ဂေါက်ကွင်းမှာ ဒုတိယအကြိမ်လုပ်ကြံဖို့ကြိုးပမ်းခံခဲ့ရတဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်

International News
ဂေါက်ကွင်းမှာ ဒုတိယအကြိမ်လုပ်ကြံဖို့ကြိုးပမ်းခံခဲ့ရတဲ့
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်

ဂေါက်ကွင်းမှာ ဒေါ်နယ် ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားသူအကြောင်း သိရသမျှ

အမေရိကန်သမ္မတဟောင်းနဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ်ဝင်ပြိုင်မယ့် ဒေါ်နယ်ထရမ့်တစ်ယောက် ဖလော်ရီဒါက သူ့ ဂေါက်ကွင်းမှာ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗြူရို (FBI) ရဲ့ အပြောအရ လုပ်ကြံဖို့ကြိုးပမ်းခံရမှုကို တနင်္ဂနွေနေ့မှာ ကြုံခဲ့ရပြီးတဲ့နောက် ဘေးကင်းရာကို အရေးတကြီး ခေါ် ဆောင်ခံခဲ့ရပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့မှာ လုပ်ကြံရန်ကြိုးပမ်းမှုတစ်ခု ကို သမ္မတလောင်း ဒေါ်နယ်ထရမ့် ကြုံခဲ့ရပြီး ၂ လနီးပါးအကြာမှာပဲ အခုဖြစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေလည်း ထွက်ပေါ် လာပါတယ်။ လက်ရှိ သိရှိထားရသမျှကို အောက်မှာ စုစည်းဖော်ပြထားလို့ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

FBI ပြောတဲ့ လုပ်ကြံရန်ကြိုးပမ်းမှု ဘယ်လို စတင်ခဲ့တာလဲ

သမ္မတဟောင်း ဒေါ်နယ်ထရမ့် စက်တင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့နေ့လယ်က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က သူပိုင် ဂေါက်ကွင်းတစ်ခုမှာ ဂေါက်ရိုက်ကစားနေတုန်း လူတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ဖို့ ကြိုးစားနေတာကို လုံခြုံရေးအရာရှိတွေက တွေ့လို့ တားဆီးလိုက်နိုင်ခဲ့ပါတယ်။

မစ္စတာထရမ့် ဂေါက်ရိုက်ရင်း ရောက်လာမယ့် ကျင်းတစ်ခုကျော်မှာ ခြုံပုတ်တစ်ခုထဲက သေနတ်ပြောင်းထွက်နေတာကို အနီးကပ်လုံခြုံရေးအဖွဲ့ (Secret Service) အဖွဲ့ဝင်တစ်ယောက်က တွေ့လို့ အဲဒီလူကို လှမ်းပစ်ခတ်ခဲ့ပါတယ်။

လုံခြုံရေးအရာရှိတွေရဲ့အပြောအရ Secret Service အဖွဲ့ဝင်တွေဟာ သမ္မတဟောင်း ထရမ့် ဂေါက်ရိုက်မယ့် ကျင်းတစ်ခုကို မသွားခင် သူတို့က အဲဒီရှေ့က ကျင်းကို အရင်ကြိုရောက်ပြီး လုံခြုံရေးယူပေးလေ့ရှိပါတယ်။

သမ္မတဟောင်းထရမ့် တခြားကျင်းတွေကို သွားရောက်ဖို့ လုပ်နေတုန်းမှာပဲ ကြိုပြီး လုံခြုံရေးယူဖို့ စစ်ဆေးချိန်မှာ Secret Service အဖွဲ့ဝင်တွေက သေနတ်သမားကို မြင်ခဲ့တာဖြစ်ပါတယ်။

ကောင်တီရဲအရာရှိ ရစ် ဘရက်ရှောကတော့ သေနတ်သမားဟာ ကျင်း အမှတ် ၅၊ ၆ နဲ့ ၇ အနီးနား အစွန်ပိုင်းက ခြုံပုတ်တွေကြားထဲမှာ ခိုနေတာလို့ပြောပါတယ်။

အေးဂျင့်တွေဟာ ရိုင်ဖယ်ပြောင်းတစ်ခုကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ ခြုံပုတ်ကြားထဲ တွေ့ခဲ့ပါတယ်၊

