တဘောင်အရ ထီးတော်တင်ပြီးက ပျဉ်းမနားမြို့ရေမြုပ်မည်ဆိုတဲ့… နေပြည်တော်က နေရောင်ပြအင်းဘုရား သမိုင်းအကျဉ်း

Astrology Religion
တဘောင်အရ ထီးတော်တင်ပြီးက ပျဉ်းမနားမြို့ရေမြုပ်မည်ဆိုတဲ့…
နေပြည်တော်က နေရောင်ပြအင်းဘုရား သမိုင်းအကျဉ်း

““အင်းကို ဆင်ထိုး၊ ဆင်ထိုးတော့ အင်းကော၊ အင်းကောတော့ မြို့တည်၊ မြို့တည်တော့ ကြက်ပျံမကျစည်၊ နေရောင် ပြအင်းမြို့လယ်ဖြစ်၊ ငလိုက်ချောင်းသည် မြို့တောင် ဘက်ရောက်၊ ဆင်ဖြူတောင် စေတီသည် မြို့ဦးစေတီ””
2018 ထီးတော်တင်မည့် နေရောင်ပြအင်းဘုရား။
တဘောင်အရ ထီးတော်တင်ပြီးက ပျဉ်းမနားမြို့ရေမြုပ်မည်။

ပျဉ်းမနားမြို့၏ တဘောင်

တဘောင် ဟူသော စကားမှာ ပါဠိစကားမှဆင်းသက်လာသည် ဖြစ်၍ “တံဘာသ” ဟုဆိုသည်။ “တံ” သဒ္ဒါကား ထို ဟူသော ညွန်ကြားခြင်း နိဒဿန ပုဒ်ဖြစ်၏။ “ဘာသ” သဒ္ဒါမှာ ပြောဆို ရွတ်ဖတ်ခြင်း ဖြစ်၏။ တဘောင်၏ အနက်မှာ ထိုသို့သော နောင်အခါ၌ မည့်သို့ မည်ပုံဖြစ်မည် ကြိုတင် ပြောဆိုထားခြင်းကို ဆိုလိုသည်။

ယခုလို အချိန် မိုးများရက်ရှည်လေး ဆွေလာတာနဲ့ ကျနော် ငယ်စဉ်ကတည်းက လူကြီးသူမ အဖိုးအဖွားများပြော လေ့ရှိသော တဘောင်တခုကို သတိရနေတတ်သည်။ မြန်မာနိုင်ငံနေရာဒေသ အချို့တွင်လည်း ရေဘေး အန္တရာယ် ကြံတွေ့နေကြရသည်မှာလည်း ကြားသိနေရသည်။

တဘောင် မှန်ရန်အချက်သုံးချက် အနက် တစ်ချက် သာကျန်နေပါသည်။ ကျန်သည့် အချက် မှာလည်း အကောင်း လက္ခဏာမဟုတ်ပါ ။ မြို့ကြီးရေဖုံးလွှမ်းမည် ဆိုလား ဘုရားကို ဝါးထောက်ရှာရမည် ဆိုလား သက်ကြီးစကားသက်ငယ်ကြား ဆိုသလို ကြားထားရတာပါ။
ယခုတဘောင်မှာ အမှန်ဖြစ်ပါသည်လို့တော့ အာမ မခံပါ ။ ကောလ ဟာလ ကြားသိခဲ့ရတာလည်းဖြစ်ချင်ဖြစ်နိုင်ပါသည်။ စိုးရိမ် သောက မဖြစ်ရန် ပြောခြင်းပါ ။
ကျနော် ကြားသိရသော တဘောင် ၃ ခု ရှိလေသည်။

၎င်းတို့မှာ –
၁။ပျဉ်းမနားမြို့၏မြောက်ဘက် မြို့အထွက် ရှိ နေရောင်ပြအင်း ဘုရားတွင် ရဟန္တာတစ်ပါး ပွင့်တော်မူလိမ့်မည်။
၂။ထိုနေရောင်ပြအင်းဘုရား အနီးဝန်းကျင်ဒေသ တွင် ကြက်ပျံမကျ စည်ကား လာလိမ့်မည်။
၃။ထိုသို့စည်ကာလာပြီး လျှင် ပျဉ်းမနား မြို့ တစ်မြို့လုံးရေဖုံးလွှမ်းသွားလိမ့်မည်။ ကုန်းမို့မို့ပေါ်တွင်ရှိသော မြို့တောင်ဘက် က ကိုးခမ်းကြီးဘုရား တောင်မှ ဝါးထောက် ၍ ရှာယူရမည်။ ဟုကြားသိထားရလေသည်။

