ပစ္စည်းဥစ္စာရတနာ
တစ်နေ့သ၌ မြန်မာ့ရုပ်ရှင်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့မှ အယ်ဒီတာခေါ် မည်လား၊ စာတည်းခေါ်မည်လား၊ အမျိုးသမီး ဖြစ်၍ စာတည်းမခေါ်မည်လား မဆိုနိုင်သော ဆွေဆွေဆိုသည့် မိန်းကလေးသည် ကျွန်ုပ်ထံသို့ ရောက်လာလေ၏။ ရောက်လျှင် ရောက်ချင်း ၄င်းက
“ဆရာကြီး ကျွန်မတို့ မြန်မာ့ရုပ်ရှင်မဂ္ဂဇင်းအတွက် ရေးပေးဖို့ လိုသေးတယ်လေ။ မေ့နေမှာစိုးလို့” ဟု ဆိုလေ၏။
“ဟဲ့ မဆွေ။ ငါအကုန်လုံးရေးပေးပြီးပြီပဲ။ ဘာကျန်သေးလို့တုံး” ဟု ကျွန်ုပ်က ပြောလိုက်ရာ
“လက်ဆောင် ကျန်သေးတယ်လေ ဆရာကြီးရဲ့”
ဟု မဆွေက ပြောလေ၏။
“နေစမ်းပါဦး မဆွေရယ်။ ဘာကို လက်ဆောင်ပေးရမှာတုံး” ဟု ကျွန်ုပ်က ပြန်၍ မေးလိုက်ရာ မဆွေက
“မြန်မာရုပ်ရှင်မှာ အမျိုးသမီးတွေ ဝတ်ဆင်တဲ့ ရတနာပစ္စည်းနဲ့ ပတ်သက်တဲ့အကြောင်းလေး ဘာလေး လိုချင်တယ် ဆရာကြီးရဲ့”
ဟု ပြောလေ၏။
“အေး အေး ။ အဲဒါနဲ့ ပတ်သက်လို့ ကုန်းဘောင်ခေတ်က အလွန်ကျော်ကြားတဲ့ ‘မ” တစ်လုံးကြေတဲ့ ဆရာတော် ခင်ကြီးဖျော် ရေးသားစီရင်တော်မူတဲ့ ရတနာအမျိုးမျိုးရလိုကြောင်းဆိုတဲ့ စာတစ်ပုဒ်ရှိတယ်။ အဲဒါကို ပုတီးစိပ်ရင် ရတနာပစ္စည်း တဖြည်းဖြည်းပြည့်စုံလာရတယ်လို့တောင် အဆိုရှိတယ်”
ဟု ကျွန်ုပ်က ပြောလိုက်ရာ အမျိုးသမီး အယ်ဒီတာ မဆွေက
“တကယ်ပဲလား ဆရာကြီးရဲ့။ အမှန်တကယ် အဲဒီလိုရတယ်ဆိုရင်တော့ ကျွန်မလည်း စိပ်မယ်။ ကျွန်မလည်း ရတနာပစ္စည်းလိုချင်တယ် ဆရာကြီးရဲ့”
ဟု ပြောလေ၏။
“ငါ့အတွေ့ အကြုံတစ်ခု ပြောမယ်နော်။ ငါနဲ့ သိတဲ့မုန့်ဟင်းခါးရောင်းတဲ့ မိန်းကလေးနှစ်ယောက် ရှိတယ်။ အဲဒီဂါထာ လေးတွေ ပေးဖူးတယ်။ အဲဒါကို သူတို့ စွဲစွဲမြဲမြဲ လုပ်ကြတယ်။ ထူးခြားတယ်ဟေ့။ သူတို့မှာ လက်ဝတ်ရတနာတွေ တဖြည်းဖြည်း ပြည့်စုံလာကြတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးကွယ့်။ ငါနဲ့သိတဲ့ အဒေါ်ကြီး တစ်ယောက်ကို အဲဒီဂါထာပေးဖူးတယ်။ အဲဒီအဒေါ်ကြီးဟာ ရွတ်တော့တာပဲဟေ့။ အဲဒါနဲ့ တဖြည်းဖြည်း ပြည့်စုံလာတယ်။ အဲဒါနဲ သူ့အသက်အရွယ်နဲ့ မလိုက်အောင် ဝတ်တော့တာပဲဟေ့”
ဟု ကျွန်ုပ်က ပြောလိုက်ရာ အယ်ဒီတာကလေးမက
“ဒီလိုဆိုရင်လည်း ပေးပါ ဆရာကြီးရယ်”
ဟု ပြောရာ ကျွန်ုပ်သည် လွန်စွာ အစွမ်းထက်သော အတုလဆရာတော် ခင်ကြီးဖျော်၏ အထက်ပါဂါထာကို ပေးလိုက်လေတော့သတည်း။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။