ကျေးဇူးပြု၍ အမျှဝေပါ

Astrology Religion
ကျေးဇူးပြု၍ အမျှဝေပါ

တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဋ္ဌေးမျိုးမှာ ဖြစ်ပါတယ် ။ ဘုရားအလောင်းမှာ ညီတစ်ယောက်လည်း ရှိပါတယ်။ မိဘတွေ ကွယ်လွန်တော့ ညီအစ်ကိုနှစ်ယောက် စီးပွားရေးကို အတူတူလုပ်ကြပါတယ် ။

တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့ ငွေတစ်ထောင် အမြတ်ရခဲ့ပါတယ် ။ မြစ်ဆိပ်တစ်ခုရောက်တော့ လှေကိုခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ် ။

ဘုရားအလောင်းက ထမင်းစားကြွင်းတွေကို ငါးလိပ်တွေကို ကျွေးပြီး ”ဤငါးလိပ်တွေကို အစာကျွေးရသော ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ်အား အမျှပေးဝေပါ၏ ။ အမျှ အမျှ ယူတော်မူပါ”လို့ မြစ်စောင့်နတ်ကို အမျှပေးဝေလိုက်ပါတယ် ။

မြစ်စောင့်နတ်လည်း သာဓုခေါ်လိုက်တဲ့ ကုသိုလ်ကြောင့် ချက်ချင်း စည်းစိမ်တွေ တစ်ဆင့်တိုးသွားပါတယ် ။ သာဓုခေါ်မှုကြောင့် ဒီစည်းစိမ်တွေ တိုးလာရတယ်ဆိုတာလည်း သိလိုက်ရပါတယ် ။ ဘုရားအလောင်းကတော့ အမျှဝေပြီး သဲသောင်ပြင်မှာ ပုဆိုးခင်းအိပ်နေလိုက်ပါတယ် ။

ညီကတော့ မအိပ်နိုင်ပါဘူး ။ ကောက်ကျစ်တဲ့ အကြံကိုကြံပြီး အသပြာထုပ်နဲ့ပုံစံတူ ကျောက်ခဲထုပ် တစ်ထုပ်ကို ထုပ်ထားလိုက်ပါတယ်။

ညီအစ်ကိုနှစ်ယောက် ခရီးဆက်ကြရင်း မြစ်လယ်ရောက်တော့ ညီကလှေအစောင်းမှာ အသပြာထုပ်ရေထဲကျတဲ့ပုံစံနဲ့ ကျောက်ခဲထုပ်ကို ရေထဲချလိုက်ပါတယ် ။ တကယ်တမ်း ချမိလိုက်တာက ကျောက်ခဲထုပ် မဟုတ်ဘဲ အသပြာထုပ် ဖြစ်နေပါတယ် ။ ဒါကို ညီက မသိပါဘူး ။ ပြီးတော့ အလန့်တကြားဟန်နဲ့ ”အသပြာထုပ် ရေထဲ ကျသွားပြီ”လို့ အစ်ကိုကို လှမ်းပြောပါတယ် ။ အစ်ကိုက ”ဘယ်တတ်နိုင်မလဲ ညီလေးရာ” ဆိုပြီး ညီကို ဖြေသိမ့်ပေးပါတယ် ။

အဲဒီအချိန်မှာ ငါးကြီးတစ်ကောင်က အသပြာထုပ်ကို
မျိုလိုက်ပါတယ် ။ ညီလုပ်သူက အိမ်ရောက်တဲ့အခါ အားရဝမ်းသာနဲ့ အထုပ်ကိုဖြေလိုက်တာ အသပြာမတွေ့ဘဲ ကျောက်ခဲတွေ တွေ့လိုက်ရတော့ နှလုံးချောက်ချားပြီး ခုတင်ပေါ်မှာ ခွေအိပ်နေပါတော့တယ် ။

