တိုင်ဖွန်းမုန်တိုင်း “ရာဂိ” နှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးလေပြင်းတိုက်နိုင်

Local News
တိုင်ဖွန်းမုန်တိုင်း “ရာဂိ” နှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်
မိုးကြီးလေပြင်းတိုက်နိုင်

တိုင်ဖွန်းမုန်တိုင်း “ရာဂိ” နှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမည့် ၂၂ နာရီအတွင်း တိုင်းနှင့် ပြည်နယ်တချို့၌ မိုးကြီး၍ လေပြင်းတိုက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဌာနမှ လေကြောင်း မိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန် က ခန့်မှန်းထားသည်။
မိတ္ထီလာလေကြောင်း မိုးလေဝသရုံး၏တိုင်းထွာချက်အရ လာမည့် ၂၂ နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးရွာသွန်းနိုင်ကြောင်းသိရသည်။

မိုးထစ်ချုန်းရွာသွန်းနိုင်သည့်‌ ဒေသများအနေဖြင့် ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ဦးဝေဖြိုးဟန် က လူမှုကွန်ရက်တွင်အသိပေးရေးသားထားသည်။

“မိုးက သုံးရက်လောက်ဆက်တိုက်များလာတော့မှာမို့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ မိုးကြီးရေလျှံ ဖြစ်လာပြီး ကားလမ်းပေါ် ရေကျော်၊ ရပ်ကွက်လူနေအိမ်တွေမှာ ရေအိုင်တာတွေ မဖြစ်ကြစေဖို့ ရေစီးရေလာကောင်းမွန်အောင်ပြုလုပ်ထားကြဖို့အကြံပြုပါတယ်” ဟု မိုးဇလဌာနမှ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန် က အသိပေးထားသည်။

ထို့ပြင်(စက်တင်ဘာ ၈ ရက် မှ ၁၂ ရက်)အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကျန်ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားသည်။

ကုန်းမြင့်ဒေသအနီးနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ ရေကြီး၊ ရေလျှံခြင်းများကို ကြိုတင်သတိပြုရန်၊ ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလကအသိပေးထားသည်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...