စက်ဘီးနဲ့ အမြန်ဆုံး စံချိန်တင် ကမ္ဘာပတ်နိုင်ခဲ့တဲ့ အမေရိကန်အမျိုးသမီး

International News Sports
စက်ဘီးနဲ့ အမြန်ဆုံး စံချိန်တင် ကမ္ဘာပတ်နိုင်ခဲ့တဲ့ အမေရိကန်အမျိုးသမီး

ထူးထူးကဲကဲ ခံနိုင်ရည်စွမ်း အရှိဆုံး အမေရိကန်စက်ဘီးသမား လေးယာလ် ဝေးလ်ကော့စ်ဟာ ကမ္ဘာတစ်ပတ် စက်ဘီးနဲ့ အမြန်ဆုံးပတ်နိုင်တဲ့ အမျိုးသမီးအဖြစ် စံချိန်တင်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရှီကာဂိုမြို့ကနေ အစပြုပြီး ရှီကာဂိုမြို့မှာ ပြန် အဆုံးသတ်ခဲ့တဲ့ မိုင်ပေါင်း ၁၈,၁၂၅ မိုင်အရှည်ရှိတဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို လေးယာလ် ဝေးလ်ကော့စ်ဟာ စက်ဘီးနဲ့ ၁၀၈ ရက်၊ ၁၂ နာရီ၊ ၁၂ မိနစ်ကြာ ခရီးနှင်နိုင်ခဲ့တာဖြစ်ပါတယ်။

အရင်က ၁၂၄ ရက်၊ ၁၁ နာရီနဲ့ စံချိန်ချိုးခဲ့သူ စကော့တလန်ပြည်နယ်က ဂျန်နီ ဂရေဟမ်ကို အခုအခါ သူက ကျော်တက်သွားခဲ့ပါပြီ။

အလက်စကာပြည်နယ်က အသက် ၃၈ နှစ်အရွယ် ဝေးလ်ကော့စ်ဟာ မေလ ၂၈ ရက်နေ့က ခရီးစတင်နှင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့တိုက်ကြီး ၄ ခုက နိုင်ငံပေါင်း ၂၁ နိုင်ငံကို ကျော်ဖြတ်ခဲ့အပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၉ နာရီလောက်မှာ ရှီကာဂိုမြို့ကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

လေးယာလ် ဝေးလ်ကော့စ်၊ စက်ဘီး၊ ကမ္ဘာတစ်ပတ်ဓာတ်ပုံ ရင်းမြစ်,Rugile Kaladtye
ဓာတ်ပုံ ပုံစာ,ရှီကာဂိုမြို့ကို ပြန်အရောက် အောင်ပွဲဆင်နွှဲနေတဲ့ ဝေးလ်ကော့စ်
သူ့ခရီးစဉ်အတွင်း တစ်နေ့ကို ၁၄ နာရီလောက် စက်ဘီးနင်းခဲ့ပြီး အခုအခါ သူ့ကို ဂင်းနစ်စ် ကမ္ဘာ့စံချိန် (Guinness Book of World Records)မှာ ထည့်သွင်းဖို့ စိစစ်နေကြပါတယ်။

ခရီးရှည်စက်ဘီးသမားတွေဟာ တစ်နေ့ကို ကယ်လိုရီ ၆,၀၀၀ ကနေ ၁၀,၀၀၀ အထိ လောင်ကျွမ်းစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

“ဝေးလ်ကော့စ် ဟာ မယုံနိုင်လောက်အောင် ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်း ကြံ့ခိုင်မှုရှိပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ပြင်းထန်တဲ့အားထုတ်မှုတွေကြောင့် အခုလိုလုပ်နိုင်ခဲ့တာဖြစ်တယ်”လို့ Cycling Weekly စက်ဘီး အပတ်စဉ် မဂ္ဂဇင်းရဲ့ မြောက်အမေရိက အယ်ဒီတာ အန်း မာရီး ရွတ်ခ်က ပြောပါတယ်။

“ကြီးမားတဲ့ အားထုတ်မှုကြောင့်သာ ရက်ပေါင်း ၁၀၈ ရက်စလုံး နေ့စဉ်မပြတ် စက်ဘီးနင်းနိုင်ခဲ့တာပါ”

