ကြွေးတွေကြေဖို့(မင်းသိင်္ခ)

Astrology
ကြွေးတွေကြေဖို့(မင်းသိင်္ခ)

“ဟော . . .
ကိုမောင်မောင်မြင့်အေးရေ . . .
နေပူကြီးထဲမှာကွာ မင်းနဖူးကြီးကလည်း ပြောင်နေပြီး ဦးထုပ်လေး ဘာလေးဆောင်မှပေါ့၊ ရော့ရော့ ရေခဲရေလေးသောက်လိုက်ဦး”
ဟု ဆရာကြီးက ပြောပြောဆိုဆိုနှင့် ရေခဲရေခွက်ကြီးလှမ်းပေးလိုက်ရာ ကျွန်တော်က လှမ်းယူလိုက်ပြီး ဂွပ်ကနဲ ဂွပ်ကနဲနှင့် မျိုချလိုက်၏။

ပြီးနောက် . . .
ထမင်းချိုင့်ကြီးချပြီး ကန်တော့်လိုက်ကာ . . .
“ဟင်းကတော့ သိပ်မဖွယ်ရာပါဘူး၊ ဝက်နို့အုံသားကို သရက်သီးသနပ်နဲ့ချက်တယ်၊ နောက်ပြီးအကြော်ကတော့ ကန်စွန်းရွက်ကြော်ပါပဲ၊ ဟင်းချိုကတော့ ပဲနီလေးဟင်းချိုချက်တယ်၊ ပုစွန်ထုပ်ရလို့လည်း ပုဇွန်ထုပ်ကြီး ၂ ကောင်ကို မီးဖုတ်ပြီး ကြက်သွန်နီ ငရုပ်သီးစိမ်းနဲ့ သုပ်ထားသေးတယ်၊ အချိုပွဲကတော့ ဒိန်ချဉ်ပေါ့ဆရာကြီးရယ်” ဟု ပြောလိုက်ရာ . . .

ဆရာကြီးက . . .
“ဝက်သားထဲမှာ တစ်ချို့က ပေါင်သား ပေါင်သားနဲ့ ပြောကြတာ တစ်ကယ်က ပေါင်သားက အသားများပေမယ့်၊ အမျှင်ထူတယ်ကွ၊ အဲဒီပေါင်သားက တကယ်ချက်ရင် နူးဖို့တော်တော်စောင့်ရတာ၊ မင်းပြောတဲ့ နို့အုံသားကမှ အဆီနဲ့အသားမျှတာ၊ ဝက်ဆိုရင် ပေါင်သားမှကြိုက်တဲ့ သူတွေတကယ်ဆို နို့အုံသား စားကြည့်မှသိတာ ကန်စွန်းရွက်ကလည်း ကြော်တတ်မှကွ ကန်စွန်းရွက်ကြော်ဆို အရွက်ကြီးတွေ အရိုးတွေနဲ့ ရောပြီးကြော်ရင်လုံးသွားတာ စားမကောင်းဘူးကွာ၊ ကန်စွန်းရွက်ရဲ့ အရိုးကို အလောတော်ဖြတ်ရတာကွာ၊ မကြော်ခင်ရေနွေးပူနဲ့ လောင်းပြီး ဆန်ခါနဲ့စစ်ရတာ၊ နောက်ပြီးဆီနဲ့ နနွင်းနဲ့ ကြက်သွန်နီနဲ့ ဒယ်အိုးထဲမှာ ဆီချက်ချက်ရတယ်၊ ဆီချက်ချက်ပြီး ကြက်သွန်ကြော်ကို စစ်ပြီး ကျန်တဲ့ဆီထဲကို ကန်စွန်းရွက်ရေနွေးဖျောကို ထည့်ပြီး အနေတော်မွှေရင်းအိုးကို အဖုံးနဲ့ ခဏအုပ်ထားလိုက် ဖွင့်ကြည့်လိုက်ရင် ကန်စွန်းရွက်ကလည်း စိမ်းပြီး စားချင်စရာကွာ အဲဒီပေါ်စောစောက ဆီချက်ချက်ထားတဲ့ ကြက်သွန်နီဆီချက်လေးဖြူးရတယ်။

ကျွန်တော်လည်း အဲဒီလိုချက်တာပါပဲ၊ ဝက်နို့အုံသားကိုလည်း ရေဆေး၊ ငရုပ်သီး၊ ကြက်သွန်နဲ့ နယ်ပြီး ရေနည်းနည်းနဲ့ချက်ရတာ၊ ဆီပြန်ပြီးနူးမှ ငံပြာရည်၊ သရက်သီးသနပ်ထည့် ရေနည်းနည်းထည့်ပြီးပြန်အုပ်ထားရတာ၊ နောက်ဆုံးရေကျန်တော့မှ ကြက်သွန်နီအနေတော်အလုံးလိုက်ထည့်ပြန်အုပ်ထားနဲ့ အမှန်ကတော့ ဝက်သားချက်တာ မီးသွေး မီးဖိုနဲ့မှ ကောင်းတာ”
ဟု ကျွန်တော်က ပြောလိုက်ရာ . . .
“ဆရာကြီးက မင်းထမင်းဆိုင်ပဲ ဖွင့်ပါလားကွာ”
ဟု ပြောလိုက်ပြီး စီးကရက်ဖွာနေ၏။

