ဘုန်းကြီးဝေါဟာရအခေါ်ဖြစ်ပေါ်လာပုံ

Astrology Religion
ဘုန်းကြီးဝေါဟာရအခေါ်ဖြစ်ပေါ်လာပုံ

– ဘုန်းကြီးဘုရား ။
> ဘာမေးချင်လို့လဲ ။
– အသက်ဘယ်လောက်ရှိပြီလဲ ဘုရား ။
> အခု အသက် စိန်ရတု၀န်းကျင်ပေါ့ကွာ ။
– ဘုန်းကြီးကြီးက “ငယ်ဖြူ” လားဘုရား ။
> ငယ်ဖြူဆိုတာဘာလဲ ။
– ငယ်ငယ်က ရဟန်းဖြစ်တာ ပြောတာပေါ့ဘုရား ။
> အဲဒါက အဲဒီလို မပြောရဘူး ။
– ဘယ်လိုပြောရမှာမို့လဲဘုရား ။
> ငယ်ငယ်က ရဟန်းပြုတာဖြစ်လို့”ငယ်ပြု” လို့ ပြောရတယ် ။
– အဲဒါ မကြားဖူးဘူးဘုရား ။
> တို့လည်းကြီးမှ ကြားဖူးတာပဲ ၊ ငယ်ငယ်ကတော့ ငယ်ငယ်ကရဟန်းပြုသူကို ငယ်ဖြူလို့ပဲ သိတာပဲ ၊ ဒေသခြားသားတစ်ယောက် ပြောတဲ့စကား ကြားရမှပဲ ငယ်ပြုဆိုတာ သိတာပဲ ။
– ငယ်ပြုနဲ့ ငယ်ဖြူက အသံနီးတာပဲဘုရား ။
> ဟုတ်တယ်၊ ငယ်ပြုကို ငယ်ဗြုလို့ အသံထွက်တော့ ငယ်ဗြုကနေ ငယ်ဖြူ ဖြစ်တာပဲ ။
– ဒီလို စကားတစ်လုံးရဲ့ အရင်းအမြစ်သိရတာ ၀မ်းသာပါတယ်ဘုရား ။
> အမှုမဲ့ အမှတ်မဲ့နဲ့ ရွေ့လာတာတွေနောက် မလိုက်တတ်တော့ အဓိပ္ပာယ် မသိတဲ့ဆီ ရောက်သွားခံရနိုင်တယ် ၊ သိတာကို မလွှတ်ဘဲ ဖမ်းထားရတာပဲ ။
– အဲဒါမျိုးတွေ တွေ့ရလို့လားဘုရား ။
> ဟုတ်တယ်၊ အများကြီးပေါ့ ။
– နည်းနည်းလောက် ပြောပါဦးဘုရား ။
> ဘုရား, တရား, ရဟန်း, ဦးပဉ္ဇင်း, ကျေးဇူး, ကျေးကျွန်, သင်းပိုင်, ဧကသီ, သင်္ကန်းနဲ့ ကိုရင်စသည်တို့ပဲ ။


– အဲဒီစကားလုံးတွေရဲ့ အရကောက် သိကြတာပဲဘုရား ။
> ငယ်ဗြူဟာ ငယ်ငယ်က ၀တ်တာလို့ သိပေမယ့် ဗြူကဘာလဲ ပြောစရာရှိတာပေါ့ ။
– ဗြူက ဖြူပဲ၊ ဖြူဖြူစင်စင်ဖြစ်တယ်လို့ မဟုတ်ဘူးလားဘုရား ။
> အိမ်ထောင် မပြုဖူးတာ ဖြူစင်တာလား ။
– အဲဒီလို ဖြစ်မှာ မဟုတ်ဘူးလားဘုရား ။]

> ဒီလိုဆိုရင် အသက်လေးဆယ် ၊ ငါးဆယ်အထိ အိမ်ထောင်မပြုဖူးသူ ရဟန်း၀တ်လည်း ငယ်ဖြူပဲလား ။
– အဲဒီလိုတော့ မခေါ်ရဘူးပေါ့ဘုရား ။
> စကားလုံးလွဲတော့ အဓိပ္ပာယ်ကောက်တွေလည်း လွဲချော်နိုင်ကြတာပဲ ။
