ဘုန်းကြီးဇာတ်ရုပ်ကို ဇာတ်ညွှန်းမရှိဘဲ သရုပ်ဆောင်ခဲ့တဲ့အထိ ပိုင်နိုင်လွန်းတဲ့ ဟာသလူရွှင်တော် ဦးပေါ်လေး

Celebrity Local News
ဘုန်းကြီးဇာတ်ရုပ်ကို ဇာတ်ညွှန်းမရှိဘဲ သရုပ်ဆောင်ခဲ့တဲ့အထိ
ပိုင်နိုင်လွန်းတဲ့ ဟာသလူရွှင်တော် ဦးပေါ်လေး

မြန်မာနိုင်ငံရဲ့ အရည်အချင်းရှိတဲ့ဟာသလူရွှင်တော်ကြီးတွေက ဗီဒီယိုနဲ့ရုပ်ရှင်လောကမှာလည်းအတော်လေးနေရာယူနိုင်တဲ့ အနုပညာရှင်ကြီးတွေပါပဲ။အရင်ခေတ်က လူရွှင်တော်အတော်များများက ရုပ်ရှင်ဘက်ဝင်လာတဲ့အခါမှာ ကိုယ်ပိုင်ဇာတ်ရုပ်တွေနဲ့ပရိတ်သတ်တွဲမှတ်မိစေတဲ့အထိ တော်ကြပါပေတယ်။

ဒီထဲမှာ ဟာသလူရွှင်တော်ဦးပေါ်လေးကတော့ ဘုန်းကြီးဇာတ်ရုပ်ကိုအပိုင်စားရထားသူလို့တောင်ပြောလို့ရပါတယ်။ဦးပေါ်လေးက ဟာသလူရွှင်တော်အနေနဲ့လည်း နာမည်ကြီးတဲ့လူရွှင်တော်တစ်ယောက်ဖြစ်သလို ရုပ်ရှင်လောကမှာလည်း သရုပ်ဆောင်ကောင်းသူတစ်ယောက်ပါ။

ဦးပေါ်လေးက ဗီဒီယိုခေတ်ကနေရုပ်ရှင်ခေတ်အထိ ဇာတ်ကားတွေများစွာရိုက်ကူးခဲ့ပြီး ရိုက်ခဲ့တဲ့ဇာတ်ဝင်ခန်းတွေလည်းဘုန်းကြီးဇာတ်ရုပ်တွေအများဆုံးပါပဲ။ဦးပေါ်လေးက ဘုန်းကြီးဇာတ်ရုပ်တွေပဲရိုက်ရလောက်အောင် ဘုန်းကြီးဥပဓိရုပ်ရှိပြီး အသံဩဇာနဲ့ပြည့်စုံသူတစ်ယောက်ပါ။စကားပြောလည်းတည်တည်ငြိမ်ငြိမ်လေးလေးနက်နက် ရှိလှသလို မျက်နှာတည်နဲ့အရွှန်းဖောက်တဲ့နေရာမှာလည်း လူရွှင်တော်ပီပီ တော်လွန်းပါတယ်။

ဒီလိုဘုန်းကြီးဇာတ်ရုပ်တွေအရိုက်များတာကြောင့် ဒီဇာတ်ရုပ်နဲ့ဆိုရင် ဦးပေါ်လေးကိုဒါရိုက်တာတွေကအစ ယုံကြည်ပြီး ဝကွက်အပ်ထားကြစမြဲပါပဲ။ဒါနဲ့ပတ်သတ်ပြီး ဦးပေါ်လေးက “ကြိုးတန်း”လိုနာမည်ကြီးရုပ်ရှင်ကားမှာလည်းဘုန်းကြီးဇာတ်ဝင်ခန်းမှာ ပါခဲ့ရပြီးအချိန်ကြာလာတာနဲ့အမျှ “ဘုန်းကြီးဇာတ်ရုပ်က အဓွန့်ရှည်သွားတယ်”လို့ပြောပြလာပါတယ်။

မင်းသားကျော်ဟိန်းနဲ့ကျော်ရဲအောင်တို့ အပြိုင်ကြဲကြတဲ့ ကြိုးတန်းရုပ်ရှင်မှာ မင်းသားနှစ်ယောက်ကို တရားရေအေးတိုက်ကြွေးရမယ့် ဦးပေါ်လေးရဲ့အခန်းက ၅ ခန်းလောက်ပဲရှိပေမယ့် ဦးပေါ်လေးတစ်ယောက် ဧရာဝတီမြစ်ရဲ့သဲသောင်ပြင်မှာ၂၂ ရက်လောက်နေပြီးပါဝင်ခဲ့ရပါတယ်။သရုပ်ဆောင်ဝါသနာပါတဲ့ဦးပေါ်လေးက အဲ့ဒီအချိန်အခါကတည်းက သူ့ရဲ့ကျရာဇာတ်ရုပ်အပေါ်မှာ မငြီးမညူးကြိုးစားသရုပ်ဆောင်နိုင်ခဲ့လို့လည်း ဒီဇာတ်ရုပ်က ဦးပေါ်လေးရဲ့အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။
ဦးပေါ်လေးကိုဒီဇာတ်ရုပ်နဲ့ဆိုရင်ယုံကြည်လွန်းတဲ့ ဒါရိုက်တာတွေကလည်း ဇာတ်ညွှန်းမပေးဘဲတောင် သရုပ်ဆောင်ခိုင်းကြပါတယ်။