တံငါသည်တွေက ကွန်ပစ်တော့ အသပြာထုပ်ကိုမျိုထားတဲ့ ငါးကြီးကို မိပါတယ် ။ မြစ်စောင့်နတ်က ”အစ်ကိုလုပ် သူ အမျှဝေလို့ ငါ့မှာစည်းစိမ်တွေ တိုးရတယ် ။ ငါပြန်စောင့်ရှောက်မှပဲ” ဆိုပြီး ငါးရောင်းတဲ့တံငါသည်တွေကို ဘုရားအလောင်း အိမ်ရှေ့ရောက်အောင် နတ်တန်ခိုးနဲ့ ပို့ပေးပါတယ် ။ ဘုရားအလောင်းက
ငါးကိုဝယ်ပြီး မယားကိုပေးပါတယ် ။ ငါးဗိုက်ကို ခွဲလိုက်တဲ့အခါ အသပြာထုပ်ကို တွေ့လိုက်ရပါတော့တယ် ။

မြစ်စောင့်နတ်ကလည်း ကိုယ်ထင်ရှားပြပြီး ”သင် အမျှဝေလို့ ငါကပြန်စောင့်ရှောက်တာပါ ။ သင်ပဲ ယူပါ၊ ညီကို မပေးပါနဲ့” လို့ လာပြောပါတယ် ။

ဒါပေမယ့် ဘုရားအလောင်းကတော့ တစ်ထောင်ထဲက
ငါးရာကိုခွဲပြီး ညီငယ်ဆီကို သွားပေးခိုင်းလိုက်ပါတယ် ။
(ငါးရာငါးဆယ်ဇာတ်ဝတ္တု မစ္ဆုဒ္ဒါနဇာတ်)

အားလုံးကြားဖူးတဲ့ ဝတ္တုလေးပါပဲ ။ ဘုရားအလောင်းက စားကြွင်းတွေကို ဒီတိုင်းစွန့်မပစ်ဘဲ ငါးလိပ်တွေကို ကျွေးပြီးမြစ်စောင့်နတ်ကို အမျှဝေလိုက်တာလေးက တကယ့်ကို အတုခိုးစရာလေးပါပဲ ။ ဘုရားအလောင်းက ငါးလိပ်တွေကျွေးတဲ့ ဒါနကုသိုလ်ရော ၊ မြစ်စောင့်နတ်ကိုအမျှဝေတဲ့ ပတ္တိဒါနကုသိုလ်ရော ကုသိုလ်နှစ်ခုကိုအေးအေးဆေးဆေးနဲ့ ယူသွားတာပါ ။

သာဓုခေါ်လိုက်ရတဲ့ မြစ်စောင့်နတ်မှာလည်း လက်ရှိစည်းစိမ်ထက် တစ်ဆင့်တိုးသွားတာလေးကလည်း မှတ်သားစရာလေးပါပဲ ။ ကိုယ်ကမမြင်ရလို့သာပါ ။

ဘုရားအလောင်းရဲ့ အမျှဝေပုံလေးကို အတုယူပြီး နတ်တွေကို အမျှဝေတဲ့အကျင့်လေးကို ထုံထားရမှာပါ။ ကိုယ့်ရဲ့ အမျှပေးဝေမှုကြောင့် နတ်တွေမှာစည်းစိမ်တွေ တိုးတိုးနေမှာပါ ။ စည်းစိမ်တွေ တိုးတိုးနေတဲ့နတ်တွေကလည်း သူတို့ စည်းစိမ်တိုးတာတွေကို သေချာမှတ်ထားမှာပါ ။ အခွင့်သင့်တဲ့ အခါတွေမှာ မထင်မှတ်တဲ့အနေနဲ့ ကူညီသွားမှာပါ ။

တစ်ခါတလေ ဘဝမှာမထင်မှတ်တဲ့ ကောင်းကျိုးတွေဖြစ်တတ်ပါတယ် ။ ကိုယ့်ကိုကိုယ်လည်း ”ငါကံကောင်းလိုက်တာ´´ လို့ တွေးမိချင် တွေးမိကြမှာပါ ။ အမျှရထားတဲ့ နတ်တွေက ကိုယ့်ကိုကူညီလိုက်တာတွေလည်း
ဖြစ်နိုင်ပါတယ် ။ မထင်မှတ်တဲ့ ဘေးရန်တွေကို
တားဆီးပေးလိုက်တာတွေ ၊ အောင်မြင်ကျော်ကြားအောင် ကူညီလိုက်တာတွေ ၊ ဂုဏ်သိက္ခာ မထိခိုက်အောင်
ကူညီလိုက်တာတွေ စသည်ဖြင့်အများကြီးရှိမှာပါ ။ ကိုယ်က မသိနိုင်လို့ပါ ။