ဤသုံးချက် အနက် ပထမ နှစ်ချက်မှာ အမှန်ပင် ဖြစ်လာလေ သည်။

တစ်အချက် အနေနဲ့ 1999-2000 ခုနှစ်လောက်က ဖြစ်မည်ထင်သည်။ မြို့တစ်မြို့လုံးလိုလိုပင် ရဟန္တာ ပွင့်သည် ဟူ၍ အုံးအုံးကျွက်ကျွက် ဖြစ်ကုန်သည်။ ဖြစ်ပုံမှာ မြို့မြောက်ဖက် ပေါင်းလောင်း ကွက်သစ်ရက်ကွက် ထဲက အိမ်တစ်အိမ်ရှေ့တွင် ရဟန်းတစ်ပါး ဆွမ်းခံကြွ လာသဖြင့် အိမ်ရှင် ဆွမ်းထွက်လောင်း အပြီး လှည့် ထွက် လာစဉ် နောက်ပြန်လှည့်ကြည့်ရာ ကိုယ်တော် မှာ မရှိတော့ ပါချေ။ဘေးပတ်ဝန်းကျင်လိုက်ကြည့်ရာ ကောင်းကင်မှ ဈန်နှင့် ကြွသွားသည်ကို မြင်တွေ့ရသဖြင့် အနီးဝန်းကျင်ရှိလူများ အသိပေးဖူးမျှော် ရာမှ သတင်း ခဏအတွင်းပြန့်နှံ့သွားတော့သည်။ကိုယ်တော် ကြွသွားရာ အရပ် သို့ မှန်းဆကှာ ကားများဆိုင်ကယ်များဖြင့် တသီတတန်းကြီး နောက်ကနေလိုက်ကြသဖြင့် နေရောင်ပြအင်းဘုရားအတွင်း ကြွသွားသည်ကို မြင်လိုက်ကြရသည်ဟု သိရှိရလေ သည်။ယခုထက်တိုင် သီတင်းသုံး သာသနာပြုနေလေသည်။ထို အချိန်က စ၍ဤတဘောင်အား လူပြောများလာပါတော့ သည်။ တဘောင် ၏ပထမ အချက် မှန်လာပေ ပြီပေါ့။

နှစ်အချက်အနေဖြင့် 2006 ဝန်းကျင်မှ စ၍မြန်မာနိုင်ငံ၏ ပထမမြို့တော် နေပြည်တော် ဟု အမည်တပ်ကာ မြို့တည် ပါတော့ သည်။ တမဟုတ် အတွင်း ပင် မြို့အသွင် ပေါ်လာကာ လူများ စည်ကားလာသည်မှာ မျက်မြင် ကိုယ်တွေ့ပင် မဟုတ်ပါလား။ ကျနော် ငယ်စဉ်က ပျဉ်းမနားဆို သည်မှာ မြို့သေးလေး တစ်ခု ပင်။ နေရောင်ပြအင်းဘုရားဆိုသည်မှာ လည်း မြို့အပြင် အတော် ဝေးဝေးမှာ သာဖြစ်သည်။ ယခု တော့ ဖြင့် မြို့၏ပရဝုန်အတွင်း ရောက်မှန်းမသိရောက်သွားတော့ သည်။ နေပြည်တော်အနေဖြင့် ကြည့်ပါက ထိုဘုရားသည် အလယ် တည့်တည့် လို့ပင်ဆိုနိုင်သည်။ ထို့ ကြောင့် တဘောင်၏ဒုတိယအချက်မှာ အမှန်ပင် ဖြစ်လာပါတော့ သည်။

