ရုရှားက ထောက်လှမ်းမည်စိုး၍ ရုံးအလုပ်များတွင် တယ်လီဂရမ်ကို အသုံးပြုမှုကို ယူကရိန်းပိတ်ပင်

International News Tech
ရုရှားက ထောက်လှမ်းမည်စိုး၍ ရုံးအလုပ်များတွင် တယ်လီဂရမ်ကို
အသုံးပြုမှုကို ယူကရိန်းပိတ်ပင်

တယ်လီဂရမ်လူမှုကွန်ရက်ပေါ်တွင် အသုံးပြုသူများနှင့် မက်ဆေ့ချ်များကို ရုရှားနိုင်ငံ က လျှို့ဝှက်စွာစောင့်ကြည့်ထောက်လှမ်းနေနိုင်ကြောင်း ယုံကြည်ရသဖြင့် အစိုးရအရာရှိများ ၊ စစ်ဘက်ပုဂ္ဂိုလ်များ နှင့် အခြားအရေးပါသော အစိုးရဝန်ထမ်းများအနေဖြင့် ရုံးအလုပ်နှင့် ဆက်စပ်သောလုပ်ငန်းများတွင် ယင်းအက်ပလီကေးရှင်းအား အသုံးပြုခြင်းအား ပိတ်ပင်လိုက်ကြောင်း ယူကရိန်းနိုင်ငံ၏ ထိပ်တန်း လုံခြုံရေးအဖွဲ့အစည်းက ပြောကြားသည်။

တယ်လီဂရမ် ပလက်ဖောင်းကို ရုရှားထောက်လှမ်းရေးအဖွဲ့များက လျှို့ဝှက်စောင့်ကြည့်နိုင်သည့် အထောက်အထားကို ယူကရိန်း စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ က သက်သေပြခဲ့ပြီးနောက် အဆိုပါကန့်သတ်ချက်များ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ယူကရိန်း အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ က ပြောကြားသည်။

အစိုးရလုပ်ငန်းတွင် အသုံးပြုသည့် နည်းပညာပစ္စည်းများတွင်သာ ယင်းသို့ ကန့်သတ်ခြင်းဖြစ်ကာ ပုဂ္ဂိုလ်ရေးအရ အသုံးပြုမှုများကို ပိတ်ပင်ခြင်းမရှိကြောင်း ယူရိန်းလုံခြုံရေးကောင်စီ၏ သတင်းအမှားများ တန်ပြန်ချေဖျက်ရေး အကြီးအကဲ က ပြောကြားသည်။

တယ်လီဂရမ်ကို ယူကရိန်းတွင်သာမက ရုရှားနိုင်ငံတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ က ယူကရိန်းကို ရုရှားကျူးကျော်ပြီး ဖြစ်ပေါ်လာခဲ့သည့် စစ်ပွဲအတွင်း အဓိကသတင်းရရှိရာနေရာလည်းဖြစ်လာခဲ့သည်။
သို့ရာတွင် စစ်ပွဲအတွင်း တယ်လီဂရမ်အား အသုံးပြုနေခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ယူကရိန်းလုံခြုံရေးအရာရှိများက အကြိမ်ကြိမ်ပြောကြားခဲ့ကြသည်။

တယ်လီဂရမ် က မည်သူတစ်ဦးတစ်ယောက်၏ အချက်အလက် သို့မဟုတ် ရေးသားထားသည့်အကြောင်းအရာကို ရုရှားအပါအဝင် မည်သည့်နိုင်ငံအစိုးရကိုမှ ဖော်ထုတ်ပေးခြင်းမရှိခဲ့ကြောင်း ယူကရိန်း၏ ဆုံးဖြတ်ချက် ထွက်လာခဲ့ပြီးနောက် တယ်လီဂရမ်ကုမ္ပဏီ က ထုတ်ပြန်ချက်ဖြင့် ပြောကြားသည်။

သမ္မတ ဇီလန်စကီး အပါအဝင် ယူကရိန်း စစ်ဘက်အရာရှိကြီးများ ၊ မြို့တော်နှင့် ဒေသဆိုင်ရာအရာရှိများ က စစ်ပွဲ၏ နောက်ဆုံးအခြေအနေများနှင့် အရေးကြီးဆုံးဖြတ်ချက်များကို တယ်လီဂရမ်ပေါ်ကနေ အသိပေးလေ့ရှိကာ ယူကရိန်းနိုင်ငံသား ၇၅ ရာခိုင်နှုန်းကလည်း ယင်းအက်ပလီကေးရှင်းကို အသုံးပြုကြကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...