ရှေးရှေးသူတော်ကောင်းတွေရဲ့ အလေ့အကျင့်တွေ ၊
လက်ရှိမျက်မှောက် သူတော်ကောင်းတွေရဲ့ အလေ့အကျင်တွေကိုလေ့လာပြီး အတုခိုးကျင့်ရမှာပါပဲ ။ တချို့အရာတွေက ခက်ပေမယ့် တချို့အရာတွေကတော့ မခက်ပါဘူး ။ သူလို ငါလို လုပ်နိုင်တဲ့ ကျင့်စဉ်လေးတွေပါ ။

စားပြီးပိုတဲ့စားကြွင်းကို ဒီအတိုင်းမစွန့်ပစ်ဘဲ ငါးလိပ်တွေကို ကျွေးလိုက်တာလေးရယ် ၊ ကျွေးရုံတင်မကဘဲ မြစ်စောင့်နတ်ကို အမျှပေးဝေလိုက်တာလေးရယ်က အတုခိုးချင်သူတွေအတွက် တကယ့်အတုခိုးစရာလေးပါ ။ ကြောင်းကျိုးမြင်အောင် အနိစ္စ ဒုက္ခ အနတ္တမြင်အောင် ကျင့်ရတာတွေသာ ခက်ချင်ခက်မှာပါ ။ အမျှပေးဝေလိုက်တာလေးကတော့ လူတိုင်း ကိုယ်စီလုပ်နိုင်တဲ့ ကျင့်စဉ်လေးပါ ။

လေ့ကျင့်ရင်းထုံ ၊ ထုံရင်းလေ့ကျင့်သွားရမှာပါပဲ ။ ထုံလို့ စွဲသွားပြီဆိုရင်တော့ နောက်ပိုင်းမှာ အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး ။ ကုသိုလ်တစ်ခုပြုပြီးတာနဲ့ နတ်တွေကို အမျှပေးဝေပြီးသား ဖြစ်နေပါလိမ့်မယ် ။

ဘုရားအလောင်းရဲ့ ကုသိုလ်လေးက တကူးတက ပြုယူရတဲ့ ကုသိုလ်လေးမဟုတ်ပါဘူး ။ ခရီးသွားရင်း ကြုံလာတဲ့ အရာလေးကို ကြုံလာတဲ့အတိုင်းအေးအေးဆေးဆေးယူသွားတာပါ ။ ကျောင်းတွေသိမ်တွေဆောက်ပြီး အမျှပေးဝေတာတောင် မဟုတ်ပါဘူး ။ ပြောရရင် လူတန်းစားအားလုံး အလွယ်တကူပြုနိုင်တဲ့ ကုသိုလ်လေးပါ ။ ကုသိုလ်လေးက တစ်ခုတောင် မဟုတ်ပါဘူး ။ နှစ်ခုတောင်ပါ ။ ခရီးကတော့ လူတိုင်းသွားနေကြတာပါပဲ ။ ကြုံလာရင် ကြုံလာတဲ့အတိုင်း ယူတတ်ဖို့ပါ ။ လှေပေါ်မှရယ်မဟုတ်ပါဘူး ။ လေယာဉ်ပေါ်မှာလည်း ကိုယ့်လာပေးတဲ့စားစရာကို ဘုရားကပ်ပြီးအမျှပေးဝေလို့လည်းရတာပါပဲ ။ တောလမ်းပဲသွားသွား၊
ကုန်းလမ်းပဲသွားသွား ၊ ရေလမ်းပဲသွားသွား ကြုံလာတဲ့ခရီးမှာ ကြုံလာတဲ့ကုသိုလ်လေးတွေကို ကြုံသလို ယူတတ်ဖို့ပါ ။

