အားကောင်းသော အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်အဖြစ် ရောက်ရှိဟု မိုး/ဇလထုတ်ပြန်

Local News
အားကောင်းသော အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်အဖြစ်
ရောက်ရှိဟု မိုး/ဇလထုတ်ပြန်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် အားကောင်းလာကာ အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်(SOULIK)အဖြစ်သို့ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့(စက်တင်ဘာ ၁၉ ရက်)တွင်ထုတ်ပြန်သည်။

အဆိုပါအပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်(SOULIK) သည် ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေကိုဖြတ်ကျော်နိုင်ကာ၊ စက်တင်ဘာ ၂၀ ရက်တွင် အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်(SOULIK)၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးအားကောင်းလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လေပွေလှိုင်း၏အရှိန်ကြောင့် (စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်) အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် မိုးလေဝသနှင့်ဇလဗေဒဌာနမှ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်ကလည်း အဆိုပါ ငါးရက်အတွင်း ယင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်လာနိုင်ကြောင်း လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။
“ကြိုတင်ပြင်ဆင်ချိန်များစွာရရှိပါတယ်။ စိုက်ပျိုးရေးသမားများအနေနဲ့ သီးနှံပင်များ ပျက်စီးမှုမရှိအောင် ကြိုတင်အစီအမံများလုပ်ဆောင်ထားကြဖို့၊ ကားသမားများ တောင်ကျရေများလာချိန် လမ်းနှင့်ချောင်းများ ဖြတ်ကူးခြင်းတို့ကို မလုပ်ကြဖို့” ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနှင့် မြစ်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းလေကြောင်းသွားလာရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလကအသိပေးထုတ်ပြန်ထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...