ထို့နောက် ဆရာကြီးက ထမင်းပွဲ ပြင်ခိုင်းပြီးမြိန်ယှက်စွာစားတော့၏။ ထမင်းကို ဝက်သားအနှစ်များနှင့် နယ်၏။ ပဲနီလေးဟင်းချိုကို အရှူးရှူးနှင့် သောက်၏ ပုစွန်ထုပ်ကြီး ကို ဖဲ့ကာ ဖဲ့ကာ စား၏။
ထို့နောက် ရေခဲရေခွက်ကြီးကို တဂွပ်ဂွပ်နှင့် မော့သောက်ပြီး
“အား . . . နောက်ဆုံးတော့ ရေခဲရေက အကောင်းဆုံးပါပဲကွာ” ဟု ပြောလိုက်လေတော့၏။

ကျွန်တော်က . . . “ဒီလိုဆရာကြီး ရဲ့ လူ့ဘဝမှာ အမြဲတမ်းပြေလည်နေတယ် ဆိုတာတော့မရှိဘူး၊ ပြေလည်တယ်ဆိုပေမယ့်လည်း သူ့ကိစ္စနဲ့သူတော့ ပူပင်နေရမှာပဲ၊ သင်္ဘောပိုင်တဲ့သူကလည်း သင်္ဘော မလာမချင်း ပူရ၊ လေယာဉ်ပျံပိုင်တဲ့သူကလည်း သွားရင်း လာရင်ပူရ၊ တက္ကစီထောင်တဲ့သူကလည်း သူကားလေး အန္တရာယ်ကင်းစွာ ပြန်လာပါ့မလားလို့ ပူရနဲ့။ အပူတွေကတော့ မကင်းဘူးပေါ့။ ကျွန်တော်ဆိုလည်း အကြွေးတွေကများနေတော့ အပူအပင် မကင်းဘူးပေါ့။ ဒါပေမယ့် ဆရာကြီးရေ အဲဒီလို သောကတွေပြေအောင် ယတြာတွေ ဓါတ်ဆင်တာတွေ လုပ်လို့မရဘူးလား” ဟု မေးလိုက်ရာ ဆရာကြီးက . . .

“အေးပေါ့ကွာ၊ မင်းမေးတာလဲမှန်ပါတယ်၊ အမှန်ကတော့ ပူတယ်ဆိုတာ မဖြစ်သေးတာကို တွေးပြီး စိုးရိမ်နေတာ၊ အဲဒီလိုစိုးရိမ်တဲ့ စိတ်က အဝေးမှာ အဲဒီလို စိုးရိမ်နေတဲ့ သူက တစ်နေရာမှာ ဥပမာ မင်းဆိုပါတော့ မင်းက အခုငါဆီမှာ၊ တကယ်တော့ မင်းစိတ်က မင်းအလုပ်မှာဆိုပါစို့ စက္ကူမဝယ်ရသေးဘူး။

ဖလင်ထုတ်ဖို့ငွေက လည်းမရှိဘူး၊ စာဖောင်တွေ မဖို့ရသေးဘူး၊ စိုးရိမ်နေတယ်။ အဲဒီလို မပို့ရတော့ကော မင်းက ဒီမှာပဲ ရှိနေတာ ပို့တဲ့သူကပို့မှာပဲ မင်းတာဝန်ပေးထားတဲ့ သူကလုပ်မှာပဲ၊ အဲဒီလိုမလုပ်ဖြစ်လဲ နောက်တစ်နေ့လုပ်ရမှာပဲ၊ အဲဒါကို မင်းက ဒီကနေပူနေလည်း ပူနေရုံပဲလေ၊ အဲဒီတော့ အဲဒီစိတ်ကို ဖျောက်တတ်ဖို့တော့လိုမယ်၊ စိတ်ဆိုတာ ငါ ခဏခဏ ပြောဖူးသားပဲ မိုးတိမ်လို လွင့်မျောပြီး စမ်းရေလိုစီးနေရတယ်ဆိုတာလေ၊ ပေါ့ပေါ့လေးထားလိုက်ပေါ့ကွာ၊ အဲဒါကို ယတြာကတော့ လုပ်လို့မရဘူး၊ ဒါပေမယ့် အနောက်နိုင်ငံနည်းတွေအရ အဆောင်လေးတစ်ခုတော့ လုပ်လို့ရတယ်၊ အဲဒီအဆောင်ကို ရွှေစက္ကူလေးပေါ်မှာ ရေးပြီး ဆောင်ထားပေါ့ကွာ။

“ကြွေးထူတဲ့လူတွေကို အဲဒီအဆောင်တွေပေးလိုက်တာ မနည်းတော့ဘူး။ တော်တော်လေးတန်ခိုးပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေတောင် မပေါ်သေးဘူးက၊ စီးကရက်ဘူးထဲပါတဲ့ ရွှေရောင်စက္ကူနဲ့ လုပ်ပေးခဲ့တာ။ ယုံယုံကြည်ကြည်တော့ လုပ်ကွာ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေဝီမယ်တော်တွေကို လှူကွာ။ အဲဒီယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ ထူးထူးဆန်းဆန်း ကြွေတွေကျေသွားတာကို တွေ့ရတယ်ကွ၊ မယုံရင်တော့ မင်းကိုယ်တိုင်စမ်းကြည့်” ဟု
ဆရာကြီးက ပြောလိုက်ရာ ကျွန်တော်ကစမ်းဆို မနက်ဖြန် မနက်ကစပြီး စမ်းရမှာပဲ ဆရာကြီးရေ” ဟု ပြောလိုက်ရာ ဆရာကြီးက “ယုံယုံကြည်ကြည်သာ လုပ်ပါကွာ မင်းအောင်မြင်မှာပါ” ဟု ပြောပြီး နီးရာ သင်ဖျူးဖျာပေါ်လှဲချလိုက်လေတော့၏။
အောက်ပါပုံကို ဓာတ်ပုံထုတ်၍ ယုံကြည်စွာပူဇော်နိုင်ပါတယ်…။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...