သေနတ်သမားဟာ ကျင်း ၂ ခုစလုံးကို မြင်တွေ့နိုင်တဲ့ နေရာ ခြုံပုတ်ကြားထဲမှာ ရှိနေခဲ့တယ်လို့ ဘရက်ရှောက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အမေရိကန်အရာရှိတွေကတော့ ထရမ့်ဟာ သေနတ်သမားနဲ့ဆိုရင် ကိုက် ၃၀၀ နဲ့ ၅၀၀ ကြား အကွာမှာ ရှိနေခဲ့တယ်လို့ ပြောပါတယ်။

ခြုံပုတ်ဟာ အောက်က ပုံမှာပြထားတဲ့အတိုင်း ညာဘက်လမ်းမကြီးဖြစ်တဲ့ Congress Avenue အထိ ခပ်ထူထူရှိနေတာကြောင့် ဒီအခြေအနေဟာ သေနတ်သမားအတွက် ပုန်းအောင်းဖို့ အခွင့်သာတဲ့အခြေအနေကို ဖန်တီးပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

”လုံခြုံရေးအဖွဲ့ဟာ လုပ်သင့်တာကို မှန်မှန်ကန်ကန်လုပ်ဆောင်ခဲ့ပါတယ်” လို့ သူက ထပ်လောင်းပြောပါတယ်

သေနတ်သမားလို့ဆိုသူကို ဘယ်လို ဖမ်းမိခဲ့တာလဲ၊ သူက ဘယ်သူလဲ

မစ္စတာထရမ့် ဂေါက်ရိုက်ရင်း ရောက်လာမယ့် ကျင်းတစ်ခုကျော်မှာ ခြုံပုတ်တစ်ခုထဲက သေနတ်ပြောင်းထွက်နေတာကို အနီးကပ်လုံခြုံရေးအဖွဲ့ (Secret Service) အဖွဲ့ဝင်တစ်ယောက်က တွေ့လို့ အဲဒီလူကို လှမ်းပစ်ခတ်ချိန် သေနတ်သမားက အနက်ရောင်နီဆန်း ကားတစ်စီးပေါ် တက်မောင်းပြေးသွားခဲ့ပါတယ်။ သူ့နောက်ကို ရဲတွေက လိုက်လံပိတ်ဆို့ဖမ်းဆီးမိခဲ့လို့ အခုတော့ ထွက်ပြေးတဲ့ သေနတ်သမားကို မိထားပါပြီ။

အဲဒီလူ ကားပေါ်တက် ထွက်ပြေးသွားတာကို မျက်မြင်တွေ့လိုက်သူတစ်ယောက်က ကားနံပတ်ကိုမှတ်ထားပြီး ရဲကိုအကြောင်းကြားခဲ့တာမို့ အခုလို အမြန်ဆုံးဖမ်းမိခဲ့တာလို့ ပြည်နယ်ရဲအရာရှိက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာန CBS ကိုတော့ သေနတ်သမား နာမည်ဟာ ရိုင်ယန် ဝက်စ်လေ ရုသ် လို့ဆိုပြီး အရာရှိအချို့က ပြောထားပါတယ်။

သူ ထွက်ပြေးသွားခဲ့တဲ့ ခြုံပုတ်ထဲက အေကေ-၄၇ ပုံစံရိုင်ဖယ်တစ်လက်၊ ပစ်မှတ်ရှာမှန်ပြောင်း၊ ခြံစည်းရိုးမှာ ချိတ်ထားတဲ့ ကျောပိုးအိတ်နှစ်လုံးနဲ့ GoPro ကင်မရာတစ်လုံးကို တွေ့ရှိသိမ်းဆည်းမိတယ်လို့ ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) က ပြောပါတယ်။

မစ္စတာ ထရမ့်ဟာ ဇူလိုင် ၁၃ ရက်နေ့က ပင်ဆယ်လ်ဗေးနီးယားမှာ မဲဆွယ်ပွဲလုပ်နေတုန်း သေနတ်သမားက လှမ်းပစ်လို့ နားရွက်ကို ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

အခုဂေါက်ကွင်း ဖြစ်ရပ်ဖြစ်ခဲ့အပြီးမှာ ထရမ့်က သူ အန္တရာယ်ကင်းကြောင်းနဲ့ သူ့မဲဆွယ်လှုပ်ရှားမှုကို အရှိန်မပျက် ဆက်လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဒေါ်နယ် ထရမ့်ကို ပစ်ခတ်ခဲ့တဲ့သေနတ်သမား ဘယ်သူလဲ
ရိုင်ယန် ရုသ် ဆိုတာ ဘယ်သူလဲ