– ဟုတ်ပါ့ဘုရား ၊ “အရှင်ဘုရား” ဆိုတဲ့ စကားလုံးက ဘယ်လိုအဓိပ္ပာယ် ယူရမှာမို့လဲဘုရား ။
✍️> ဘုရားရဲ့ တပည့်ရဟန်းလို့ အဓိပ္ပာယ်ယူရမှာပဲ ။
🙏- အရှင်က ရဟန်းလို့ အဓိပ္ပာယ် ဘယ်လိုထွက်လို့လဲဘုရား ။
✍️> အရှင်ဆိုတဲ့ စကားဟာ အရဟံက ပြောင်းလာတာလို့ ရှေးကမြန်မာပညာရှိ တစ်ယောက်ပြောတာ သိရတယ် ။
🙏- အရဟံကနေ အရှင်ကို ဘယ်လိုပြောင်းမှာလဲဘုရား ။
✍️> အရဟမှာ ‘အရ’နဲ့ ‘ဟ’ ပေါင်းတော့ ‘အရှ’ ဖြစ်တယ်၊ သေးသေးတင် (နိဂ္ဂဟိတ်)က င,အက္ခရာပြောင်းတယ်၊ အဲဒီ နိဂ္ဂဟိတ်က သရမပါတော့ င,အက္ခရာက မြန်မာစာမှာ တံခွန်လွှားတယ်ဆိုတဲ့ အသတ်ထည့်ရတယ် ၊ “အရှ+င် = အရှင်” ဖြစ်တယ်လို့ပဲ ။
🙏- အဲဒီပညာရှိက ကြံဖန်ပြောတာများလားဘုရား ။
✍️> ကြံဖန်ပြောတယ်ဆိုတာ ဝါစာကမာ ပြောတယ်လို့ ဆိုလိုတာလား ။
🙏- အဲဒီလိုတော့ သက်ရောက်တာပေါ့ဘုရား ။
✍️> ပြောတဲ့ နေရာက ဒီလိုပြောရမယ့် နေရာမဟုတ်တာသိရတယ် ။
🙏- အဲဒါကို ဘယ်မှာပြောတာလဲဘုရား ။
✍️> ရွှေတိဂုံ ကုန်းတော်ပေါ်မှာပြောတာ ။
🙏- ဘယ်သူ့ကို ပြောတာလဲဘုရား ။
✍️> ရန်ကုန်မြို့က ပညာရှိဘုန်းကြီးပရိသတ်ကို လျှောက်ထားတာ ။
🙏- ပွဲလမ်းမှာ လျှောက်ထားတာလားဘုရား ။
✍️> ဟုတ်တယ် ၊ စေတီယင်္ဂဏအသင်းကြီးက ဆွမ်းဆန်ထောက်ပံ့လှူဒါန်းပွဲမှာ အဲဒီအသင်းရဲ့ စာပြန်ပွဲအောင် ဆရာတော်တွေ, နာယကဆရာတော်တွေ, ပရိတ်သတ်တွေကို လျှောက်တာပဲ ။
🙏- ဘယ်လိုအကြောင်းနဲ့ လျှောက်တာတဲ့လဲဘုရား ။
✍️> ဘုန်းကြီးတွေရဲ့ ဘွဲ့ရှေ့က ဦးထည့်ပြီးခေါ်တာကို မကြိုက်လို့ လျှောက်တာလို့ သိရတယ် ။ ဥပမာ- ဦးတိက္ခ၊ ဦးဒတ္တ တို့ပေါ့ ။
🙏- အဲဒါက ရှေးကတည်းက ခေါ်လာတာ မဟုတ်ဘူးလားဘုရား ။
✍️> ဟုတ်ပုံ မရဘူး ၊ လျှောက်တဲ့အထဲမှာ ဘုန်းကြီးတွေက လူတွေရဲ့ အတုယူပြီး ဦးတပ်ခေါ်တာ မသင့်ပါဘူးလို့ ထည့်လျှောက်တယ် သိရတယ် ။ ဥပမာ -ဦးဖြူ၊ , ဦးနီ ဆိုတာပေါ့ ။
🙏- လူတွေကို ဦးတပ်ပြီးခေါ်တာ ခေါ်ရိုးခေါ်စဉ် မဟုတ်လို့လားဘုရား ။