တတိယအချက် မှန်ရန်သာကျန်ပါတော့သည်။ စဉ်းစားကြည့်ပြန်တော့ လည်း ပျဉ်းမနား ပတ်ပတ်လည် ဆည်တွေကြီးပါ။ ဆည် အကြီး စရင်းဝင် ဖြစ်သည့် ပေါင်းလောင်း ရေအားလျှပ်စစ်နှင့် ငလိုက်ဆည် ခေါ် ကျွဲရှင်း ဆည် မှာ ကြီးမားသည် ။ ကျန်ဆည်သေးလေးတွေမှာ လည်း အများကြီးပါ ။ ပေါင်းလောင်းဆည် ဆို အထက် ပေါင်းလောင်း ဟူ၍အထက်ဖက် ကနေ နောက်တစ်ဆည် တောင် တိုးလိုက်ပါသေးသည်။
ထိုသို့ဆည်များဝန်းရံနေသည့် ပျဉ်းမနားနေကျနော် မိုးများရွာရက်ရှည်လေလေ ကြက်သီးများထလာလေလေပါ။ တဘောင် ကလည်း တတိယ အချက်သာကျန်နေသည်ကောဗျာ။ မှားပါစေလို့ လဲ ဆုတောင်းမိရဲ့။

ကျနော် ကြားသိရသည်ကိုသာတင်ပြပါသဖြင့် အားလုံးအမှန်တွေ လို့တော့ အာမမခံပါ။
အကယ်၍ ဒီစာဖတ်မိသူများထဲမှ ဤအကြောင်းအရာ အားခိုင်လုံ စွာ ငြင်းချင်သော် လည်းကောင်း ထက်မံဖြည့် စွပ်ချင်ပါသော်လည်းကောင်း comment တွင် တင် ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

နေရောင်ပြအင်း သမိုင်း

မင်းနေပြည်ကို နေပြည်တော်သို့ ပြောင်းရွှေ့ရခြင်း ဗျာဒိတ်ပေါ် ထွန်းလာပုံကို ကြည့်ပါက အလွန်တရာ မွေ့လျော်ဖွယ် ကောင်းသော ကုန်းအပြန့်နှင့် ကြာအင်းကြီး (နေရောင်ပြအင်း) အကြောင်း ကို ဦးစွာ လေ့လာရပေမည်။ သို့မှသာ ဤမြေနေရာသည် မည်မျှအရေးပါ၊ အရေးကြီးကြောင်း သိမြင်နိုင်မည်ဖြစ်သည်။

ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံသော မူသော မြတ်စွာဘုရားသည် ပလလဲတောတွင် ပလလဲဆင်မင်း၏ အလုပ်အကျွေးကို ခံယူတော်မူပြီး ဝါဆိုလေသည်။ တစ်နေ့ သောအခါ တန်ခိုးတော်အားဖြင့် ပလလဲ ဆင်မင်းကို နောက်ပါ ခေါ်တော်မူပြီးလျှင် ဟိမဝန္တာ တောမှစ၍ ဝနစာရီ ကြွချီတော်မူလာရာ တောင်ငူမြို့ အရှေ့ မြတ်စောညီနောင် တောင်၌ ခေတ္တ ရပ်တန့်တော် မူပြီး နောက်ပလလဲ ဆင်မင်းနှင့်အတူ နေရောင်ပြ အရပ်သို့ ဆိုက်ရောက် လာရာ အလွန်တရာ မွေ့လျော်ဖွယ်ကောင်းသော ကုန်းအပြန့်နှင့် ကြာအင်းကြီး (ယခုနေရောင်ပြ အင်း) တစ်ခုကို တွေ့တော်မူလေသည်။
ပလလဲ ဆင်မင်းသည် ကြာမျိုးငါးပါးနှင့် ပြည့်စုံသော နေရောင်ပြ အင်းကိုမြင်သော် လွန်စွာ ဝမ်းမြောက် လှသည်နှင့် ဤ ဌာနတွင် နေသန့်တော်မူရန် သင့်လျော် ပါသည် ဘုရားဟု လျှောက်ထားလေရာ ရှင်တော်မြတ်ဘုရားသည် ပလလဲဆင်မင်း၏ လျှောက်ထားချက်ကို လက်ခံပြီး နေရောင်ပြအင်းတွင် တစ်နေ့မျှ သီတင်းသုံး တော်မူပါသည်။

