မွန်ဂိုလီးယားကို ဗလာဒီမီယာ ပူတင် ဘာကြောင့် သွားတာလဲ

International News
မွန်ဂိုလီးယားကို ဗလာဒီမီယာ ပူတင် ဘာကြောင့် သွားတာလဲ

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ မွန်ဂိုလီးယားနိုင်ငံကို အလည်အပတ်ခရီး ရောက်နေပြီဖြစ်ပါတယ်။ ဒီခရီးစဥ်ဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က သူ့ကို ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပြီးတဲ့နောက်မှာ ICC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ပထမဆုံး သွားရောက်တဲ့ခရီးစဥ် ဖြစ်လာပါတယ်။

သမ္မတပူတင်ရဲ့အခုခရီးဟာ သူ့ကို ထိန်းသိမ်းဖို့ ICC ၊ ယူကရိန်း၊ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုမှုတွေကို ပမာမခန့်ပြုမှုအဖြစ်ရှုမြင်ခံရပါတယ်။

ဗလာဒီမီယာ ပူတင်နဲ့ မွန်ဂိုလီးယား သမ္မတ အိုခါဂီ ခိုလက်ရှို တို့ ဂုဏ်ပြုစင်မြင့်ထက်မှာ အတူတူ အလေးပြုခံတာကို မြင်တွေ့ရပါတယ်။

သမ္မတ ပူတင်ရဲ့ခရီးစဥ်ဟာ ဂျပန်အင်ပါယာကို ဆိုဗီယက်တပ်ဖွဲ့တွေနဲ့ မွန်ဂိုလီးယားတပ်ဖွဲ့တွေ အပြတ်အသတ်နိုင်ခဲ့တဲ့ ၈၅ နှစ်မြောက် နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

၁၉၃၉ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ လနဲ့ချီကြာတဲ့အဲဒီတိုက်ပွဲအတွင်းမှာ ထောင်နဲ့ချီတဲ့စစ်သားတွေ နှစ်ဖက် အကျအဆုံးရှိခဲ့ပါတယ်။

ရုရှားသမ္မတဟာ မွန်ဂိုလီးယားမြို့တော် အူလန်ဘာတောက ရင်ပြင်မှာ နိုင်ငံတော် ခမ်းခမ်းနားနား ကြိုဆိုခံရပါတယ်။

မွန်ဂိုလီးယား သမ္မတ အိုခါဂီ ခိုလက်ရှိုနဲ့ တွေ့ဆုံတဲ့ ရုရှားခေါင်းဆောင်ကို ဂျင်ဂျစ်ခန် ရင်ပြင်မှာ မြင်းသည်တော်တွေက မြင်းပေါ်ကနေ တန်းစီ အလေးပြုနေချိန်မှာပဲ ဘင်ခရာအဖွဲ့ကလည်း စစ်ချီတေးတွေကို တူရိယာတွေ တီးမှုတ်ပြီး ကြိုဆိုခဲ့ပါတယ်။

မွန်ဂိုလီးယား အစိုးရိမ်တော် ရှေ့မှာ ယူကရိန်းအလံ ကိုင်ထားသူ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး

သမ္မတပူတင် မရောက်ခင်တုန်းကတော့ အဲဒီရင်ပြင်မှာပဲ ဆန္ဒပြသူ အနည်းငယ် စုဝေး ဆန္ဒပြတာရှိခဲ့ပါတယ်။ ”စစ်ရာဇဝတ်သားကို ဒီနိုင်ငံကနေ နှင်ထုတ်ပါ” ဆိုတဲ့ စာသားတွေကိုင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုခေတ်တုန်းက ကျောထောက်နောက်ခံရခဲ့ပြီး ဆယ်စုနှစ်ချီကြာအောင် နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ကွန်မြုနစ်အုပ်စိုးသူတွေကာလမှာ ထိခိုက်ခံစားခဲ့ရသူတွေအတွက် အထိမ်းအမှတ်အဖြစ် ထားရှိတဲ့ နိုင်ငံရေးဖိနှိပ်ခံတို့အတွက်အောက်မေ့ဖွယ်ရာနေရာမှာလည်း နောက်ထပ် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ဖို့ စီစဥ်တာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားသမ္မတ ရောက်ခါနီးအချိန်နဲ့ ကပ်နေပြီဖြစ်တာကြောင့် လုံခြုံရေး တပ်ဖွဲ့တွေဟာ ဆန္ဒပြမယ့် အစီအစဥ်ကို ဟန့်တားခဲ့ပါတယ်။

