အဆင့်မြင့်အရာရှိတွေပါတဲ့ ရိုဟင်ဂျာအရေးဆွေးနွေးပွဲလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ပြင်နေ

International News
အဆင့်မြင့်အရာရှိတွေပါတဲ့ ရိုဟင်ဂျာအရေးဆွေးနွေးပွဲလုပ်ဖို့
ဘင်္ဂလားဒေ့ရှ်ပြင်နေ

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ မိုဟာမက်ယူနွတ်ကဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်နေတဲ့ ရိုဟင်ဂျာတွေအရေးအဆင့်မြင့်အစည်းအဝေးတရပ်ကိုကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး တာဝန်ခံ တောဟစ်ဟူစိန်က ပြောပါတယ်။

မိုဟာမက်ယူနွတ် ဟာ အမေရိကန်၊ နယူးယောက်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ကိုရောက်နေပြီး အဲဒီညီလာခံရဲ့ ဘေးပန်းဆွေးနွေးပွဲအနေနဲ့ အဆင့်မြင့်အရာရှိတွေပါတဲ့ ရိုဟင်ဂျာတွေအရေးဆွေးနွေးပွဲတရပ်ကို ကျင်းပဖို့ပြင်နေတာလို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီအစည်းအဝေးကို အဆင့်မြင့်အစည်းအဝေးဖြစ်မယ်လို့ပြောပြီး ပါဝင်ဆွေးနွေးသူများများနဲ့ ကျင်းပဖို့ကြိုးစားနေပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ မိုဟာမက်ယူနွတ်ကတော့ မြန်မာဘက်ကရိုဟင်ဂျာ ၁ သန်း ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေပြီး ဒီပမာဏဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကလက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်နေတာကြောင့် ရိုဟင်ဂျာအရေးဖြေရှင်းနိုင်မယ့် အကြံသစ်တွေပေးဖို့ ကုလမိန့်ခွန်း မှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပါဝင်သင့်သူအားလုံးပါဝင်တဲ့ ရိုဟင်ဂျာအရေးညီလာခံကို အမြန်ဆုံးကျင်းပေးရေးကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ဘင်္ဂလားဒေ့ရှ်အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခေါ်ယူထားတဲ့ဒေသတွင်းက အိမ်ရှင်လူ့အဖွဲ့အစည်းနဲ့ ရိုဟင်ဂျာတွေအရေး ကူညီရေးကိစ္စရပ်တွေမှာ အမေရိကန်ဒေါ်လာ ၁၉၉ သန်း ထည့်ဝင်သွားမယ် လို့ အမေရိကန် အရပ်ဘက်လုံခြုံရေး၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး အူဇရာဇေယာက ပြောထားပါတယ်။

“အမေရိကန်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လက်ခံထားတဲ့ လူ့အဖွဲ့အစည်း မြှင့်တင်ရေးအတွက် ဘင်္ဂလား‌ဒေ့ရှ်ကြားဖြတ်အစိုးရ နဲ့အတူ လက်တွဲလုပ်ကိုင်သွားပါမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ကြီးလေးတဲ့တာဝန်ကြီးကို ဘင်္ဂလား‌ဒေ့ရှ်တစ်နိုင်ငံတည်းကပဲတာဝန်ယူရတာမျိုးမဖြစ်စေချင်ဘူး” လို့ အတွင်း ရေးမှူး အူဇရာ ဇေယာက ပြောပါတယ်။

အမေရိကန်ရဲ့အထောက်အပံ့ကို ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ယာယီစခန်း၊စားနပ်ရိက္ခာ၊ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ပညာရေး နဲ့ အရည်အသွေးမြှင့်တင်ရေးသင်တန်းတွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အူဇရာ ဇေယာက ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာအရေးမှာ ဒေသတွင်းအာဆီယံအဖွဲ့ဝင်တွေရဲ့ ကူညီထောက်ပံ့မှု ရယူပြီး ဆက်လက်လုပ်ကိုင်ဖို့ တိုက်တွန်းတယ်လို့ဆိုထားပါတယ်။

အမေရိကန်အနေနဲ့ ၂၀၀၉ ခုနှစ်ကစလို့ ရိုဟင်ဂျာဒုက္ခသည် ၁၇,၀၀၀ ကို ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့သလို ၂၀၂၂ခုနှစ်နောက်ပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...