မသင်္ကာသူ သေနတ်သမားအကြောင်း အသေးစိတ် အချက်အလက်တွေ တဖြည်းဖြည်း ထွက်ပေါ် လာနေပါတယ်။

မစ္စတာ ရုသ်ရဲ့သားဖြစ်သူ အိုရန်ကတော့ ”သူ့ ဖခင်ဟာ ချစ်ခင် စာနာတတ်တဲ့ ဖခင်တစ်ဦး” လို့ အမေရိကန် မီဒီယာတွေကို ပြောပါတယ်။

”ဖလော်ရီဒါ ပြည်နယ်မှာ ဘာဖြစ်ခဲ့လဲဆိုတာတော့ ကျွန်တော် မသိဘူး။ အကြောင်းတွေအတိမ်းအစောင်းဖြစ် လွဲချော်ကုန်တယ်လို့ပဲ ကျွန်တော်ထင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ ကြားမိရသလောက် အချက်အလက်တွေအရ ကျွန်တော်သိတဲ့ ကျွန်တော့် အဖေက ဒီလိုလုပ်မယ့်သူမျိုးမဟုတ်ပါဘူး၊ သူက အကြမ်းဖက်တာမျိုးလည်း မလုပ်တတသူပါ” လို့ သူက CNN သတင်းဌာနကို ထုတ်ပြန်ချက်တစ်စောင် ပေးပို့ပါတယ်။

ဘီဘီစီရဲ့ အချက်အလက်စိိစစ်အတည်ပြုရေးဌာန BBC Verify ကလည်း ရိုင်ယန် ဝက်စ်လေ ရုသ် နာမည်နဲ့ တူတဲ့ ဆိုရှယ်မီဒီယာ ပရိုဖိုင်းအများကို တွေ့ခဲ့ရပါတယ်။ အဲဒီပရိုဖိုင်းတွေအရဆိုရင် ရုသ်ဟာ ရုရှားတပ်တွေကို တိုက်နေတဲ့ ယူကရိန်းဘက်ကနေ ဝင်တိုက်ဖို့ ပြည်ပတိုက်ခိုက်ရေးသမားတွေ အဲဒီကိုသွားဖို့ တိုက်တွန်းတာမျိုး ရေးသားထားတာမြင်တွေ့ရပါတယ်။

ပါလက်စတိုင်းထောက်ခံရေး၊ ထိုင်ဝမ်ထောက်ခံမှုအရေးနဲ့ တရုတ်ဆန့်ကျင်ရေးသတင်းစကားတွေကို သူ့ရဲ့ ပရိုဖိုင်းမှာ တင်တာတွေအပါအဝင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ”တိုက်ခိုက်မှု” လို့ ရည်ညွှန်းပြီး တရုတ်ဆန့်ကျင်ရေး စွပ်စွဲချက်တွေကိုလည်း ရေးသားထားတာတွေ့ရပါတယ်။

စစ်ဘက်ရေးရာအတွေ့အကြုံလုံးဝမရှိတဲ့ မစ္စတာရုသ်ဟာ တာလီဘန်တွေလက်အောက်ကနေ ထွက်ပြေးလာတဲ့ အာဖဂန်စစ်သားတွေကို ၂၀၂၂ ခုနှစ်၊ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပွဲဖြစ်ပွားပြီးတဲ့နောက် ရှာဖွေ စုဆောင်းပြီး ယူကရိန်းကို ချက်ချင်းသွားမယ်လို့လည်း ၂၀၂၃ ခုနှစ်အတွင်း နယူးယောက်တိုင်းစ် သတင်းဌာနကို ပြောခဲ့ပါတယ်။

”ပါကစ္စတန်ကနေ တဆင့် တချို့ နိုင်ငံကူးလက်မှတ်တွေကို ကျွန်တော်တို့ ဝယ်ကောင်းဝယ်လို့ရနိုင်တယ်။ အဂတိမှုဖြစ်နေတဲ့ နိုင်ငံဆိုတော့လေ …” ဆိုပြီး သူက ပြောပါတယ်။