✍️> အဲဒါလည်း ဟုတ်ပုံမရဘူး ၊ ရှေးအခါက ဂုဏ်ရှိတဲ့သူကိုမှ ဦးတပ်ခေါ်ပုံ ရတယ် ၊ ဘုရင်တွေလက်ထက်က ဦးတပ်ခေါ်တာ နည်းနည်းပဲ ရှိတယ် ၊ ဦးကောင်း (ကင်း၀န်မင်း)၊ ဦးဘိုးလှိုင်(ယောမင်း) ၊ ဦးမင်း(ဖိုးသူတော်) ၊ ဦးဝိုင်း(ဘိုးတော်မင်း) ၊ ဦးမင်းကျော်(ပုခန်းမင်း) ၊ ဦးအောင်ဇေယျ(ရွှေဘိုမင်း) ။ သာမန်ပြည်သားတွေဆိုရင် ” မောင် “တို့ “င”တို့ တပ်ပြီး ခေါ်ကြပုံရတယ် ။
🙏- အဲဒီရှေးအခါက ဘုန်းကြီးတွေကို ဘယ်လိုခေါ်တာတွေ့ရလဲဘုရား ။
✍️> သီဟိုဠ်နားက အိန္ဒိယတမယ်နာဒူးလူတွေက ဘုန်းကြီးတွေကို “အရဟံ”တွေ လို့ ခေါ်ကြတယ်ဆိုပဲ ၊ ဘင်္ဂလားတွေလည်း ဒီလိုပဲလို့ သိရတယ် ၊ ရှေးက မွန်တွေလည်း အဲဒီလိုပဲ ခေါ်ကြတာသိရတယ် ။
🙏- ဘုန်းကြီးလို့ မခေါ်ကြဘူးလားဘုရား
✍️> ဘယ်ခေါ်မလဲ ၊ “ဘုန်းကြီး”ဆိုတဲ့ ဝေါဟာရက မင်းသုံးစိုးသုံး ဝေါဟာရပဲ ၊ မင်းတွေကို သူတို့ရဲ့ မိဖုရားတွေက “ဘုန်းတော်ကြီးဘုရား”လို့ ခေါ်ကြတာပဲ ။
🙏- ရှေးအခါက ဘုန်းကြီးကို ဘယ်လို ခေါ်ဆိုကြသလဲဘုရား ။
✍️> ဘယ်ကျောင်းက ဆရာ၊ ဘယ်ရွာက ဆရာ ၊ ဘယ်အရပ်ဒေသက ဆရာလို့ ပြောကြတာပဲ ၊ မင်းဆရာကိုတော့ “ဆရာတော်”လို့ပေါ့ ။
🙏- အဲဒီကျောင်းနဲ့ ရပ်ရွာဒေသရဲ့ ဆရာမဟုတ်ဘဲ နေကြတဲ့ဘုန်းကြီးကိုလည်း ဆရာလို့ပဲ ခေါ်သလားဘုရား ။
✍️> မခေါ်ဘူး ၊ “ဦးပဉ္ဇင်း”လို့ပဲ ခေါ်ကြတာပဲ ။
🙏- ဦးဇင်းက ဘာအဓိပ္ပာယ်လဲဘုရား ။
> ဥပသမ္ပန္န ဆိုတဲ့စကားက ရွေ့လာတဲ့ စကားပဲ ၊ တရားကို အပြည့် ဆည်းကပ်သူပေါ့ ။
🙏- ဘုန်းကြီးငယ်ငယ်တွေကို ခေါ်တာမဟုတ်ဘူးလားဘုရား ။
✍️> မဟုတ်ဘူး ၊ ဘုရားကတောင် သူဟာ “ဥပသမ္ပန္န= ဦးပဉ္ဇင်း” ဖြစ်တယ် ပြောတာတွေ့ရတယ် ။
🙏- အခုတော့ ဦးပဉ္ဇင်းကလည်း ဆရာတော် အခေါ်ခံချင်တာ တွေ့ရတယ်ဘုရား ။
✍️> တကယ်တော့ ဦးပဉ္ဇင်းဟာ ရဟန်းဘွဲ့ ပကတိ အမည်ပဲ ၊ ဆရာတော်တို့, ဆရာတို့, ဘုန်းကြီးတို့က ဂုဏ်ရှိသူတွေရဲ့ အမည်တွေကိုလိုက်ပြီး ခေါ်တာတွေပဲ ။
🙏- ပုဂံခေတ်က အရည်းတွေလည်း အရဟံကများ လာတာလားဘုရား ။
