အစ္စရေးလေကြောင်းတိုက်ခိုက်မှု လူ ၅၀၀ နီးပါးthayဆုံး၊ အရပ်သားများ နိုင်ငံမှထွက်ပြေးဟု လက်ဘနွန်ပြောကြား

International News
အစ္စရေးလေကြောင်းတိုက်ခိုက်မှု လူ ၅၀၀ နီးပါးthayဆုံး၊
အရပ်သားများ နိုင်ငံမှထွက်ပြေးဟု လက်ဘနွန်ပြောကြား

ယမန်နေ့(စက်တင်ဘာ ၂၃ ရက်) တွင် ဟစ်ဘိုလာအဖွဲ့၏ ပစ်မှတ်ပေါင်းတစ်ထောင်ကျော်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ကာ လူ ၄၉၂ ဦးသေဆုံးခဲ့ကြောင်းနှင့် အရပ်သား ထောင်နှင့်ချီ ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြရကြောင်း အာဏာပိုင်များကပြောကြားသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၂၄ ဦးနှင့် အမျိုးသမီး ၄၂ ဦး အပါအဝင် လူပေါင်း ၄၉၂ ဦး သေဆုံးကာ ၁၆၄၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနကပြောကြားပြီး ယင်းမှာ ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်ပိုင်း လူအသေအပျောက်အများဆုံး နေ့တစ်နေ့ ဖြစ်ကြောင်း လက်ဘနွန်အရာရှိတစ်ဦး က ပြောကြားသည်။

အစ္စရေးက လက်ဘနွန်ပြည်သူများနှင့် စစ်ဖြစ်နေခြင်းမဟုတ်ကြောင်းနှင့် ဟစ်ဘိုလာအဖွဲ့နှင့် စစ်ဆင်နွဲနေခြင်းဖြစ်ကြောင်း သို့သော် ဟစ်ဘိုလာတို့က လက်ဘနွန်ပြည်သူတွေကို လူသားဒိုင်းများအဖြစ် ကြာမြင့်စွာအသုံးချနေကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က မိန့်ခွန်းတစ်ရပ်တွင် ပြောကြားသည်။

အစ္စရေး၏ ရက်စက်ကြမ်းကြုတ်မှုများမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် အရပ်သားများခိုလှုံနိုင်ရန် စာသင်ကျောင်းများနှင့် အခြားနေရာဌာနများအပါအဝင် လူပေါင်း ၂၆၀၀၀ အတွက် ယာယီခိုလှုံရေးစခန်း ၈၉ ခုဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အကျပ်အတည်းတုံ့ပြန်မှုပေါင်းစပ်ရေးဝန်ကြီး နက်ဆာယက်ဆင် က ပြောကြားခဲ့သည်။

အစ္စရေးသည် နိုင်ငံတောင်ဘက်မျက်နှာစာတွင် ဂါဇာမှ ဟားမားစ်အဖွဲ့ကို တစ်နှစ်နီးပါးစစ်ဆင်နွှဲခဲ့ပြီးနောက် မြောက်ဘက်မျက်နှာစာ လက်ဘနွန်နိုင်ငံမှ ဟစ်ဘိုလာအဖွဲ့ဘက် ဦးလှည့်လာခြင်းဖြစ်ကာ ယင်းနှစ်ဖွဲ့စလုံးကို အီရန်က အဓိကထောက်ခံပေးထားခြင်းဖြစ်သည်။

လက်ဘနွန်နိုင်ငံ တောင်ဘက်၊ အရှေ့ဘက်နှင့်မြောက်ဘက်ရှိ ဟစ်ဘိုလာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ကပြောကြားသည်။
နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံမြောက်ပိုင်းမှ လူပေါင်းခြောက်သောင်းကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းထားကြသည်။

မြောက်ပိုင်းတွင် နေထိုင်သူများ ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်သည်အထိ ဟစ်ဘိုလာတို့ကို ချေမှုန်းသွားမည်ဖြစ်ကြောင်း အစ္စရေးက ပြောကြားထားပြီး ဟစ်ဘိုလာတို့ကလည်း ဂါဇာတွင် အပစ်အခတ်ရပ်စဲမှုရရှိချိန်အထိ အစ္စရေးကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ကြုံးဝါးထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...