ်ဆိုတဲ့ ပြင်ဆင်မှုတွေကို သိရှိပြီးတဲ့နောက်မှာ အစ္စရေးစစ်တပ်ဟာ ‘‘ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ဖို့ တင်ကြိုတက်ကြွမှုရှိရှိ’’ လုပ်ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
‘‘အဲဒီအချိန်ကတည်းက IDF ဟာ ခြိမ်းမြောက်မှုတွေကို ပျက်ပြားအောင် အထူးလုပ်ကိုင် ဆောင်ရွက်နေခဲ့တယ်’’ လို့လည်း သူက ပြောပါတယ်။
‘IDF ဟာ နိုင်ငံမြောက်ပိုင်းကို ပစ်မှတ်ထားတဲ့ ဒုံးကျည် အစင်းရေ ထောင်ချီကို ဖျက်ဆီး နိုင်ခဲ့တယ်။ ခုခံမှုနဲ့ တိုက်ခိုက်မှု နှစ်ခုစလုံးကို လုပ်ဆောင်ပြီး ခြိမ်းခြောက်မှုတွေ ပျက်ပြားအောင် လုပ်ခဲ့တယ်’’ လို့လည်း သူက ဆိုပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်နေကြတာ လနဲ့ချီကြာပြီ
ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ဒီနေ့ တိုက်ခိုက်မှုဟာ ဟားမတ် အကြီးတန်း တပ်မှူး ဖူအာ ရှူခါကို အစ္စရေးက ဇူလိုင်လ ၃၀ ရက်မှာ လုပ်ကြံခဲ့မှုကို တုံ့ပြန်တဲ့ ပထမအဆင့်ဖြစ်တယ်လို့ ပုံဖော် ပြောပါတယ်။
ဇူလိုင် ၃၀ ရက် နှောင်းပိုင်းမှာပဲ အီရန်နိုင်ငံ တဟီရန်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ဟားမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးရာခေါင်းဆောင် အစ္စမေလ် ဟာနီယာ လုပ်ကြံခံရမှု နောက်ကွယ်မှာ အစ္စရေး ရှိနေတယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတာဖြစ်ပါတယ်။
အဲဒီကတည်းက ဟစ်ဇ်ဘိုလာနဲ့ အီရန် နိုင်ငံဆို့ဆီကနေ တုံ့ပြန်မှုတွေ ရှိလာမလားဆိုတာကို ဒေသ တွင်းမှာ စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ အီရန်ဘက်ကတော့ တုံ့ပြန်တာမရှိသေးပါဘူး။ ဒါပေမဲ့ အခုတိုက်ခိုက်မှုကတော့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ပထမဆုံး သိသိသာသာလက်တုံ့ပြန်မှုလို့ ပေါ် လွင်နေပါတယ်။
အစ္စရေးစစ်တပ်ကတော့ လက်ဘနွန်နိုင်ငံနဲ့ထိစပ်နေတဲ့ နိုင်ငံတောင်ပိုင်းနယ်စပ်နဲ့ ဂါဇာ စစ်မျက်နှာပြင် ၂ ခုမှာ တိုက်ခိုက်ဖို့ အသင့်ပဲလို့ ပြောထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဟားမတ်စ်ထက် စာရင် ဖြုံရလောက်တဲ့အင်အားရှိနေတာဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာမှာ အစ္စရေးနိုင်ငံတဝန်းကို ရောက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်အချို့အပါအဝင် ဒုံးကျည် အစင်းရေ တစ်သိန်းခွဲနီးပါး ပိုင်ဆိုင်ထားတယ်လို့ ခန့်မှန်းရပြီး သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာလည်း လေ့ကျင့်သားပြည့်သလို ဟားမတ်စ်ထက်နည်း လက်နက်ပြည့်စုံပါတယ်။
ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ နယ်စပ်ကိုဖြတ်ကျော်တဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဂါဇာမှာ စစ်ပွဲစတင်ကတည်း ထောင်သောင်းချီတဲ့လူတွေဟာလည်း အိုးအိမ်စွန့်ပြီး ရွှေ့ပြောင်းနေထိုင်ကြတာကြောင့် အများစုဟာ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခဲ့ကြရပြီးဖြစ်ပါတယ်။
အစ္စရေးခေါင်းဆောင်ဘက်ကရော၊ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ဘက်ကပါ ပြောထားတာကတော့ အလုံးစုံစစ်ပွဲ မဖြစ်ချင်းဘူးဆိုတဲ့အချက်ပါ။ ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ အဲဒီစစ်ပွဲအတွက် အသင့်ပဲလို့ ပြောထားကြပါတယ်။
မဟာမိတ် အမယ်လ် တိုက်ခိုက်ရေးသမား သေဆုံးတယ်လို ဟစ်ဇ်ဘိုလာ အတည်ပြု
လက်ဘနွန်နိုင်ငံတောင်ပိုင်း၊ ခီအမ်မြို့က မဟာမိတ်ဖြစ်တဲ့ ရှီအာ အမယ်လ်လှုပ်ရှားမှုက တိုက်ခိုက်ရေးသမားတစ်ဦးသေဆုံးတယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြုပါတယ်။
ဒီလူ ဘယ်လို အခြေအနေမျိုးနဲ့သေဆုံးတယ်ဆိုတာမျိုး ဟစ်ဇ်ဘိုလာဘက်က တိတိကျကျ မပြောပေမဲ့ အဲဒီမြို့မှာပဲ အစ္စရေးက ပစ်တဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ကားတစ်စီးကို ထိမှန်ပြီး လူတစ်ဦးသေဆုံးတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပြီးမှာ ထွက်ပေါ် လာတာဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာ ဘက်ကတော့ အီမန် ခါမယ် အဒရစ်ဟာ ‘’ လက်ဘနွန်နဲ့ တောင်ပိုင်းမှာ အမျိုးသားနဲ့ ဟီဂျတ် တာဝန်ခုခံထမ်းဆောင်ရင်း’’ ကျဆုံးတယ်လို့ ဆိုပါတယ်။
လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို လက်ဦးမှုရယူတဲ့အနေနဲ့ တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောအပြီးမှာ ဟစ်ဇ်ဘိုလာ ဘက်က အခုကြေညာချက် ထွက်လာတာဖြစ်ပါတယ်။
ရေးသားသူ –BBC Burmese
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။