ပူတင်ကို ဖမ်းလို့ရလား

 

ရုရှားသမ္မတဟာ ရုရှားကနေ ယူကရိန်းကို ကလေးငယ်တွေ တရားမဝင် ပို့ဆောင်ခဲ့တယ်ဆိုတာ အပါအဝင် စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ဆိုပြီး ICC ဟာ မစ္စတာ ပူတင်ကို ပြီးခဲ့တဲ့နှစ်တုန်းက စွပ်စွဲခဲ့ပါတယ်။

ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မာရီယာ လိုဗာ ဘယ်လိုဗာကိုလည်း အလားတူ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ဆိုပြီး ICC က ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

ရာဇဝတ်မှုတွေကိုတော့ ရုရှားက ယူကရိန်းကို ကျူးကျော်မှုစတင်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်ကစလို့ ကျူးလွန်တာလို့လည်း ICC က စွပ်စွဲပါတယ်။

ကရင်မလင်နန်းတော် ဘက်ကတော့ ပူတင်ရဲ့ခရီးစဥ်နဲ့ ပတ်သက်ပြီး ”စိတ်မပူ”ဘူးလို့ ပြောပါတယ်။

”ကျွန်တော်တို့ဟာ မွန်ဂိုလီးယားက ကျွန်တော်တို့ မိတ်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်” လို့ ကရင်မလင်ပြောခွင့်ရ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။ ”ဒါပေါ့။ သမ္မတရဲ့ ခရီးစဥ်ကို ထောင့်ပေါင်းစုံကနေ ပြင်ဆင်ခဲ့တယ်” လို့လည်း သူက ထပ်လောင်းပြောပါတယ်။

မော်စကိုဟာ ICC ရဲ့ စွပ်စွဲချက်တွေကို အရင်ကတည်းက ငြင်းဆိုထားပါတယ်။ ပြီးတော့ ဖမ်းဝရမ်းထုတ်တာကိုလည်း ”ရဲတင်းလွန်းတဲ့”လုပ်ရပ်လို့ နာမည်တပ်ပါတယ်။

ICC ကတော့ အဖွဲ့ဝင် နိုင်ငံတွေအားလုံးဟာ နိုင်ငံတကာရာဇဝတ်ခံရုံးက ထုတ်ထားတဲ့ဖမ်းဝရမ်းပါသူတွေကို ဖမ်းဆီးပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တရားရုံးအနေနဲ့ ရာဇဝတ်မှုနဲ့သံသယရှိသူတွေကို ဖမ်းဆီးဖို့ အခွင့်မရှိပါဘူး။ အဲဒီအစား ICC အဖွဲ့ဝင်နိုင်ငံတွေကြားမှာပဲ တရားရေးဆုံးဖြတ်ခွင့်ကို ကျင့်သုံးနိုင်ပါတယ်။

မွန်ဂိုလီးယားနိုင်ငံ ဘယ်နေရာမှာရှိတာလဲ

ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြားမှာရှိတဲ့ မွန်ဂိုလီးယားနိုင်ငံပြမြေပုံ

မွန်ဂိုလီးယားနိုင်ငံဟာ ရုရှားနဲ့ တရုတ်နိုင်ငံကြားမှာရှိပြီး လူဦးရေ သုံးသန်းကျော်ကျော် လေးပဲရှိတဲ့ အရှေ့အာရှ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာတော့ မွန်ဂိုလီးယားဟာ နှစ်ပေါင်း ၇၀ ရှိပြီဖြစ်တဲ့ ဆိုဗီယက်ခေတ် တစ်ပါတီ စနစ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့သလို ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။

