ရဟန်းသာမဏေသီလရှင်များကိုမခိုင်းမိစေနဲ့ကျွန်ဖြစ်တတ်တယ်

Astrology Religion
ရဟန်းသာမဏေသီလရှင်များကိုမခိုင်းမိစေနဲ့ကျွန်ဖြစ်တတ်တယ်

ယနေ့ခေတ်မှာ ရဟန်း, သာမဏေ,
သီလရှင်တွေကို ခိုင်းစေတတ်ကြတဲ့
လူအချို့ကို တွေ့မြင်နေရပါတယ် ။
ဒါက အလွန်သတိထားစရာ ကောင်းပါတယ် ။

” ဦးဇင်းလေး, ကိုရင်လေး, ဆရာလေး
ဟိုဟာလေး ယူပေးပါဦး ၊ ဘာလေးဝိုင်းကူ
လုပ်ပေးပါဦး၊ ဘယ်အရာလေး ဝယ်ခဲ့ပေးပါဦး ၊ ဘာလက်ဆောင် ဝယ်ခဲ့ပါ၊သနပ်ခါးတုံးလေး
ဝယ်ခဲ့ပါ၊ ဘယ်သွားပေးပါဦး၊ ဘယ်သူကို
ဘယ်လိုသွားပြောပေးပါ” စသဖြင့်ပေါ့လေ ။
သာမညဖလသုတ်မှာ မြတ်စွာဘုရားက အဇာတသတ်မင်းကို မေးထားတာရှိတယ် ။

” တကယ်လို့ အသင်မင်းကြီးရဲ့
ကျွန်တစ်ယောက်ဟာ ရဟန်းပြုသွားခဲ့ရင်
အဲဒီရဟန်းကို ဒီရဟန်းဟာ ငါ့ရဲ့ကျွန်ပဲ၊
ငါ့ဆီပြန်လာခဲ့ ၊ ငါ့ရဲ့အမှုကိစ္စတွေကို
ပြန်လာလုပ်လှည့်” လို့ ပြောဆိုနိုင်သေးလားလို့
မေးတော်မူတဲ့အခါ….

အဇာတသတ်မင်းက “အဲဒီလို မလုပ်ထိုက်တော့ကြောင်း ၊ သူကပင် အဲဒီရဟန်းကို ရှိခိုးပူဇော်ခြင်း ၊ ခရီးဦးကြိုဆိုခြင်း ၊ နေရာထိုင်ခင်းပေးခြင်း ၊ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်းသာ လုပ်ရပါတော့မယ်”လို့ ပြန်လည် လျှောက်ထားခဲ့တယ် ။ ရှင်ဘုရင်လိုပုဂ္ဂိုလ်ကတောင် သူ့ရဲ့ကျွန် ရှင်,ရဟန်းပြုသွားရင် ခိုင်းစေခြင်းငှာ မအပ်တော့ဘူး ၊ သာမန်လူများအတွက်ဆိုရင် စဉ်းစားကြည့်ပေါ့လေ ။

ဘုရားရှင်လက်ထက်တော်က ဧတဒဂ်ရ ခုဇ္ဇုတ္တရာဆိုတဲ့ ကျွန်မလေးဟာ ကဿပဘုရားရှင်လက်ထက်တော်က ရဟန္တာထေရီမ (ဝါ) သာမဏေမ တစ်ပါးကို ခိုင်းစေမိလို့ ဘဝငါးရာတိုင်တိုင် “ကျွန်မ” ဖြစ်ခဲ့ရလေတယ်။

ဒါသကအမည်ရှိတဲ့ မထေရ်လောင်းဟာ
ဆိုရင်လည်း ကဿပဘုရားရှင်လက်ထက်တော်တုန်းက ရဟန်းတစ်ပါးကို အမှုကိစ္စတစ်ခု ခိုင်းစေမိလို့ ယခုသာသနာမှာ အနာထပိဏ်သူဌေးကြီးရဲ့ ကျွန်အဖြစ်
ဖြစ်ခဲ့ရသေးတယ်။

အထက်က အကြောင်းတွေကြောင့် ရဟန်းငယ်, ကိုရင်ငယ်, သီလရှင်ငယ်လေးတွေကို မိမိနဲ့အကျွမ်းဝင်တယ်ဆိုပြီး ပေါ့ပေါ့လေးတွေးကာ မိမိအကျိုးကိစ္စတွေအတွက် ဘာမှ မခိုင်းမိကြစေနဲ့ ။ ယုတ်စွအဆုံး “ဘယ်သူကို ဘာလေး ပြောပေးပါဦး” ဆိုပြီး လမ်းကြုံစကားတောင် မမှာကောင်းဘူး ။

ဘုရား,တရား,သံဃာ စတဲ့ ရတနာသုံးပါး အကျိုးစီးပွားနဲ့စပ်တဲ့ ကိစ္စကလွဲရင် မိမိအကျိုးစီးပွားအတွက် ဘာမှ မမှာကောင်းဘူး။ ဘုရားတည်, ကျောင်းဆောက်ဖို့ကိစ္စ၊တရားနာယူချင်တဲ့ကိစ္စ ၊ သံဃာတော်တွေကို ဖူးမြင်ချင်လို့ ၊ အလှူအတန်း လုပ်ချင်လို့ စတဲ့ ရတနာသုံးပါနဲ့စပ်တဲ့ ကိစ္စတွေသာ လျှောက်ထား မှာကြားကောင်းတယ် ။

ရဟန်း, ကိုရင်တွေကလည်း ရတနာမြတ်သုံးပါး အကျိုးစီးပွားအတွက်ကလွဲရင် လူတွေရဲ့အစေအပါး မလုပ်ကောင်းဘူး ။ လူတွေခိုင်းတာလုပ်မိလို့ ရလာတဲ့ပစ္စည်းလေးပါးဟာလည်း သီတင်းသုံးဖော်အားလုံးအတွက် မအပ်စပ်တော့ဘူး ။ မသုံးကောင်းဘူး ။

ရှင်ငယ်,ရဟန်းငယ်အချို့ရဲ့ တစ်ခါတရံ
အမြင်မတော်တဲ့ အနေအထိုင်လေးတွေကိုကြည့်ပြီး အထင်သေးလို့ မဖြစ်ဘူး ။ ရောလွန်းလို့ အရိုအသေတန်လာတာတော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ ရှင်,ရဟန်းဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အာဏာတော်အစွမ်းနဲ့ ဖြစ်လာရတာမို့ အရှိန်အဝါအစွမ်းကား မသေးဘူး ။

အနာဂါမ်အရိယာ လူပုဂ္ဂိုလ်ဟာ ယနေ့ဖြစ်စ ရှင်,ရဟန်းတွေကို ရှိခိုးခြင်း ၊ ခရီးဦးကြိုဆိုခြင်း ၊ နေရာထိုင်ခင်းပေးခြင်း စတာတွေကို ပြုရပါတယ် ။ ငယ်ပေမဲ့ အထင်မသေးအပ်တဲ့ မီး, ရှင်ဘုရင်ရဲ့မင်းသားငယ်, မြွေ, ရှင်ရဟန်း ဆိုတဲ့ အထင်မသေးအပ်တဲ့အရာ လေးမျိုးရှိတယ်လို့ ဟောထားတယ်။ အထင်သေးမိပြီး အမှားတွေလုပ်မိရင် မိမိရဲ့အကျိုးစီးပွားကို လောင်မြိုက်
ပျက်စီးစေနိုင်ပါတယ် ။
#copyဦးနန္ဒာစာရမုံရွာ

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...