ကုသိုလ်ပြုပြီးလို့ အမျှဝေတဲ့အခါ မတ်တတ်ရပ် လက်အုပ်လေးချီပြီး ”ဤငါးလိပ်တွေကို ကျွေးရသော ကုသိုလ်ကောင်းမှုကို ကိုယ်စောင့်နတ် ၊ တောစောင့်နတ် ၊ မြို့စောင့်နတ် ၊ သစ်ပင်စောင့်နတ်တို့အား အမျှပေးဝေပါ၏ ။ အမျှ အမျှ ယူတော်မူပါ” လို့ သေချာပေးဝေရမှာပါ ။ လက်အုပ်ချီတာက နတ်တွေကိုချီတာ မဟုတ်ပါဘူး ။ အမျှဝေတာကတော့ ကိုယ်ရောက်နေတဲ့ ဒေသကိုကြည့်ပြီး အဆင်ပြေသလို ဝေရမှာပါပဲ ။ တောထဲရောက်နေရင် တောစောင့်နတ် ၊ တောင်ပေါ်ရောက်နေရင် တောင်စောင့်နတ် ၊ သစ်ပင်အောက်ရောက်နေရင် သစ်ပင်စောင့်နတ်ပေါ့ ။

ဒါကမမြင်ရတဲ့ပုဂ္ဂိုလ်တွေကို အမျှဝေတာပါ ။ ဒီလိုပါပဲ မြင်ရတဲ့ကိုယ့်ရဲ့ မိတ်ဆွေတွေကိုလည်း အမျှ ဝေရမှာပါ ။ အမျှဝေလိုက်ရင် ကိုယ်လည်း ကုသိုလ်ထပ်ရ ၊ ကိုယ့်မိတ်ဆွေလည်း ကုသိုလ်ရတော့တာပါ ။

မြင်ရတဲ့သူတွေကို အမျှဝေတဲ့နေရာမှာတော့ လူတိုင်းကတော့ ဝမ်းမြောက်ဝမ်းသာနဲ့ ခေါ်ချင်မှ ခေါ်မှာပါ ။ မဝမ်းမြောက် မဝမ်းသာနဲ့ ခေါ်တဲ့လူတွေလည်း ရှိချင်ရှိမှာပါ ။ သာဓုခေါ်ရတဲ့ အကျိုးကို သိထားတဲ့သူတွေကသာ ဝမ်းမြောက်ဝမ်းသာနဲ့ခေါ်မှာပါ ။ ဘာပဲပြောပြော ကိုယ်က ကိုယ်ပြုတဲ့ကုသိုလ်ကို အမျှပေးဝေရင် ကိုယ်ကုသိုလ်ထပ်ရတာ တော့ အမှန်ပါပဲ ။ ဒါပေမယ့် ကြွားတဲ့အနေနဲ့ အမျှမဝေမိဖို့တော့ အထူး သတိထားရပါမယ် ။ ကိုယ်ကုသိုလ် ထပ်ရချင်တဲ့စိတ် ၊ သူကုသိုလ်ရစေချင်တဲ့စိတ်နဲ့ ဝေရမှာပါ ။ ကိုယ့်စိတ်ကိုယ်ပြန်ကြည့်ရင် သိပါတယ် ။

အကြွားကတော့ လူတိုင်းနဲ့ နီးစပ်နေသလိုပါပဲ ။ သတိထားနိုင်မှ တော်ကာကျတာပါ ။ တစ်ခါတစ်လေ စကားပြော ရင်းပြောရင်းနဲ့ ကိုယ့်စကားကိုယ် ဘရိတ်မအုပ်နိုင်ဘဲ အကြွားဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ် ။ ဒါဆို အမျှဝေတာမဟုတ်ဘဲ အကြွားဝေတာ ဖြစ်သွားပါလိမ့်မယ် ။