ဝေးလ်ကော့စ်ဟာ အမေရိကန်နိုင်ငံတဝန်း မိုင် ၄,၀၀၀ အကွာအဝေးကို စက်ဘီးနဲ့ ဖြတ်နင်းနိုင်ခဲ့တဲ့ Trans Am စက်ဘီးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ပါတယ်။ သူဟာ ရော့ကီ တောင်တန်းကို ပိုင်းခြားထားတဲ့ အမေရိကတိုက်တလျှောက် ကြမ်းတမ်းတဲ့ Tour Divide စက်ဘီးပြိုင်ပွဲမှာလည်း စံချိန်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ခရီးအစပြုတဲ့နေရာမှာပဲ ခရီးအဆုံးသတ်ရမှာဖြစ်ပြီး ခရီးစဉ်ဦးတည်ချက်အတိုင်းသွားဖို့ ဂင်းနစ်စံချိန်အဖွဲ့က သတ်မှတ်ထားတာဖြစ်တာကြောင့် ဝေးလ်ကော့စ် အခုနောက်ဆုံး တင်ခဲ့တဲ့စံချိန်ကို ကမ္ဘာတစ်ပတ် ခရီးစဉ်အဖြစ် အဆိုပြုခဲ့တာဖြစ်ပါတယ်။

မတရားမှုက တွန်းပို့လို့ အမျိုးသမီးရေး ရှေ့ထွက် ရပ်တည်ခဲ့သူ

လေယာဉ်၊ သင်္ဘော၊ လူထုသယ်ယူပို့ဆောင်မှုအပါအဝင် စက်ဘီးသမားတစ်ဦးရဲ့ ခရီးစဉ်အားလုံးဟာ ကမ္ဘာ့ အီကွေတာအဝန်း အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၄၀,၀၀၀ နဲ့ ညီမျှရမှာ ဖြစ်ပါတယ်။ စက်ဘီးနင်းတဲ့ ခရီးအကွာအဝေးက အနည်းဆုံး ကီလိုမီတာ ၂၈,၉၇၀ ကျော်ဖို့ လိုအပ်ပါတယ်။

ဝေးလ်ကော့စ်ဟာ ရှီကာဂိုမြို့ကနေ နယူးယောက်မြို့ကို ဦးတည်ပြီး စက်ဘီးနဲ့ ခရီးစနှင်ခဲ့ပါတယ်။ အဲဒီကနေ ပေါ်တူဂီနိုင်ငံကို လေယာဉ်နဲ့ ခရီးဆက်ခဲ့တာပါ။

အဲဒီနောက်မှာတော့ မြောက်ပိုင်းကနေ အမ်စတာဒမ်မြို့ဆီ သီတင်းပတ်ပေါင်းများစွာ စက်ဘီးနင်းခဲ့ရပါတယ်။ အဲဒီကနေ ဂျာမနီနိုင်ငံထဲကဖြတ်၊ အဲလ်ပ်(Alps)တောင်တန်းတလျှောက် စက်ဘီးနင်းရင်း ဘော်လကန်ဒေသထဲ ဝင်ခဲ့ပါတယ်။ အဲဒီကနေမှ တူရကီနိုင်ငံကနေ ဂျော်ဂျီယာနိုင်ငံထဲ ဝင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဝေးလ်ကော့စ်ဟာ သြစတြေးလျနိုင်ငံဆီ လေယာဉ်နဲ့ သွားခဲ့ပါတယ်။ ပါ့သ်မြို့ကနေ တောင်ပိုင်းကမ်းရိုးတန်းတလျှောက် ခရီးဆက်ခဲ့ပြီး ဘရစ်စ်ဘိန်းမြို့ဆီ သွားခဲ့ပါတယ်။ အဲဒီကနေ လေယာဉ်နဲ့ နယူးဇီလန်နိုင်ငံဆီ သွားခဲ့ပါတယ်။