ယူကရိန်းကို ပိုပြီး ထောက်ပံ့နိုင်ဖို့ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဥရောပကော်မရှင်နဲ့ ဝါရှင်တန်ဒီစီမှာ ”၄ နာရီကြာအောင်” ဆွေးနွေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အခုနွေမှာတောင် သူဟာ လူသစ်စုဆောင်းမှုကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့ပုံရပါတယ်။ ”စစ်သားတို့ ကျွန်တော့်ကို ကျေးဇူးပြုပြီး ဖုန်းမဆက်ပါနဲ့။ အာဖဂန်စစ်သားတွေကို လက်ခံဖို့ ယူကရိန်းကို ရောက်အောင် ကျွန်တော်တို့ ကြိုးပမ်းနေရတုန်းပါပဲ။ လာမယ့် လတွေအတွင်းမှာ အဖြေတွေ သိနိုင်ဖို့ မျှော်လင့်ပါတယ်။ … ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ” လို့ သူက ဇူလိုင်လတုန်းက ဖေ့စ်ဘုတ်ပေါ် မှာ ရေးတင်ခဲ့ပါတယ်။

အစောပိုင်းသတင်းတွေအရ မစ္စတာရုသ်မှာ ရာဇဝတ်မကင်းတဲ့သမိုင်းကြောင်းရှိတယ်ဆိုတာကိုလည်း ပြနေပါတယ်။ CBS သတင်းရင်းမြစ်တွေအရဆိုရင် ရိုင်ယန် ရုသ်ဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အတွင်း မြောက်ကယ်ရိုလိုင်းနားက ဂစ်လ်ဖော့ဒ် ကောင်တီမှာ ကြီးလေးတဲ့ပြစ်မှုတွေ ကျူးလွန်မှုနဲ့ တရားစွဲဆိုတာနဲ့ ပြစ်မှုထင်ရှားကြောင်း အမိန့်ချခံရတာတွေ ရှိထားပါတယ်။

အဲဒီအမှုတွေထဲမှာ လက်နက်တစ်ခု ဖုံးကွယ်သယ်ဆောင်မှု၊ ရဲအရာရှိရဲ့ဖမ်းဆီးမှုကို ငြင်းဆန်မှု၊ ရုပ်သိမ်းခံထားရတဲ့လိုင်စင်ရဲ့ကားမောင်းမှု၊ ခိုးရာပါပစ္စည်း ပိုင်ဆိုင်မှုနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးမှုတွေ ပါဝင်ပါတယ်။

ထရမ့် ဘာဖြစ်သွားပြီလဲ
အခုနောက်ဆုံး ဖြစ်ရပ်မှာ ထရမ့် ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။

အဲဒီဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာပဲ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့အကြောင်း သူ့ရဲ့ မဲဆွယ်အဖွဲ့က အတည်ပြုပါတယ်။ ထရမ့်ကလည်း မဲဆွယ်ရန်ပုံငွေပေးသူတွေဆီကို အခုလို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ”ကျွန်တော့် အနီးနားမှာ သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ ကောလဟလတွေ မထိန်းနိုင်အောင် ပျံ့မသွားခင်မှာ ”ကျွန်တော် ဘေးကင်း လုံခြုံပါတယ်” ဆိုတာကိုတော့ ကျွန်တော် အလေးအနက်ပြောချင်ပါတယ်” လို့ စာလုံးအကြီးနဲ့ ရေးထားပါတယ်။

နောက်ထပ်ထွက်လာတဲ့ မဲဆွယ်စည်းရုံးရေး အီးမေးလ်မှာတော့ ”သူ့အသက်ဘေးအတွက် အခုလိုကြိုးပမ်းခံရမှု နောက်တစ်ကြိမ်ကြုံခဲ့ရတာကြောင့် ပိုပြီး ကြံ့ခိုင်လာစေတယ်”လို့ မစ္စတာထရမ့်က ပြောထားတယ်ဆိုပြီး ကိုးကားရေးသားထားပါတယ်။

ဘာဆက်ဖြစ်မှာလဲ

ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတယ်ဆိုတဲ့ ဖြစ်ရပ်အပြီး လုံခြုံရေးအဖွဲ့တွေက လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ မိုင်ယာမီမှာရှိတဲ့ အမေရိကန်ထောက်လှမ်းရေးဗြူရို (FBI) ရုံးက ဂျက်ဖရီ ဗယ်လ်ထရီက အခုဖြစ်ရပ်ကို တခြားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီး FBI က စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတယ်လို့ပြောပါတယ်။

