ရုရှားအား ဒုံးကျည်ထောက်ပံ့ခြင်းကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများအပေါ် တုံ့ပြန်မည်ဟု အီရန်ပြော

International News
ရုရှားအား ဒုံးကျည်ထောက်ပံ့ခြင်းကြောင့် အနောက်နိုင်ငံများ၏
ပိတ်ဆို့အရေးယူမှုများအပေါ် တုံ့ပြန်မည်ဟု အီရန်ပြော

ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန် ရုရှားနိုင်ငံသို့ တာတိုပစ်ဒုံးကျည်များထောက်ပံ့ပေးခဲ့ကြောင်း အနောက်နိုင်ငံများ၏ စွပ်စွဲချက်များကို အီရန်က ရှုတ်ချခဲ့ပြီး ဥရောပသုံးနိုင်ငံမှ ချမှတ်ထားသော ပိတ်ဆို့မှုအသစ်များကို တုံ့ပြန်သွားမည်ဟု ကတိပြုပြောကြားသည်။

အီရန်က ရုရှားအား ပဲ့ထိန်းဒုံးကျည်များ ပေးပို့ခြင်းမရှိကြောင်းနှင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် မှားယွင်းသော ထောက်လှမ်းမှုများကို လုပ်ဆောင်နေကြောင်း တီဟီရန်၏ နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ်အာရက်ချီ က ယမန်နေ့တွင် ပြောကြားသည်။

ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က ကြေညာထားသည့် ပိတ်ဆို့အရေးယူမှုများကို အီရန်ပြည်သူများအပေါ် စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုကင်ပွန်းတပ်ခဲ့ပြီး ဥရောပသုံးနိုင်ငံအနေနှင့် သင့်လျော်ပြီး ညီမျှသော အရေးယူဆောင်ရွက်မှုကို ရင်ဆိုင်ရမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီ က ပြီးခဲ့သည့်အင်္ဂါနေ့တွင် ကတိပြုပြောကြားသည်။

မော်စကိုအား လက်နက်များ ထောက်ပံ့နေကြောင်း အမေရိကန်က အီရန်ကို တရားဝင်စွပ်စွဲခဲ့ပြီးနောက် ယင်းနေ့အစောပိုင်းတွင်ပင် ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့က ပိတ်ဆို့အရေးယူမှုများကို ကြေညာခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်တွင် အီရန်နိုင်ငံသို့ လေကြောင်းဝန်ဆောင်မှုများ ပေးအပ်ခြင်းဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်များကို ရုပ်သိမ်းပြီး အီရန်လေကြောင်းလိုင်းများ ဥရောပသို့ ပျံသန်းမှုကို ကန့်သတ်မည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။


ထို့ပြင် အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည်များ၊ တခြားလက်နက်များကို ရုရှားထံ လွှဲပြောင်းပေးရာတွင် ပတ်သက်နေသည့် အရေးပါသောအဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များကိုလည်း အ‌ရေးယူမှုများ ချမှတ်သွားမည်ဖြစ်ကြောင်း ဥရောပသုံးနိုင်ငံကပြောကြားသည်။

အီရန်ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် အမေရိကန်ကကြေညာထားသည့် အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်ပတ်သက်၍ ပြောကြားထားခြင်းမရှိပေ။
“အီရန်က ရုရှားဖက်ဒရေးရှင်းကို ပဲ့ထိန်းဒုံးကျည်တွေ ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လုံးဝအခြေအမြစ်မရှိသလို မှားနေပါတယ်” ဟု ကာနာနီ က ပြောကြားသည်။
သို့သော်လည်း ယူကရိန်းအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီးကတည်းက အီရန်က ၎င်း၏ Shahed ဒရုန်းများကို ရုရှားနိုင်ငံသို့ ထောက်ပံ့ပေးခြင်းဖြင့် မော်စကိုနှင့် တီဟီရန်တို့ ပိုမိုနီးကပ်လာခဲ့သည်။

ရုရှားသည် အီရန်ထံမှ ပဲ့ထိန်းဒုံးကျည်များ တင်ပို့ရောင်းချမှုကို လက်ခံရရှိခဲ့ပြီး ယူကရိန်းတွင် လာမည့်သီတင်းပတ်များအတွင်း အသုံးပြုဖွယ်ရှိကြောင်း အင်္ဂါနေ့က လန်ဒန်ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လမ်မီနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် မော်စကိုနှင့် တီဟီရန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကျယ်ပြန့်သော ဥရောပလုံခြုံရေးကို ခြိမ်းခြောက်လာကြောင်း သတိပေးခဲ့ပြီး အကွာအဝေး ၁၂၀ ကီလိုမီတာ (၇၅ မိုင်) အထိပစ်ခတ်နိုင်သည့် Fath-360 ဒုံးကျည်ကို အသုံးပြုရန် ရုရှားစစ်ဘက်မှ လူဒါဇင်ပေါင်းများစွာက အီရန်တွင် လေ့ကျင့်မှုပြုလုပ်ထားကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...