ကျွန်းစုနှစ်စုစလုံးကို ခရီးနှင်ခဲ့အပြီးမှာတော့ ဝေးလ်ကော့စ်ဟာ သူ့ရဲ့ မွေးရပ်ဇာတိ အလက်စကာပြည်နယ်၊ အန်ခိုရိတ်ချ်မြို့ဆီ လေယာဉ်နဲ့သွားခဲ့ပါတယ်။ အဲဒီကနေ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက် စက်ဘီးနင်းပြီး လော့စ် အိန်ဂျလိစ်မြို့ဆီ သွားခဲ့ပါတယ်။ လော့စ် အိန်ဂျလိစ်မြို့ကနေ Route 66 အဝေးပြေးလမ်းမကြီးအတိုင်း စက်ဘီးနဲ့ ရှီကာဂိုမြို့ဆီ ပြန်နင်းလာခဲ့ပါတယ်။

လက်ရှိ စံချိန်တင်ထားသူ ဂရေဟမ်က ဝေးလ်ကော့စ် ပန်းဝင်လာတဲ့နေ့မှာ သူဝမ်းသာအားရ အားပေး ကြိုဆိုခဲ့တယ်လို့ ပြောပါတယ်။ “ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ကိုယ်တတ်ကျွမ်းတဲ့ အားကစားနဲ့ ရအောင် ယူဖို့ ကြိုးစားတဲ့အမျိုးသမီးတွေကို တွေ့ရတာ အံ့သြဝမ်းသာမဆုံး ဖြစ်ရပါတယ်။ ကျွန်မက သူ့ကို အရမ်းကြိုက်တဲ့ ပရိသတ်ပါ”

Cycling Weekly စက်ဘီး မဂ္ဂဇင်းရဲ့ အယ်ဒီတာ ရွတ်ခ်ကလည်း ဝေးလ်ကော့စ်နဲ့ ဂရေဟမ် တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် တခြားအမျိုးသမီးတွေ အတုယူစရာ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

“ဂျန်နီ ဂရေဟမ်၊ လေးယာလ် ဝေးလ်ကော့စ်နဲ့ သူတို့လို တခြားအမျိုးသမီးတွေရဲ့ အားထုတ်မှုက ဘောင်ကျော်နိုင်တယ်ဆိုတာကို ပြလိုက်တာပါပဲ။ စက်ဘီးအားကစား ဘောင်တင်မက အမျိုးသမီး အားကစားအားလုံးမှာ သတ်မှတ်ထားတဲ့ ဘောင်တွေကို ကျော်ပြလိုက်တာ ဖြစ်ပါတယ်။”

“ဘာမဆိုဖြစ်နိုင်တယ်” – ဧဝရတ်တောင်ကို အမြန်ဆုံးတက်ခဲ့သူ တစ်ကိုယ်ရည်မိခင်
လေးယာလ် ဝေးလ်ကော့စ်၊ စက်ဘီး၊ ကမ္ဘာတစ်ပတ်ဓာတ်ပုံ ရင်းမြစ်,Rugile Kaladtye
ဓာတ်ပုံ ပုံစာ,ပန်းခင်းတွေဘေးကနေ စက်ဘီးဖြတ်နင်းသွားတဲ့ ဝေးလ်ကော့စ်
ဝေးလ်ကော့စ်ရဲ့ စက်ဘီးခရီးစဉ်ကို သူ့ရဲ့ ဇနီးသည် ရူဂျိုင်းလ် ကာလာဒိုက်က ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာမှာ ဆက်တိုက်တင်ပေးခဲ့ပါတယ်။ သူတို့ စုံတွဲဟာ ခရီးစဉ်တလျှောက် အဆိုးအကောင်း အတွေ့အကြုံတွေကို ပေါ့ဒ်ကတ်စ်နဲ့လည်း နေ့စဉ် တင်ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝေးလ်ကော့စ် အခုတင်လိုက်တဲ့ စံချိန်သစ်က မကြာခင် ခြိမ်းခြောက်ခံရတော့မယ့် အန္တရာယ် ရှိလာနေပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗီဒန်ဂီ ကူလ်ကာနီ ဆိုတဲ့ အိန္ဒိယအမျိုးသမီး ခရီးရှည် စက်ဘီးသမား က ၇၇၀၀ ကီလိုမီတာ ခရီးကို စတင်နေတာ ၆၅ ရက် ရှိသွားပြီ ဖြစ်ပါတယ်။ သူကလည်း သူ့ခရီးစဉ်ကို ရက်ပေါင်း ၁၁၀ နဲ့ စံချိန်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...