ဟစ်ဇ်ဘိုလာ၏ ပေဂျာ ၅၀၀၀ တွင် ဖောက်ခွဲရေးပစ္စည်းများ အစ္စရေး ထည့်သွင်းခဲ့ဟုဆို

International News
ဟစ်ဇ်ဘိုလာ၏ ပေဂျာ ၅၀၀၀ တွင် ဖောက်ခွဲရေးပစ္စည်းများ
အစ္စရေး ထည့်သွင်းခဲ့ဟုဆို

ယမန်နေ့က ပေါက်ကွဲမှုများမဖြစ်ပေါ်မီ လပေါင်းများစွာကပင် လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ တင်သွင်းခဲ့သည့် မက်ဆေ့ချ်ပို့ကိရိယာ(pager) များတွင် အစ္စရေးမော့ဆက်ထောက်လှမ်းရေးအဖွဲ့ က ဖောက်ခွဲရေးပစ္စည်းများ ထည့်သွင်းထားခဲ့ကြောင်း အကြီးတန်းလက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်နှင့် အခြားသတင်းရင်းမြစ်တစ်ဦး က ရိုက်တာသတင်းဌာနကို ပြောကြားသည်။

အဆိုပါစစ်ဆင်ရေးသည် ဟစ်ဇ်ဘိုလာတို့ ယခင် က မကြုံခဲ့ဖူးသော လုံခြုံရေးကျိုးပေါက်မှုဖြစ်ကာ အင်္ဂါနေ့က လက်ဘနွန်နိုင်ငံတစ်ဝန်းတွင် ထောင်နှင့်ချီသော ပေဂျာပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လူ ကိုးဦး သေဆုံးခဲ့ကာ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများနှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး အပါအဝင် လူပေါင်း ၃၀၀၀ နီးပါးဒဏ်ရာရရှိခဲ့သည်။

ယင်းပေဂျာများမှာ ထိုင်ဝမ်အခြေစိုက် Gold Apollo အမှတ်တံဆိပ်ဖြစ်ကြောင်း လက်ဘနွန်လုံခြုံရေးရင်းမြစ် က ပြောကြားသည်။ သို့သော် ယင်းပေဂျာများကို ၎င်းတို့ ထုတ်လုပ်ခဲ့ခြင်းမဟုတ်ဘဲ အမှတ်တံဆိပ်အား အသုံးပြုခွင့်ရရှိထားသည့် ဥရောပကုမ္ပဏီတစ်ခု က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်ဝမ်ကုမ္ပဏီ က ပြောကြားသည်။


ယင်းပေါက်ကွဲမှုများနှင့်ပတ်သက်၍ အစ္စရေးကို လက်စားချေသွားမည်ဟု အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ကြုံးဝါးခဲ့ပြီး ယင်းနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက်က မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိပေ။

ယင်း လုပ်ငန်းစဉ်ကို လပေါင်းများစွာကတည်းက ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရကြောင်း သတင်းရင်းမြစ်အများအပြားက ပြောကြားပါသည်။
ဟစ်ဇ်ဘိုလာအုပ်စု က ပေဂျာ ၅၀၀၀ ကို Gold Apollo ထံမှ မှာယူခဲ့ကြောင်း နှင့် ၎င်းတို့ကို ယခုနှစ်စောစောပိုင်း က လက်ဘနွန်သို့ တင်သွင်းလာခဲ့ကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။

ယင်းပေဂျာများကို ၎င်းတို့အမှတ်တံဆိပ်ကို အသုံးပြုခွင့်ရယူထားသည့် ဥရောပကုမ္ပဏီ တစ်ခုက ထုတ်လုပ်ခဲ့ကြောင်း Gold Apollo ကုမ္ပဏီတည်‌ထောင်သူ ရှူချန်ကွမ် က ပြောကြားခဲ့သော်လည်း ယင်းကုမ္ပဏီနာမည်ကို ထုတ်မပြောခဲ့ပေ။

လက်ဘနွန်စီနီယာလုံခြုံရေး သတင်းရင်းမြစ် က ပေဂျာမော်ဒယ် AP924 ဓာတ်ပုံကို ဖော်ထုတ်အတည်ပြုခဲ့သည်။ ယင်းပေဂျာများမှာ အခြားပေဂျာများကဲ့သို့ပင် မက်ဆေ့ချ်ကို လက်ခံပြီး ပြသပေးသော်လည်း ဖုန်းခေါ်ဆို၍မရပေ။

အစ္စရေးတို့၏နည်းပညာဖြင့် ခြေရာခံခြင်းကို ရှောင်ရှားနိုင်ရေးအတွက် နည်းပညာနိမ့် ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ဟစ်ဇ်ဘိုလာတို့က ပေဂျာများကို အသုံးပြုကြခြင်း ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုက ရိုက်တာအား ယခုနှစ်စောစောပိုင်းက ပြောကြားသည်။

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ကုတ်နံပါတ်လက်ခံနိုင်သော ဘုတ်တစ်ခုကို မော့ဆက်အဖွဲ့က ယင်းပေဂျာများတွင် ထည့်သွင်းခဲ့ပြီး ယင်းကုတ်ကို ပို့လိုက်ပြီးနောက် ပေဂျာများက လက်ခံလိုက်ချိန်၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...