✍️> စဉ်းစားစရာတွေပဲ ၊ သူတို့က ဘင်္ဂလားဘက်က ဆက်လာတဲ့ သာသနာ လို့ ကြားဖူးတယ် ၊ တန္တရ, မန္တရတို့ပေါ့ ။
🙏- တန္တရ, မန္တရဆိုတာတွေက ဗုဒ္ဓဘာသာဂိုဏ်းရဲ့ အမည်တွေလားဘုရား ။
✍️> ဟုတ်တယ်၊ မဟာယာနတွေက ဆင့်ပွားအကွဲတွေလို့ သိရတယ် ။
🙏- ဘင်္ဂလားက ဘုန်းကြီးကို “အရဟံ”လို့ ခေါ်တယ်ဆိုတော့ “အရဟံ နဲ့ အရည်း” နီးတာပဲ ဘုရား ။
✍️> ဟုတ်တယ် ၊ သထုံကလာတဲ့ ထေရဝါဒက ပုဂံ၀င်လာတော့ မဟာယာန တန္တရတွေ တိမ်ကောသွားရတာပဲ ။
🙏- ထေရဝါဒကို ပုဂံ ဘုရင်က ဦးစားပေးလိုက်တော့ တန္တရတွေလည်း ထေရဝါဒထဲ ပြောင်းကုန်ကြပုံရတယ်၊ အဲဒီအရည်းဖြစ်တဲ့ မဟာယာန တန္တရတွေကို ပုဂံမင်းနဲ့ပြည်သူက ဘယ်လိုမြင်ကြတယ် ထင်သလဲဘုရား ။
✍️> မဟာယာနရဲ့ မူသဘောက ဗုဒ္ဓဘာသာဟာ လူ့လောကရဲ့ ဦးဆောင် လမ်းညွှန် သဘောတရားအဖြစ် ဟောပြောခဲ့တဲ့ ဘာသာဖြစ်တယ်၊ ဒီတော့ ဗုဒ္ဓဘာသာ သာသနာ့၀န်ထမ်းတွေဟာ လူမှုခပ်သိမ်းမှာ ဦးဆောင်မှုပြုရမယ်လို့ ခံယူကြသူတွေပဲ ။
🙏- သူတို့ ခံယူချက်က ခေတ်မီတာပဲဘုရား ။
✍️> ဘာဖြစ်လို့လဲ ။
🙏- အခုခေတ် ထေရဝါဒတွေလည်း အဲဒီလိုဆီ ဦးတည်နေကြတာပဲဘုရား ။
✍️> ဒါက အကြောင်းရှိတယ် ။
🙏- ဘယ်လိုလဲဘုရား ။
✍️> ထေရဝါဒဗုဒ္ဓဘာသာ သာသနာဟာ ဗုဒ္ဓသာသနာအတွက် လိုနေတဲ့ အတွက် လူ့လောကအပြင်ဘက်ရောက်သွားခံရမည့် အနေအထားမြင်ပြီး လူမှုပညာတွေဘက် ၀င်လာကြတာပဲ ။
🙏- ဒါကတော့ ခရစ်ယာန်ဘုန်ကြီးတွေက လမ်းပြသွားတာပဲဘုရား ။
✍️> ခရစ်ယာန်တွေလည်း လူမှုတွေထဲ သူတို့က ဦးဆောင်ဖို့၀င်တော့ လူမှုက လည်း သူတို့အမြင်တွေကို တိုက်စားသွားတာ ခံကြရရှာတာပဲ မဟုတ်ဘူးလား ။
🙏- လူ့လောကရဲ့ လူမှုအဖြစ်တွေက ရုပ်အဖြစ်တွေဆိုတော့ မတုန်မလှုပ်နဲ့ ရှေ့ကိုသွားနေမှာပဲဘုရား ။
✍️> အဲဒါကို ဦးဆောင်မှုပေးချင်ရင် ပေးချင်သူဆီမှာ အမတေကျနေတဲ့ အမြင်ရှိမှ လူလောကရဲ့ တိုက်စားဝါးမျိုတာကို မခံရမှာဘဲ ။
🙏- ခရစ်ယာန်တွေ အဲဒီလိုဖြစ်တာလားဘုရား ။