ဒီလိုပဲတခါကလည်းဒါရိုက်တာမီးပွါးက ဦးပေါ်လေးကိုရှုတင်ကို သင်္ကန်းတစ်စုံပဲထည့်ပြီး လာခဲ့ဆိုပြီးခေါ်ခဲ့ပြီး ရှုတင်ရောက်တဲ့အခါမှာတော့ ဇာတ်ညွှန်းထဲမှဦးပေါ်လေးအတွက်ဇာတ်ညွှန်းစာအုပ်ထဲမှာ “ဦးပေါ်လေးဆိုရင် ဇာတ်လမ်းအကြောင်းလေးသာပြောလိုက်ပါ။လုပ်ရမယ့်အခန်းသူကိုယ်တိုင်သရုပ်ဆောင်သွားလိမ့်မယ်”ဆိုပြီးရေးထားတဲ့အထိပါပဲ။ဒီဇာတ်ကားမှာ ဦးပေါ်လေးက သားသေလို့အစွဲအလမ်းဖြစ်နေတဲ့မိဘတစ်ယောက်ကို သက္ကာယဒိဌိအကြောင်းတွေထည့်ပြီး တရားကို ဇာတ်ညွှန်းမရှိဘဲ လက်တန်းဟောပေးခဲ့ပါတယ်။

ဇာတ်ညွန်းမရှိဘဲ သရုပ်ဆောင်ရတာတောင်ဦးပေါ်လေးက ဘုရားစာတတ်သူပီပီ တရားတော်တွေကို One scene One cutဟောပြီး သရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ဒါတွေကြောင့်ပဲ ဘုန်းကြီးဇာတ်ရုပ်ဆိုရင် ဒါရိုက်တာတွေက ဦးပေါ်လေးကိုသာပြေးမြင်လာပြဣး ဦးပေါ်လေးအားတဲ့အချိန်အထိစောင့်ရိုက်လာကြပါတယ်။

ဒီလိုပဲ လူရွှင်တော်လောကမှာလည်းဦးပေါ်လေးနဲ့ သားဖြစ်သူချစ်စုတို့ရဲ့ ဘုန်းကြီးနဲ့ဒကာအငြိမ့်ပျက်လုံးကအတော်လေးလူကြိုက်များခဲ့ပါသေးတယ်။စင်ကာပူနိုင်ငံဖျော်ဖြေပွဲမှာ ဦးပေါ်လေးက သင်္ကန်းတစ်စခြုံပြီး ဘယ်သူနဲ့မှမတူတဲ့ဘုန်းကြီးနဲ့ဒကာပျက်လုံးတွေပျက်ခဲ့ပြီးနာမည်ကြီးခဲ့ပါသေးတယ်။ဦးပေါ်လေးက ဘုန်ကြီးအနေနဲ့လည်းအတည်အတံ့ရော ဟာသရောအကုန်ရနေတဲ့အထိတော်တဲ့လူရွှင်တော်ကြီးတစ်ယောက်ပါ။ဦးပေါ်လေးတော်သလောက် သားဖြစ်သူချစ်စုကလည်း သူ့အဖေခြေရာကိုမှီအောင်လိုက်နိုင်တဲ့ဟာသလူရွှင်တော်တစ်ယောက်ပါပဲ။ဒါကြောင့်လည်း ဦးပေါ်လေးတစ်ယောက်ကို အနုပညာအလုပ်တွေရပ်နားထားသည့်တိုင်အောင်ချစ်စုကတော့ အနုပညာအလုပ်တွေကို ကိုယ်တိုင်ဦးစီးလုပ်လာနိုင်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ဦးပေါ်လေးကမျက်လုံးခွဲစိတ်မှုတွေပြုလုပ်ခဲ့ရပြီးအနုပညာအလုပ်တွေ လုပ်လာတာကိုမတွေ့ရသေးပါဘူး။အပြင်အနုပညာအလုပ်တွေရပ်နားထားပေမယ့်လည်း ဦးပေါ်လေးက သားဖြစ်သူချစ်စုရိုက်တဲ့ ဆွမ်းတော်ဗျို့ဇာတ်လမ်းတွဲမှာအဓွန့်ရှည်နေတဲ့ဘုန်းကြီးဇာတ်ရုပ်ထက်မြင့်ပြီးကျောင်းထိုင်ဆရာတော် ဇာတ်ရုပ်ကိုသရုပ်ဆောင်ထားပါသေးတယ်။ဦးပေါ်လေးက လက်ရှိမှာလည်းမကျန်းမမာဖြစ်နေတာကြောင့် ဘာသာရေးကိုသာဦးစားပေးပြီးပိုလုပ်လာပါတယ်။

သားချစ်စုကိုလည်း လူရွှင်တော်အမွေအပြည့်အဝပေးထားနိုင်တာကြောင့် ဦးပေါ်လေးအနုပညာအလုပ်တွေရပ်နားထားပေမယ့် ချစ်စုကတော့ ဘိသိတ်အခါတော်ပေးတာတွေ ၊ ပွဲဖျော်ဖြေတာတွေအပြင် ၊ဇာတ်လမ်းတွဲတွေပါရိုက်လာပါတယ်။ဦးပေါ်လေးရဲ့ပညာအမွေနဲ့ ချစ်စုရဲ့ကြိုးစားအားထုတ်မှုက အနုပညာလောကမှာ သူတိူ့နှစ်ဦးကို အခြေတကျဖြစ်စေပြီး လူသိများလာစေပါတယ်။အခုတော့ဦးပေါ်လေးက သားရဲ့အနုပညာအလုပ်တွေမှာ တစွန်းတစသာပါလာပြီး သူကိုယ်တိုင်တော့ အရင်လိုအနုပညာအလုပ်တွေအများကြီးမလုပ်သေးပါဘူး။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...