တချို့ကျတော့လည်း ကြွားတာကို ဝါသနာတစ်ခုလို ဖြစ်နေတာပါ ။ စကားပြောလိုက်တာနဲ့ အကြွားလေးက ပါလိုက်ရမှပါ ။ ကြာလာတော့ နားထောင်ပေးရတဲ့သူက နားမထောင်ချင်တော့ပါဘူး ။ စကားစလိုက်တာနဲ့ သူကြွားတော့မယ်ဆိုတာ ကြိုသိနေတော့တာပါ ။ အကြွားစွဲနေတဲ့ သဘောလေးပါ ။ အကြွားစွဲသွားရင်လည်း မကောင်းပြန်ပါဘူး ။ စကား ပြောတိုင်းပြောတိုင်း အကြွားက ပါနေတော့မှာပါ ။ ဒါတင်မကပါဘူး ။ အထုံဓာတ်ကြောင့် နောက်ဘဝအထိလည်း ပါသွားနိုင်ပါတယ် ။ လူတွေက အမျှဝေတာကိုပဲ ယူချင်ကြတာပါ ။ အကြွားဝေတာကိုတော့ မယူချင်ကြပါဘူး ။

ပုထုဇဉ်တွေဆိုတော့ အကြွားနဲ့တော့ မကင်းကြပါဘူး ။ စာရေးသူလည်း တစ်ခါတစ်လေ အမျှမဝေဘဲ အကြွား
ဝေမိတတ်ပါတယ် ။ တစ်ပတ်ဆယ်ရက်ကြာတဲ့အခါ
ကိုယ်ဝေထားတဲ့အကြွားကို ပြန်စဉ်းစားလိုက်ရင် ဘာမှမဟုတ်တော့ပါဘူး ။ ရက်ကြာလေ ဘာမှ မဟုတ်လေပါဘဲ ။ နောက်ဆုံးတော့ ကိုယ့်အကြောင်း သူများသိတာပဲ
အဖတ်တင်ပါတယ် ။

တကယ်လို့ အကြွားဝေတတ်တဲ့ အထုံစွဲနေရင်လည်း နောက်ဘဝအထိပါမသွားအောင် စကားပြောတိုင်းပြောတိုင်း သတိကပ်ပြီး ပြန်လေ့ကျင့်ယူရပါမယ် ။ ဒါကြောင့်
ဆရာတော်ကြီးတွေက ”စကားပြောတဲ့အခါ အကြွားလည်းမပါစေနဲ့ ၊ အမှားလည်း မပါစေနဲ့” လို့ မိန့်တာပါ ။ စကားများများပြောရင် အကြွားတွေလည်းပါတတ်သလို အမှားတွေလည်း ပါတတ်ပါတယ် ။ စကားတွေ တအားပြောနေရင် အမှားတွေ ပါတတ်တာ မဆန်းတော့ပါဘူး ။

တစ်ခါတစ်လေကျတော့လည်း အစမှာတော့ ဝမ်းသာစိတ်နဲ့ အမျှဝေတာပါပဲ ။ ဒါပေမဲ့ ပြောရင်းပြောရင်းနဲ့ သတိလွတ်ပြီး အမျှဝေတာကနေ အကြွားဝေတာ ဖြစ်သွားရတာပါ ။ ဘာမှ မစိုးရိမ်ပါနဲ့ ။ ပြန်လေ့ကျင့်ယူရင် ရတာပါပဲ ။

အမျှဝေတာလည်း ကုသိုလ်ပါပဲ ။ သာဓုခေါ်တာလည်း ကုသိုလ်ပါပဲ ။ ကိုယ်ကဒါလေးကို အာရုံပြုထားဖို့ပါ။ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက မဟာဗုဒ္ဓဝင်မှာ သီလဆောက်တည်ပြီးမှ ဒါနပြုရင် ပိုပြီးအကျိုးရနိုင်တယ်လို့ မိန့်မှာထားပါတယ် ။

ဆရာတော်ဘုရားကြီးရဲ့စကားလေးကို နှလုံးသွင်းပြီး သီလယူပြီးမှ ဒါနပြုရင်ပိုကောင်းပါတယ် ။ သံဃာတော် အရှင်သူမြတ်တွေရှိရင် သီလပေးမှာဖြစ်လို့ ကိစ္စမရှိပေမယ့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်းပြုရတဲ့ ဒါနတွေမှာတော့ ငါးပါးသီလလေးကို အရင်ယူပြီးမှ ဒါနလေးတွေ ပြုပြုသွားဖို့ပါ။ သီလယူလိုက်ရင်ပဲ စိတ်ဓာတ်ကအလိုလိုမြင့်သွားသလို ခံစားရပါတယ် ။