✍️> ဟုတ်တယ် ၊ ပုဂံအရည်းတွေလည်း ဒီလိုပဲပေါ့ ၊ အရည်းတွေဟာ ပုဂံသား တွေကို လူချွန်လူထက်တွေဖြစ်စေခဲ့တာပဲ ၊ အဋ္ဌာရသသိပ္ပတွေကို ပုဂံသားတွေကို သူတို့ပဲ သင်ပေးခဲ့တာပဲ ။
🙏 – အရည်းတွေမှာ သူတို့သင်ပေးတဲ့ သိပ္ပတွေကို သူတို့ဒဿနက ဦးဆောင်တာ မလုပ်နိုင်ဘူးလားဘုရား ။
✍️> အနုရုဒ္ဓါဟာ သူ့အမေအရင်းကို မယားလုပ်ပြီး လူတွေရဲ့ ဘုရင်လုပ်နေတဲ့ သူ့အစ်ကို၀မ်းကွဲနဲ့ စီးချင်းထိုးခဲ့ရတယ်လို့ သိကြတယ်မဟုတ်လား ။
🙏- ဟုတ်ပါတယ်ဘုရား ။
✍️> ဒါဟာ ပုဂံသားတွေရဲ့ကျောင်းတော်ဟာ ပုဂံသားတွေကို အဋ္ဌာရသသိပ္ပတွေပဲ ပေးနိုင်ပြီး ဒဿနမပေးနိုင်တာ ထင်ရှားစေတဲ့ အကွက်တစ်ကွက်ပဲ ။
🙏- အရည်းတွေရဲ့ကျောင်းတော်က သိပ္ပတွေဟာ ပုဂံအနုရုဒ္ဓါကို ပုဂံအင်ပါယာ ဖြစ်အောင် ဆောက်စေနိုင်တာပဲဘုရား ။
✍️> အရည်းတွေလည်း အဲဒီအထဲ မြုပ်အသွားခံရတာပဲ ၊ တိုင်းပြည်၀န်ထမ်းတွေ ဖြစ်ကုန်ကြရတာပဲ ၊ မဖြစ်ချင်သူက ထေရဝါဒထဲ ပြောင်းကြရတာပဲ ။
🙏- သူတို့သိပ္ပတွေ ထေရဝါဒထဲ ပါမလာဘူးလား ဘုရား ။
✍️> ပါလာတာပေါ့၊ အဲဒါရှိလို ထေရဝါဒလည်း လူလိုသူလို ဖြစ်နေတာပဲ ။
🙏- အဲဒါမရှိရင် ဘယ်လိုဖြစ်မှာလဲ ဘုရား ။
✍️> သီဟိုဠ်လို ဖြစ်မှာပေါ့ ။
🙏- သီဟိုဠ်မှာ ဘယ်လိုဖြစ်ခဲ့လို့လဲဘုရား ။
✍️> သာသနာပျက်သလောက် အဖြစ်ခံရတာပဲ၊ နောက်မှ ခေတ်သစ်ပညာတွေနဲ့ မနည်း ထူထောင်ယူထားရတာ ။
🙏- ထေရဝါဒထဲမှာ အရည်းတွေရဲ့ သိပ္ပတွေမရှိရင် ဘယ်လိုဖြစ်မှာမို့လဲဘုရား ။
✍️> တိုင်းသူပြည်သားတွေဆီမှာ ဘာဇာတိစိတ် ဇာတိမာန်မှ ရှိမှာမဟုတ်တာဘဲ ။
🙏- အဲဒါရှိတာ ကောင်းလို့လားဘုရား ။
✍️> ကောင်းတာမဟုတ်ပေမယ့် ဘာမှမရှိတာထက်တော့ ကောင်းတာပေါ့ ၊ ဇာတိစိတ် ဇာတိမာန်နဲ့ပဲ လူလုပ်နေကြတာမဟုတ်လား ။
🙏- ဒီလိုဆိုတော့ အဲဒါကကောင်းတာပေါ့ဘုရား ။
✍️> ဒီလိုလည်း မဟုတ်သေးဘူး ။
🙏- ဘယ်လိုလဲ ဘုရား ။
✍️> အဲဒီ ဇာတိစိတ် ဇာတိမာန်တွေကြောင့်ပဲ ပျက်စီးကြရလို့ပဲ ။ ဇာတိစိတ် ဇာတိမာန်ရှိသူက သူများရဲ့အတိုင်းအထွာ ပမာဏအမှန်ကို မြင်တဲ့မျက်စိ အကွယ်ခံနေရတယ် ၊ သူအသာစီးရရင် သူထင်သလို ရမ်းမယ်မဟုတ်လား ၊ မပျော့မပြောင်းဘဲ ကပ်ဆပ်ဆပ်ဖြစ်တော့ ကျိုးပျက်တာခံရတာပေါ့ ။