”သုံးနိုင်မယ့် အရင်းအမြစ်တွေကို ကျွန်တော်ကို ဖြန့်ကြက် အသုံးပြုထားပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ၊ အရေးပေါ်အခြေအနေတုံ့ပြန်ရေးအဖွဲ့ဝင်တွေ၊ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူတွေနဲ့ သက်သေ ကောက်ယူရေးအဖွဲ့ဝင်တွေ ပါဝင်ပါတယ်” လို့ သူက ပြောပါတယ်။

US Secret Service ၊ Palm Beach ရဲတပ်ဖွဲ့နဲ့ မာတင်ကောင်တီရဲတပ်ဖွဲ့အပါအဝင် FBI ကလည်း ပါဝင် စုံစမ်းနေတယ်လို့ သူက ထပ်လောင်းပြောပါတယ်။

သမ္မတအိမ်ဖြူတော်ကတော့ ဒီဖြစ်စဥ်ကို သမ္မတဂျိုးဘိုင်ဒန်နဲ့ ဒုတိယသမ္မတလည်းဖြစ် ဒီနှစ်ရွေးကောက်ပွဲမှာ ထရမ့်နဲ့ ပြိုင်မယ့် ဒီမိုကရက်တစ်သမ္မတလောင်းလည်းဖြစ်သူ ကာမလာဟဲရစ်ကိုလည်း သတင်းပို့ထားတယ်လို့ ပြောပြီး မစ္စတာ ထရမ့် ဘေးကင်းကြောင်းသိရတဲ့အတွက် စိတ်သက်သာရာရတဲ့အကြောင်းပြောထားကြတယ်လို့ ဆိုပါတယ်။

”အမေရိကန်မှာ အကြမ်းဖက်မှုအတွက် နေရာမရှိစေရ” လို့ ဟဲရစ်က လူမှုကွန်ရက် ပို့စ်တစ်ခုမှာ ရေးပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာတော့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီ နှစ်ခုစလုံးက ပါတီခေါင်းဆောင် အထက်လွှတ်တော်အမတ်တွေဟာ ဇူလိုင်လ ၁၃ ရက်တုန်းက ပင်ဆယ်ဗေးနီးယားပြည်နယ်မှာဖြစ်ထားတဲ့ မစ္စတာထရမ့် သေနတ်နဲ့ ပစ်ခတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ နှစ်ပါတီစလုံးက ခေါင်းဆောင်တွေကတော့ မစ္စတာ ထရမ့် ဘေးမသီခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်လို့ပြောပြီး ” နိုင်ငံရေးအကြမ်းဖက်မှုကို အတော်လေးစိုးရိမ်သလို အကြမ်းဖက်မှု ပုံစံအားလုံးကိုလည်း ရှုတ်ချတယ်” လို့ ပြောပါတယ်။

ရီပတ်ဘလီကန် ကွန်ဂရက်လွှတ်တော်အမတ် မိုက် ကယ်လီနဲ့ ဒီမိုကရက်တစ်ပါတီအမတ် ဂျေဆင် ခရိုးတို့ကတော့ သမ္မတဟောင်းအတွက် လုံခြုံရေးယူပေးနေတဲ့ သက်တော်စောင့်အဖွဲ့ (Secret Service) ဟာ ”ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ဘယ်လိုဘယ်ပုံ တုံ့ပြန်ဆောင်ရွက်ခဲ့တယ်ဆိုတာကို ရှင်းပြဖို့” ဒီဖြစ်ရပ် စုံစမ်းရေးလုပ်ငန်းအဖွဲ့က Secret Service ဘက်ကို တောင်းဆိုထားတယ်လို့ ပြောပါတယ်။

Secret Service က ရာဖဲလ် ဘာရော့စ်ကတော့ မစ္စတာ ထရမ့် အရင်တစ်ခါ ကြုံခဲ့ရတဲ့ လုပ်ကြံရန်ကြိုးပမ်းခံရမှုဖြစ်ပြီးကတည်းက လုံခြုံရေးအစီအမံတွေ ချထားပြီးဖြစ်ပြီး ”ခြိမ်းခြောက်မှုအဆင့်ကလည်း မြင့်တယ်” လို့ တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောထားပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...