လာမည့် ၄၈ နာရီအတွင်း မိုးကြီး၍ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်

Knowledge Local News
လာမည့် ၄၈ နာရီအတွင်း မိုးကြီး၍
လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်

တိုင်းနှင့်ပြည်နယ်တချို့၌ လာမည့် ၄၈ နာရီအတွင်း မိုးကြီး၍ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(စက်တင်ဘာ ၂၅ ရက်) နံနက်ပိုင်းကထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် (အနောက်အလယ်ပိုင်း)နှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်(အနောက်မြောက်ပိုင်း) အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းလွန်-ဩရိဿတောင်ပိုင်း ကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

“ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မွန်းတည့် ၁၂ နာရီခွဲရင် ဖြတ်ကျော်ဝင်ရောက်မှုပြီးသွားမယ်လို့ GEFS model ခန့်မှန်းချက်မှာ တွေ့ရပြီး ည ၆ နာရီ ခွဲမှာတော့ အိန္ဒိယနိုင်ငံကုန်းတွင်းထဲအထိ ဝင်ရောက်သွားပြီးဖြစ်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ အားကောင်းနေတဲ့ အနောက်တောင်မုတ်သုံလေအားလျော့သွားကာ စက်တင်ဘာ ၂၆ ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးအားလျော့ကျသွားနိုင်ပါမယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လာမည့် ၄၈ နာရီအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည်တို့ဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးနှင့် မြစ်ငယ်ချောင်းငယ်များ အနီးတွင်နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံခြင်းများကြိုတင်သတိပြုရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...