မတို့မထိရသေးတဲ့ သဘာဝသယံဇတတွေ ကြွယ်ဝလွန်းတာကြောင့် မွန်ဂိုလီးယားဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် ပစ်မှတ်ဖြစ်လာပါတယ်။ ဒါ့ကြောင့်ပဲ နိုင်ငံဟာ သေးပေမဲ့ စီးပွားရေးဟာ မြန်မြန် ကြီးပွားလာပါတယ်။

ဒီလိုပိုင်ဆိုင်မှုတွေရှိနေပေမဲ့ မွန်ဂိုလီးယားဟာ လောင်စာနဲ့ လျှပ်စစ်အတွက် ရုရှားအပေါ်မှာ မှီခို နေရတုန်းဖြစ်ပါတယ်။

မွန်ဂိုလီးယားဟာ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေး ဘယ်လို ထူထောင်ထားလဲ

မွန်ဂိုလီးယား သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ နှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို တက်ရောက်နေတဲ့ သမ္မတ ပူတင်

တရုတ်နဲ့ ရုရှားလို နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရှိနေတဲ့ မွန်ဂိုးလီးယားဟာ ရုရှားနဲ့ ယဥ်ကျေးမှု ဆက်နွှယ်သလို ဘေကျင်းနဲ့လည်း အရေးပါတဲ့ကုန်သွယ် ဆက်ဆံရေးရှိထားပါတယ်။

၂၀ ရာစု အစောပိုင်းမတိုင်ခင်အထိ မွန်ဂိုလီးယားကို တရုတ် ချင်မင်းဆက်က ထိန်းချုပ်ထားခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ ချင်မင်းဆက်ပြုတ်တဲ့အခါ ၁၉၂၀ ပြည့်နှစ်တွေမှာ ဆိုဗီယက် ကျောထောက်နောက်ခံပြုတဲ့ ကွန်မြူနစ်အစိုးရမတိုင်ခင်အထိ တရုတ်နဲ့ ရုရှားဟာ မွန်ဂိုလီးယားကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးတဲ့နောက်မှာတော့ မွန်ဂိုလီးယားဟာ လွတ်လပ်တဲ့စျေးကွက်စီးပွားရေးစနစ်ကို ပူးပေါင်း ပါဝင်ခဲ့ပြီး ပါလီမန် ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်လာပါတယ်။

ဒါပေမဲ့လည်း သံခင်းတမန်ခင်းနဲ့ စီးပွားရေးဆက်ဆံမှုဟာ သုံးနိုင်ငံကြားမှာ ခိုင်ခိုင်မာမာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ရုရှားကနေ တရုတ်ဆီသွားမယ့် ဆိုက်ဘေးရီးယား ၂ ဓာတ်အားလို့ ခေါ်တဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ဆွေးနွေးနေတာလည်း ကာလကြာရှည်နေပြီဖြစ်ပါတယ်။

ဒီသဘာဝဓာတ်ငွေ့ စီမံကိန်းသာ အထမြောက်မယ်ဆိုရင် ရုရှားနိုင်ငံ၊ ယာမယ် ဒေသက သဘာဝဓာတ်ငွေ့ ၅၀ ဘီလျံ ကုဗမီတာဟာ မွန်ဂိုလီးယားကနေတဆင့် တရုတ်နိုင်ငံထဲကို ပို့လွှတ်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ ကျူးကျော်ခဲ့တာကြောင့် ဥရောပမှာ သဘာဝ ဓာတ်ငွေ့ ရောင်းချမှုစျေးကွက် ပျက်ခဲ့တဲ့ ရုရှားအတွက် စျေးကွက်ကို ပြန်ဖာနိုင်မယ့် ဗျူဟာ တစ်စိတ် တစ်ပိုင်းလည်းဖြစ်ပါတယ်။

မွန်ဂိုလီးယားကို ရောက်ရောက်ချင်းမှာပဲ ပူတင်က သံတမန်ဆက်ဆံရေး ဆက်ရှိဖို့ အရေးကြီးတဲ့အကြောင်း အလေးထားပြောသွားပါတယ်။

“ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် မွန်ဂိုလီးယားစျေးကွက်ကို ဝင်လာတဲ့ ဓာတ်ဆီနဲ့ ဒီဇယ် ၉၀ ရာခိုင်နှုန်းကျော်ဟာ ရုရှားကနေ လာတာဖြစ်ပါတယ်။ သဘာဝဓာတ်ငွေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းတွေကို ကျွန်တော်တို့ မြင်တွေ့ထားရပါတယ်”

အပေါ်မှာ ပြောခဲ့တဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီး ပုံဖော်ထားတဲ့ အစီအစဥ်လည်း “ပြီးထားနှင့်ပြီးဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

မွန်ဂိုလီးယားရဲ့ ”တတိယ အိမ်နီးချင်းမူဝါဒ” ဆိုတာ ဘာလဲ

အင်အားကြီးတဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ဆက်ထိန်းထားနေချိန်မှာပဲ မွန်ဂိုလီးယားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူ့ရဲ့ နိုင်ငံတကာဆက်ဆံရေးတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး အမီအခိုကင်းမှုရှိလာအောင် အားထုတ်မှုလို့ ရှုမြင်ခံရပါတယ်။

မွန်ဂိုလီးယားကတော့ ဒါကို “တတိယအိမ်နီးချင်း” မူဝါဒလို့ ခေါ် ပြီး အနောက်နိုင်ငံအချို့နဲ့ ဆက်ဆံရေး အသစ် အုတ်မြစ်တွေ ချထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလတုန်းကဆိုရင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းဟာ မွန်ဂိုလီးယားနိုင်ငံကို သမိုင်းဝင်ခရီး လာရောက်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ ပြင်သစ် သမ္မတ အိမ်တော် ပြောခွင့်ရသူတစ်ယောက်က ပြင်သစ်ဟာ ” ရုရှားရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ရွေးချယ်မှု ပိုကျယ်ပြန့်လာနိုင်ရေးနဲ့ လိုလိုလားလား လက်ကမ်းလာနိုင်ရေး” အတွက် စိတ်အားထက်သန်တယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာတော့ အမေရိကန်ဒုတိယသမ္မတ ကမ်မလာ ဟဲရစ်ဟာ မွန်ဂိုလီးယားဝန်ကြီးချုပ်နဲ့ ဝါရှင်တန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

အိမ်ဖြူတော်ဘက်က ကြေညာချက်တစ်ခုမှာတော့ မွန်ဂိုလီးယားဝန်ကြီးချုပ်ရဲ့ ခရီးစဥ်ဟာ ” မွန်ဂိုလီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြားက တတိယအိမ်နီးချင်း မိတ်ဖက်ဆက်ဆံရေးကို ရည်ရွယ်တယ်” လို့ ပြောထားပါတယ်။

အမေရိကန်နဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံစလုံးကတော့ ”နှစ်နိုင်ငံအပြန်အလှန်အကျိုးစီးပွား” အတွက် နယ်ပယ် အသီးသီးမှာ စီးပွဦးရေး ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်ဆောင်ဖို့ မျှော်လင့်တဲ့အကြောင်းပြောထားပါတယ်။

အနောက်နိုင်ငံတွေဟာ သံတမန်ဆက်ဆံရေး ဖြန့်ကြက်လာတဲ့ မွန်ဂိုးလီးယားရဲ့ အားထုတ်မှုကို အားပေးပေမဲ့ သမ္မတ ပူတင်ရဲ့ ခရီးစဥ်ကို နွေးနွေးထွေးထွေးကြိုဆိုမှုကြောင့် ရှိနှင့်ထားပြီးသား သံတမန်ရေးတိုးတက်မှုကို ခြိမ်းခြောက်မှုဖြစ်လာစေသလို ရုရှားနဲ့ သူ့ရဲ့အိမ်နီးချင်း မွန်ဂိုလီးယားတို့ရဲ့ ဆက်ဆံရေးဟာ ပိုပြီး ခိုင်ကြည်လာတယ်ဆိုတာကိုလည်း ပြသနေပါတယ်။

ရေးသားသူ –BBC burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...