မြတ်စွာဘုရား တရားဟောတော် မူပြီးနောက် ထိုတောတောင်တွင် ကျက်စားနေ သော တောဆင်သား အဖနှစ်စီးသည် တောအတွင်း၌ အလေ့ကျ ပေါက်ရောက်လျက် ရှိနေသော ကြံများကို နှာမောင်းဖြင့် ရစ်ပတ်ဆောင်ယူပြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်သည်။ ပလလဲဆင်မင်းသည် ထိုကြံကို အရည်ညှစ်၍ ကြံရည်အဖျော် အဖြစ်ဖြင့် မြတ်စွာဘုရားကို ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် ကြံရည်ကို ဘုဉ်းပေးပြီးနောက် တောဆင်နှစ်စီးကို ကြည့်ရှုကာ ပြုံးတော်မူပါသည်။ ပြုံးတော်မူရခြင်း အကြောင်းကို ပလလဲ ဆင်မင်းကလျှောက် ထားမေးမြန်းရာ မြတ်စွာဘုရားက-
““အို ပလလဲဆင်မင်း ဤဆင်သား အဖသည် ငါဘုရားအား ကြံတို့ဖြင့် ရိုသေစွာ ပူဇော် လှူဒါန်းပေသည်။

ထိုကုသိုလ်ကြောင့်-
(၁) ဆင်သားအဖသည် ဤနေရောင် ပြအရပ်ကို အုပ်စိုး၍ ဘုန်းတန်ခိုးကြီးမားသော မင်းဧကရာဇ်များ ဖြစ်လတ္တံ့။
(၂) ဤနေရောင်ပြ အရပ်တွင် နန်းတည်၍ စံလတ္တံ့။
(၃) ငါသီတင်းသုံးတော် မူရာဖြစ်သော ဤနေရောင်ပြကုန်းသည် ကမ္ဘာဆုံးသည့် တိုင်အောင် အယုဇ္ဈအောင်မြေ ဖြစ်၍ ထိုအရပ်ကို အမှီပြုသော မင်းတိုင်းပင်လျှင် ရန်အပေါင်းကို အောင်မြင်ကုန်လတ္တံ့။
(၄) ဤနေရောင်ပြ ကြာအင်းကြီးသည် အမြဲတည်သော အင်းမဟုတ်ဘဲ ရံခါအင်း ဖြစ်၍ ရံခါ ညီညွတ်သော မြပြင်ဖြစ်လတ္တံ့။
(၅) ကြအင်းပျောက်၍ ညီညွတ်သော မြေအဖြစ်သို့ ရောက်တိုင်း ဤဌာနတွင် ဘုရင်ဧကရာဇ်တို့၏ ထီးနန်းစိုက်ရာ မြေဖြစ် လတ္တံ့။
(၆) မြို့ပြ-ပြည်ရွာ သာယာစည်ပင် လတ္တံ့။
(၇) သာသနာတော် နှစ်ထောင့်လေး ရာကျော်သောအခါ၌ ဤနေရောင်ပြအနီး သိမ်ကြီး ကိုးသိမ်ပေါ်လတ္တံ့။
(၈) ပြာသာဒ်ကိုးဆောင် ပေါ်လတ္တံ့။
(၉) ဤနေရောင်ပြ အနီးတွင် လမ်းကြီး တောင်မြောက်တွင်လတ္တံ့။
(၁၀) ငါဘုရား၏ သာသနာကို ကောင်းစွာ ရွက်ဆောင်၍ ထွန်းကားအောင် ပြုစုသော မထေရ်တစ်ပါး ပေါ်လတ္တံ့”” ဟု ဗျာဒိတ်ထားခဲ့လေသည်။

နေပြည်တော် ဟူသည့် မင်းနေပြည်သည် မင်းနေပြည်အဖြစ် မပေါ်ထွန်းမီ ကတည်းကပင် မြတ်စွာဘုရားက ဗျာဒိတ် ထားတော်မူခဲ့သည့် အကြောင်းနှင့် အိပ်မက်နိမိတ် အကြောင်းကို စာအုပ်စာတမ်းများပြု စုရေးသား ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးရေးသားသော တပင်ရွှေထီးဝတ္ထုတော်ကြီးသည် ၁၉၅၈ ခုနှစ်တွင် ဒုတိယအကြိမ် နှိပ်ခြင်းဖြစ်ပေရာ ပထမအကြိမ်သည် မည်သည့် နှစ်ဟုပြောပြရန် ရှာမတွေ့ သဖြင့် မပြောလိုက် နိုင်ပါ။ သို့သော်၂၀၁၁ ခုနှစ်နှင့် ဒုတိယ အကြိမ်ထုတ် ၁၉၅၈ ခုနှစ်တွင် တွက်ဆ လျှင် နှစ်ပေါင်း ၅၃ နှစ်မျှ ရှိခဲ့ပေပြီ။