🙏- ဘုန်းကြီးကြီးက အတော်သိတာပဲဘုရား ။
✍️> အဲဒီလို မထင်ပါနဲ့ ။
🙏- ဘာဖြစ်လို့လဲဘုရား ။
✍️> တို့က အသက်ကြီးပြီပဲ ၊ ဟိုကတစ်စ ဒီကတစ်စ ဒီလောက်တော့သိမှာမို့ပဲ ။
🙏- ငယ်ဗြူလား မေးတာကို ရှင်းရင်းက စပ်တာတွေ မိန့်သွားလိုက်တာ သိစရာတွေ တစ်ပုံတစ်ပင်ပဲဘုရား ။
✍️> ဟုတ်တယ်၊ အချိန်တွေ နေရာတွေ ကျော်သွားတာပဲ ။
🙏- ကျန်တာလေး မေးချင်ပါသေးတယ်ဘုရား ။
✍️> ဘာများလဲ ။
🙏- ပုဂံ, အင်း၀နဲ့ ကုန်းဘောင်ခေတ်တွေမှာ ဘုန်းကြီးကို ဘယ်လိုသုံးနှုန်းကြသလဲလို့ပါဘုရား ။
✍️> ပုဂံရှင်ဒိသာပါမောက်နဲ့ အင်း၀မှာ ရှင်မဟာသီလဝံသ ၊ ရှင်မဟာရဋ္ဌသာရ သုံးတာတွေ့ရပြီး ၊ ကုန်းဘောင်ခေတ်နဲ့ အင်း၀မှာ ဂုဏ်ကြီးတဲ့ ဘုန်းကြီးကို ခေါ်တာလား တော့ မသိဘူး ၊ “ခင်ကြီးပျော်၊ ခင်ကြီးမှတ်”လို့ ရှိတယ်၊ မင်းပူးဦးသြဘာသတို့ စလေဦးပုည တို့လည်း တွေ့ရတယ် ၊ ပုဂံမှာ “သင်ကြီး ဘယ်သူဘယ်ဝါ” သုံးတာလည်း တွေ့ရတယ် ၊ ပုဂံထေရဝါဒ မရောက်ခင်ကတော့ ဘုန်းကြီးကို “အရည်းဘယ်သူဘယ်ဝါ” သုံးကြတာသိရတယ် ။
🙏- အခုခေတ်မှာတော့ ဥကို လုံးကြီးတင်ဆံခတ်တာရော, တစ်ချောင်းငင်တာရော သုံးတာတွေ့ရတယ်ဘုရား ။
✍️> အဲဒါတွေ့လို့ ပညာရှိကြီးက အဲဒီလူအသုံးတွေ မသုံးဖို့ လျှောက်ထားတာပေါ့ ။
🙏- အခုခေတ် တောင်တွင်း ရှင်ဥတ္တမကျော်ရဲ့ တောကျောင်းမှာ ကျောင်းထိုင်တဲ့ ဘုန်းကြီးကတော့ ရှင်ကို ပုဂံက သင်ကြီးတို့နဲ့ စပ်ပြီး သျှင်လို့ သုံးတာတွေ့ရတယ်ဘုရား ။
✍️> ပုဂံက သင်ကြီး အသုံးက ‘ဆန်ဆကရစ်’ဘာသာမှာ ‘သ’က ‘ရှ’သံ ထွက်ရတော့ ဗမာက အဲဒီ ‘ရှ’ကို ‘ဆ’သံထွက်ခေါ်လို့ “ရှင်ကြီး = သင်ကြီး” ဖြစ်တာပဲ ။
🙏- ဒီနေ့ စကားပြောတာ သိစရာတွေ အများကြီးပဲ၊ ဘုန်းဘုန်းကြီးကို ကျေးဇူးတင်ပါတယ်ဘုရား ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...