ကုသိုလ်ကောင်းမှုတွေပြုပြီး နတ်တွေကိုအမျှပေးဝေရင် နတ်တွေကလူတွေကို ပြန်စောင့်ရှောက်တယ်ဆိုတာ
မဟာပရိနိဗ္ဗာနသုတ်မှာလည်း မြတ်စွာဘုရားက ဂါထာလေးတွေနဲ့ သေချာဟောပြထားတာပါ ။ နတ်တွေကိုအမျှဝေရင် ကိုယ့်အတွက်ကောင်းကျိုးဖြစ်စေတာတော့ အမှန်ပါပဲ ။ ကိုယ်က သူတို့ကို မမြင်ရ မကြားရပေမယ့် နတ်တွေကတော့ ကိုယ်ပြုနေတာတွေ ကိုယ်ပြောနေတာတွေကို မြင်နေကြားနေတာပါ ။

သေးသေးဖွဲဖွဲ ကုသိုလ်လေးတွေကအစ နတ်တွေကို
အမျှပေးဝေရမှာပါပဲ ။ ဘုရားအလောင်းပေးဝေလိုက်တဲ့ ဒါနလေးကတကယ့်သေးသေးလေးပါ ။ သေးပေမယ့် သာဓုခေါ်ရတဲ့ နတ်မှာတော့ ကောင်းကျိုးကြီးကြီး ရသွားတော့တာပါ ။ ကိုယ်အမျှပေးဝေလို့ စည်းစိမ်တိုးထားတဲ့နတ်တွေက ကိုယ့်ကို ပစ်မထားပါဘူး။ အခွင့်သင့်တဲ့တစ်နေ့မှာ ပြန်ကူညီမှာပါ ။

ဒီတော့ ဘယ်ကုသိုလ်ပဲပြုပြု နတ်တွေကို အမျှပေးဝေတာတော့ အကောင်းဆုံးပါပဲ ။ ဘုရားပန်းကပ်တာပဲဖြစ်ဖြစ် ၊ ရေချမ်းကပ်တာပဲဖြစ်ဖြစ် ၊ ဆီမီးပူဇော်တာပဲဖြစ်ဖြစ် အမျှဝေလို့ရပါတယ် ။ နောက်ဆုံးကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာလေးကိုလည်း အမျှဝေလို့ရတာပါပဲ ။ ကုသိုလ်ပြုလို့လည်း ကောင်းကျိုးတွေဖြစ် ၊ နတ်တွေကို အမျှဝေလို့လည်း ကောင်းကျိုးတွေဖြစ်နဲ့ကောင်းကျိုးတွေ ဆင့်နေတော့တာပါ ။

”ကုသိုလ်မပြတ် ဖြစ်ပါစေ” ဆိုတဲ့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒအတိုင်း ကုသိုလ်တွေမပြတ်ဖြစ်နေရင် အကုသိုလ်ဖြစ်ခွင့်လည်း နည်းနေတော့တာပါ ။ ကုသိုလ်ပြတ်ချိန်ကို အကုသိုလ်က ချောင်ထဲက ချောင်းနေတာပါ ။ ကုသိုလ်ပြတ်မှ သူက ဝင်လို့ ရမှာပါ ။ ဒါကြောင့် ကုသိုလ်မပြတ် ဖြစ်နေရင် အကုသိုလ်ကိုတားထာရာလည်း ရောက်ပါတယ် ။

ဘာပဲပြောပြော ကုသိုလ်တွေ မပြတ်စေဘဲ ပြုတဲ့ကုသိုလ်တိုင်းကို နတ်တွေကို အမျှပေးဝေလိုက်ဖို့ပါပဲလေ ။
ဆရာတော် အရှင်ရာဇိန္ဒ
(ရဝေနွယ် -အင်းမ)

#ကျမ်ကိုး ။ ။ ပကိဏ္ဏကဝိသဇ္ဇနာကျမ်း (ပထမတွဲ)
#ဓာတ်ပုံ ။ ။ ဒုတိယတန်း မြန်မာဖတ်စာ မှ ။

ရေးသားသူ – သာထက်ဇော် ( မကွေး )

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...