တစ်နည်းအားဖြင့် နေပြည်တော်ဟူသည် မင်းနေပြည် ပေါ်ထွန်းလာရန် လွန်ခဲ့သော နှစ်ပေါင်း ၅၃ နှစ်ကတည်းက ရေးသားခဲ့သည်မှာ အထောက်အထား အခိုင်အမာပင် ဖြစ်သည်။ ဤသည်မှာ ယခုမြန်မာပြည် သူတို့ အားလုံး လက်လှမ်းမီသော အထောက် အထားဖြစ်၍ မည်သူမျှ ငြင်းပယ် မရသော သမိုင်းသက်သေပင် ဖြစ်သည်။
မြတ်စွာဘုရား ဗျာဒိတ်တော် ထားရှိတော် မူခဲ့သည့် အလွန်တရာ မွေ့လျော်ဖွယ် ကောင်းသော ကုန်းအပြန့်နှင့် ကြာအင်းကြီး (နေရောင်ပြအင်း)၏ အလယ်တွင် နေရောင်ပြ အင်းဘုရားကို တည်ထားလေသည်။ အဆိုပါ နေရောင်ပြ အင်းကြီးသည် နေပြည်တော် ပျဉ်းမနားမြို့ မြောက်ဘက် ၃ မိုင်ခန့် ကွာဝေးသောနေရာ၌ တည်ရှိ လေပြီး ပဌမံအင်း ဟူ၍လည်း ခေါ်ဆိုကြ သည်ဟု ပျဉ်းမနား၊ အောင်ဇော်မိုး စက်မှ ပုံနှိပ်ထုတ်ဝေသော နေရောင်ပြအင်းလယ် ဘုရားကြီး သိုက်သမိုင်း အချုပ်စာအုပ်တွင် တွေ့ရှိရသည်။

အဆိုပါ နေရာတွင် ဘုရားတည်ထား ကိုးကွယ်ရခြင်းကို ကြည့်ရှုသော် ၁၁ မေ ၁၉၅၄ ခုနှစ် လယ်ဝေးမြို့နယ် ဝက္ကမူရွာ ပဌမံဂိုဏ်းရှင် ဆရာကြီး ဦးစံလှအိပ်ပျော် နေစဉ် ညသန်းခေါင်အချိန် ““ဘိုးသိကြား၏ စေခိုင်းချက်အရ ဝေဿ၀ဏ် နတ်မင်းကြီး ကိုယ်တိုင် လာရောက်၍ နေရောင်ပြအင်း လယ်မြေဇာခုံပေါ် ကိုးထွာ ဘုရားနေ့ချင်း ပြီး တည်ဆောက်ရန် အမိန့်ပေးစေခိုင်းသည်””ကို အိပ်မက်မြင်မက်လေသည်။
မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသိဒ္ဓိယ၊ အဖွဲ့ဝင်များ ဖြစ်သော ဆရာတော်ဦးပညိန္ဒ(ရန်ကုန်)၊ ဆရာကြီးဦးသန်းညွန့်(မန္တလေး)၊ ဆရာကြီးဦးမောင်မောင်(ပုသိမ်)၊ ဆရာကြီး ဦးအောင်ချစ်(စစ်တွေ)၊ ဆရာကြီးဦးကျော်(ရန်ကုန်)၊ ဆရာကြီးဦးပြေငြိမ်း(မုံရွာ)၊ အတွင်းရေးမှူး ဆရာကြီး ဒေါက်တာဖေဉဏ် (ရန်ကုန်)တို့တက်ရောက်ကြသည် . . .

တစ်ချိန်တည်း မှာပင် ဦးကျေးရွာမှ ကုလားမ ဒေါ်စာရင် သည်လည်း အိပ်ပျော် စဉ်တွင် ““နံနက် ၈ နာရီကျော် အချိန်၌ အထက် ဆရာကြီးများ ညည်းအိမ်သို့ မျက်စိလည်၍ ရောက်လာလိမ့်မည်၊ နေရောင် ပြ အင်းဘုရား တည်ရန် ညည်းကိုယ်တိုင် အင်းလယ်တွင် ရှိသည့် မြေဇာခုံအလယ် ပန္နက်ရိုက်ရန် လက်ထောက်၍ ပြသရမည် ဟု ဘိုးတော်ဟု ထင်မြင်ရသော ဝတ်ဖြူ စင်ကြယ်နှင့် ပုဂ္ဂိုလ်လာရောက်၍ အိပ်မက်လိုလို ကိုယ်တိုင် ပြောသလိုလိုနှင့်”” အိပ်မက် မြင်မက်လေသည်။

