မြန်မာပြည်က နတ်သားများ

Astrology Religion
မြန်မာပြည်က နတ်သားများ

ဒီခေတ် မြန်မာပြည်မှာ၊ ဟိုနယ် သည်နယ်မှာ၊ မြို့ရော တောပါမကျန်
ကမ္မဋ္ဌာန်းဘာဝနာ လက်ကိုင်ထားသူတွေ များလာတဲ့အတွက်
“ဘယ်သူဟာဖြင့် မသေခင်ကတည်းက သေမယ့်ရက် သိနေတယ်။
နတ်ရထားတွေကိုတောင် မြင်ရသတဲ့´´ စသည့်ဖြင့် နတ်ပြည်နတ်ရွာကို
ဥဒဟိုသွားလာနေကြတဲ့ သဘောလက္ခဏာတွေ ပြောဆိုနေကြတာတွေ
အခိုင်အမာ မကြာခဏ ကြားသိနေရတယ်။ နတ်ပြည်မှာ မြန်မာပြည်က
နတ်သားတွေ မနည်းတော့ဘူး။

မြန်မာပြည်မှာ ကမ္မဋ္ဌာန်းတရားတွေ ထွန်းကားနေတာ အလွန်
ဝမ်းမြောက်စရာကောင်းတယ်။ ကမ္မဋ္ဌာန်းတရား လက်ကိုင်ရှိနေတဲ့သူဟာ
နတ်ရွာသုဂတိ `တန်း´ နေတာပဲ။ ဘုန်းကြီးတို့က အဘိဓမ္မာသဘောအရလဲ
ရှင်းရှင်းကြီး သိထားတယ်။ ဥပစာသမာဓိလောက် ရထားရင်
နတ်ပြည် မလွဲဘူး။ သည်ထက် သမာဓိအားကောင်းလို့
`အပ္ပနာစျာန် သမာဓိ´ ဆိုက်သွားရင် အဲဒီလူသေတဲ့အခါ ဗြဟ္မာ့ပြည်ကို
သွားမှာ သေချာတယ်၊ မလွဲဘူး။ အပ္ပနာစျာန်သမာဓိဆိုတာ လူပြိန်း
နားလည်အောင် ပြောရရင် ကျောက်တိုင် ကျောက်တုံးလို ဖြစ်သွားတဲ့
သမာဓိပဲ။ ဥပစာရ သမာဓိဆိုတာကတော့ ကမ္မဋ္ဌာန်းလုပ်ဖူးသူမှန်သမျှ
မရဘူးဆိုတာ မရှိလောက်အောင် ရှားပါးလိမ့်မယ်။

ဒါကြောင့် ကမ္မဋ္ဌာန်းသမားတွေ ကမ္မဋ္ဌာန်းအာရုံ လက်ရှိနှင့် သေရင်
အထူးစိတ်ညွှတ်ဆုတောင်းဖို့ မလိုဘူး။ နတ်ပြည်ဟာ မလွဲတော့ဘူး။
အဲ…..ဒီမှာ `ကမ္မဋ္ဌာန်းလက်ရှိနှင့် သေရင်´ ဆိုတာကိုတော့
မမေ့ကြနှင့်။ ဒီခေတ်မှာ ကမ္မဋ္ဌာန်းတရားတွေ အထူးထွန်းကားလာလို့
နတ်ပြည်ရောက်သွားကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ပြောမကုန်အောင်
များတယ်။ ပြောလို့မကုန်ဘူး။

အေး …. တကယ်တော့ ကမ္မဋ္ဌာန်းတရားကို ထိထိခိုက်ခိုက်
ပိုင်ပိုင်နိုင်နိုင်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့မှာ ဘဝအမြင်ရှင်းနေကြတယ်။
နတ်ပြည်ကို မလိုချင်ဘူး။ နတ်ပြည်သာထား၊ ဗြဟ္ခာ့ပြည်လဲ
မရောက်ချင်ကြပါဘူး။ ဒါ အပြောကြီးပြီး မရောက်ချင်တာ မဟုတ်ဘူး၊
တကယ့်ကို မရောက်လိုကြပါဘူး။ ၃၁- ဘုံဆို ဘယ်ကိုမှ မရောက်လိုကြဘူး။

တကယ့် ကမ္မဋ္ဌာန်းဘာဝနာရှိသူရဲ့ ပန်းတိုင်က နတ်ပြည် ဗြဟ္မာ့ပြည်မှ
မဟုတ်ဘဲ။ အရိယာဖြစ်ပြီး ၃၁- ဘုံက အလွတ်၊ နိဗ္ဗာန်ကိုပဲ လိုချင်ကြတယ်။
ဒါပေမယ့် ကာမရာဂ သံယောဇဉ်၊ ဘဝရာဂ သံယောဇဉ်၊ ဒီနှောင်ကြိုးတွေကို
ဖြတ်ပြီး ကျော်ပြီး မတက်နိုင်သေးရင်တော့ မလိုချင်လဲ ရနေကြဦးမှာပဲ။
တကယ် မရှုမှတ်နိုင်ရင် အပါယ်ကိုလဲ အလည်သွားကြရဦးမှာပဲ။

