Tollund Man (သို့) သဘာဝကထိန်းသိမ်းပေးထားတဲ့ ဥရောပရဲ့အကျော်ကြားဆုံးမမ်မီတစ်ခု

Knowledge
Tollund Man (သို့) သဘာဝကထိန်းသိမ်းပေးထားတဲ့ ဥရောပရဲ့အကျော်ကြားဆုံးမမ်မီတစ်ခု

Tollund Man ဟာ ဘီစီ(၄-၅)ရာစုအတွင်း ရောမသံခေတ်မတိုင်မီကာလက ဥရောပတိုက်မြောက်ဘက်ပိုင်း Scandinavia ဒေသမှာ နေထိုင်သွားခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ သဘာဝရွှံ့မမ်မီရုပ်ကြွင်း(bog body)ပဲ ဖြစ်ပါတယ်။ ၎င်းကို 1950 ခုနှစ်က ဒိန်းမတ်နိုင်ငံ Jutland ကျွန်းဆွယ်ပေါ်က Silkeborg မြို့အနီး Tollund အရပ်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း(၂,၄၀၀)ကျော် ကြာမြင့်နေပြီဖြစ်သည့်တိုင်အောင် သဘာဝတရားကြီးရဲ့ ပကတိအတိုင်းကောင်းမွန်စွာ ထိန်းသိမ်းထားမှုကြောင့် Tollund Man ရုပ်အလောင်းကို ရှာဖွေတွေ့ရှိစဉ်က မကြာသေးခင်အချိန်ကာလအတွင်း အသတ်ခံခဲ့ရတဲ့ လူတစ်ဦးအဖြစ်နဲ့တောင် ထင်မှတ်မှားခဲ့ကြရတယ်။

Tollund Man ကို သစ်ဆွေးမြေအောက် (၇)ပေခန့်အနက်မှာ သန္ဓေသားပုံစံ ခပ်ကွေးကွေးအနေအထားနဲ့ မြှုပ်နှံထားတာဖြစ်ပြီး သူ့ရဲ့လည်ပင်းမှာလည်း ကြိုးကွင်းတစ်ခု စွပ်လျှက်သားရှိနေတာ တွေ့ရတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်အရ Tollund Man ရဲ့ ကြိုးဆွဲချသေဆုံးရခြင််းဟာ ရာဇဝတ်သားအဖြစ် သေဒဏ်ပေးခံရခြင်းနဲ့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းမျိုးမဟုတ်ပဲ လူသားယဇ်ကောင်အဖြစ်သတ်မှတ်ပြီး စီရင်ခံခဲ့ရခြင်းကြောင့်ဖြစ်တယ်လို့ ယူဆကြတယ်။

စစ်ဆေးလေ့လာတွေ့ရှိချက်တွေအရ Tollund Man ဟာ သေဆုံးစဉ်အချိန်မှာ အသက်(၄၀)ခန့်ရှိပြီဖြစ်ပြီး အရပ် (၅)ပေ(၃)လက်မခန့်ပဲမြင့်ကာ သူမသေဆုံးမီ နောက်ဆုံးစားသောက်ခဲ့တဲ့ အစားအစာဖြစ်တဲ့ ဂျုံ ၊ မုယောစပါး ၊ အခြားအစေ့အဆံတွေနဲ့ ချက်ပြုတ်ထားတဲ့ ယာဂုတစ်မျိုးကိုလည်း သူ့ရဲ့အစာအိမ်အတွင်းမှာ တွေ့ရှိရတယ်။

Tollund Man ရဲ့ သဘာဝမမ်မီရုပ်အလောင်းကို ယနေ့အချိန်မှာ ဒိန်းမတ်နိုင်ငံ Silkeborg ပြတိုက်မှာ ပြသထားပေမယ့် သူ့ရဲ့ဦးခေါင်းပိုင်းတစ်ခုသာ မူလအစ တူးဖော်တွေ့ရှိစဉ်ကအတိုင်းဖြစ်ပြီး ကျန်ခန္ဓာကိုယ်ကတော့ ပြန်လည်တည်ဆောက်ထားတဲ့ ပုံစံသာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုရှာဖွေတွေ့ရှိခဲ့တဲ့ (1950)ခုနှစ်ကာလတွေမှာ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပုံစံမပျက်ပဲ ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ လုံလောက်တဲ့ ခေတ်မှီနည်းပညာတွေ မရှိသေးတာကြောင့် ဦးခေါင်းပိုင်းတစ်ခုကိုသာ ဖြတ်တောက်ပြီး မူလပကတိအနေအထားအတိုင်း ထိန်းသိမ်းထားရှိခဲ့တာ ဖြစ်တယ်။

ဦးခေါင်းဖြတ်တောက်ပြီးနောက်ပိုင်းမှာ Tollund Man ရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း သွေ့ခြောက်သွားခဲ့ပြီး အသားစိုင်တစ်ရှူးတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။ (1987)ခုနှစ်မှာတော့ Silkeborg ပြတိုက်က Tollund Man ရဲ့ ကျန်ရှိနေတဲ့ အရိုးအကြွင်းအကျန်တွေကိုအခြေခံကာ မူလခန္ဓာကိုယ်ပုံစံကို ပြန်လည်တည်ဆောက်ခဲ့ပြီး ပုံစံမပျက်ထိန်းသိမ်းထားတဲ့ ဦးခေါင်းပိုင်းနဲ့ ပြန်လည်တွဲဆက်ကာ ယခု ကျွန်တော်တို့မြင်တွေ့နေရသလို ပြန်လည်ပြသထားရှိခဲ့တာ ဖြစ်ပါတယ်။

Tollund Man ဟာ ရှာဖွေတွေ့ရှိခဲ့သမျှ သမိုင်းမတင်မီခေတ်က ရုပ်အလောင်းတွေထဲမှာ မူလပကတိ အခြေအနေအတိုင်း အကောင်းမွန်ဆုံးတွေ့ရှိရတဲ့ ရုပ်အလောင်းတစ်ခုဖြစ်ပြီး Popular Culture မှာလည်း လူသိများကျော်ကြားခဲ့ကာ ကဗျာ၊ ဂီတ၊ စာပေနဲ့ ရုပ်ရှင်တွေမှာ Tollund Man ရဲ့အကြောင်းကို ထည့်သွင်းရေးသားရိုက်ကူးခဲ့ကြပါတယ်။

ရေးသားသူ –လူ့သမိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...