ဖော်ပြပါ အိပ်မက်အတိုင်း ဒေါ်စောရင်သည် နံနက် ၈ နာရီကျော်တွင် အိမ်ပေါက်ဝင်းတံခါးမှ ထိုင်ပြီး စောင့်နေရာ မကြာမီ ရေငတ်၍ မောပန်းလှစွာသော လူ ၃ ယောက် ရောက်ရှိလာ ကြပြီး မျက်စိလည် နေကြောင်း ပြောပြသည်။ ဒေါ်စောရင်သည် ရောက်လာကြသော သူတို့သည် အိပ်မက် အတွင်းက လူများ ဖြစ်နေကြောင်း အံ့သြ ဖွယ်ရာ တွေ့မြင်ရလေသည်။ ထို့ကြောင့် ဒေါ်စောရင်က ““ဆရာကြီးတို့ ၃ ဦးသည် နေရောင်ပြအင်း ဘုရားတည်ရန် ရောက်လာကြသည် မဟုတ်လား””ဟုမေးရာ ထို ဆရာကြီးများ အနက် ပါလာသော ဦးစံလှဆို သူက ဒေါ်စောရင်အား““နင်ဟာ ကုလားမ ဒေါ်စောရင် မဟုတ်လား”” ဟု ပြန်လည်မေး လေသည်။ ထိုအခါ ဒေါ်စောရင်က ဟုတ်မှန်ကြောင်းနှင့် ညက အိပ်မက်တွင် အထက် ဆရာကြီးများ လာပါက နေရောင်ပြအင်းကို လိုက်ပြရန် တာဝန် ပေးထားကြောင်း အလုံးစုံ ရှင်းပြလေသည်။

ထို့နောက် ဒေါ်စောရင်သည် ဆရာကြီး ၃ဦးဖြစ်သော ဦးစံလှ၊ ဆရာတင်ခေါ် ရသေ့ကြီး ဦးသုမင်္ဂလ၊ ဆရာညီတို့ကို ဝမ်းမြောက် ဝမ်းသာဖြင့် နေရောင်ပြအင်း ဆီသို့ ခေါ်ဆောင်သွား လေသည်။ နေရောင်ပြ အင်းသို့ ရောက်သောအခါ ဒေါ်စောရင်က နေရောင်ပြ အင်းကြီးရှိ မြေဇာခုံ အလယ်တွင် ဘုရားတည်ရန် ပန္နက်ရိုက်မည့် နေရာကို ပြသသည်။ ၁၂ မေ ၁၉၅၄ ခုနှစ်တွင် ပန္နက်ရိုက်ပြီး ကိုးထွာ ဘုရားကို နေ့ချင်းပြီး တည်ရာ ညနေ ၃ နာရီတွင် တည်ပြီးတော် မူလေသည်။ ဤသို့သော မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်က ရောက်ရှိ သီတင်း သုံးတော်မူခဲ့ပြီး ဗျာဒိတ်ထားတော်မူခဲ့သည့် နေရာတွင် ထူးထွေ ဆန်းပြား လှသည့် အိပ်မက်များနှင့် နေရောင်ပြအင်း ဘုရားကို တည်ထား ကိုးကွယ်သည်ကို လေ့လာတွေ့ ရှိရ သည်။

ထိုသို့ ဗျာဒိတ်၊ အိပ်မက် နိမိတ်များ သာမက ““အင်းကို ဆင်ထိုး၊ ဆင်ထိုးတော့ အင်းကော၊ အင်းကောတော့ မြို့တည်၊ မြို့တည်တော့ ကြက်ပျံမကျစည်၊ နေရောင် ပြအင်းမြို့လယ်ဖြစ်၊ ငလိုက်ချောင်းသည် မြို့တောင် ဘက်ရောက်၊ ဆင်ဖြူတောင် စေတီသည် မြို့ဦးစေတီ””ဟူ၍ တဘောင် ပေါ်ခဲ့သည်။ ထွက်ပေါ်ခဲ့သော တဘောင်ကို ကြည့်ပါကလည်း မင်းနေပြည်အဖြစ် ပေါ်ထွန်းလာမည်ဟူ၍ တွက်ဆ၍ ရနိုင်ပေသည်။
ကူးယူဖေါ်ပြခြင်းဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...