တာဝတိံသာက နတ်ဘုန်းကြီး

ဒီနေရာမှာ သာဓကဝတ္တုတစ်ခု ပြောရဦးမယ်။ တကယ့်တရား
ဘာဝနာရှင်ဟာ နတ်ပြည်ကို မလိုချင်ဘူး။ ဒါပေမယ့် ပေါက်မြောက်အောင်
မလုပ်နိုင်လို့ ကမ္မဋ္ဌာန်းအာရုံနဲ့သေရင် မလိုချင်သော်လဲ နတ်ပြည်ကို
အသေအချာရတယ်ဆိုတဲ့အကြောင်း သာဓကဝတ္တုဖြစ်တယ်။
မြတ်စွာဘုရား လက်ထက်တော်က အမျိုးသားတစ်ယောက် ရဟန်းပြုပြီး
၅- ဝါအရ၊ နေနည်းထိုင်နည်း ကံကြီး ကံငယ် ရဟန်းတို့ကျင့်အပ်သော
ဝိနည်းသိက္ခာပုဒ်များ သင်ယူတယ်။

ထို့နောက် မြတ်စွာဘုရားထံတော်က
ကမ္မဋ္ဌာန်းယူပြီး ဆိတ်ငြိမ်ရာတောတောင်ထဲ ကြွပြီး တစ်ကိုယ်ရေ ဧကစာ
တရားဘာဝနာအလုပ် အားထုတ်တော်မူတယ်။ ဝီရိယ ပြင်းပြင်းထန်ထန်နဲ့
နေ့, ည မအား မအိမ်ဘဲ အားထုတ်ချင်လို့ အိပ်ရာညောင်းစောင်းကလေး
ကိုတောင် ခေါက်ပြီး သိမ်းဆည်းသိုမှီးထားလိုက်တယ်။

တောထဲရောက်လာကတည်းက မအိပ်စက်ဘဲ နေ့မအား ညမအား
အားထုတ်လိုက်တာ အစား အသောက်ကိုပင်လျှင် သတိမပြုမိဘူး။
တစ်နေ့တခြား အရိုးပေါ်အရေတင်လာတယ်။ တစ်နေ့တော့ စင်္ကြံလျှောက်
တရားရှုမှတ်နေရင်းနဲ့ လေသင်တုန်းဖြတ်ကာ မတ်တတ်ကလဲပြီး
ပျံလွန်တော်မူသွားရှာတယ်။ ဒါကို အဋ္ဌကထာဆရာက `သော ဓုရသိံ္မယေဝ
ကာလ´ မကာသိ- အလုပ်ခွင်၌သာလျှင် သေလွန်သွားသူလို့
ချီးကျူးဖွင့်ဆိုထားတယ်၊ တရားအလုပ်လုပ်ရင်း၊ အလုပ်လက်ရှိနှင့်
ပျံလွန်တော်မူသော ယောဂီရဟန်းလို့ ဆိုလိုပါတယ်။

တရားဘာဝနာအစွမ်းကြောင့် တာဝတိံသာ နတ်ပြည်မှာ
`အိပ်သောယောက်ျား နိုးသောလားသို့´ သွားဖြစ်တယ်။ အလွန်ကြီးကျယ်တဲ့
ဗိမာန်ကြီးတစ်ခုရဲ့ တံခါးပေါက်မှာ ရွှေတုရိုဏ်တိုင်ကြီး စိုက်ထားသလို
ရွှေရောင်တဝင်းဝင်းနဲ့ အလွန် အဆင်းလှပတဲ့ နတ်သားဖြစ်လာတယ်။
အဲဒီ ဗိမာန်ကြီးထဲမှာ နတ်သမီးက တစ်ထောင်ရှိနေတယ်။ သူတို့အတွက်
နတ်သားက မရောက်လာသေးလို့ ပျင်းခြောက်ခြောက်ရှိနေရာက
နတ်သားသစ်လဲ ရောက်လာရော၊ သူ့ထက်ငါ ဝမ်းသာ အားရ ဖျော်ဖြေဖို့
ဝိုင်းလာကြတယ်။ လက်ထဲမှာလဲ ဖျော်ဖြေရေး တူရိယာတွေ ကိုယ်စီ
လက်ကဆွဲလို့။

ဒါပေမယ့် နတ်သားက သူ့ကိုယ်သူ လူ့ပြည်က စုတေပြီးလာတာ
မသိရှာဘူး။ ယောဂီဘုန်းကြီးပဲ ထင်နေတုန်းရှိသေးတယ်။ နတ်သမီးတွေ
သူ့အနားမှာ ရှုပ်ယှက်ခတ်သွားလာနေကြတာကို မြင်နေရတာတောင်မှ
သူက `ကျောင်းကန်ဘုရား လှည့်လည်ဖူးမြော်တဲ့ ဒကာမတွေ ထင်ပါရဲ့´
အောက်မေ့ပြီး ညာဘက်လက်က ဘယ်ဘက်ပခုံးပေါ် မြှောက်တဲ့ပြီး ၂-ထပ်
သင်္ကန်းကြီးကို တင်လိုက်သလို သင်္ကန်းရမ်းသလို လုပ်လိုက်တယ်။
စက္ဓုနြေ္ဒချပြီး ခေါင်းတောင်ငုံ့ထားလိုက်သေးတယ်။

သူ့အမူအရာကြည့်ပြီး နတ်သမီးတွေက သိသွားတယ်။ `သြော်….
လက်စသတ်တော့ ဒီနတ်သားက ဘုန်ကြီးနတ်သားကိုး´ လို့ အလိုလို
နားလည်သွားကြတယ်။ ဒီတော့ နတ်သမီးတွေက ပြုံးပြီးပြောကြတယ်။
“ အို အရှင်နတ်သား၊ ဒါ…. နတ်ပြည်ဖြစ်ပါတယ်။ ရဟန်းတရား
အားထုတ်တဲ့နေရာ မဟုတ်ပါဘူး။ ကာမဂုဏ်စည်းစိမ်ခံစားကြတဲ့ နေရာပါ´´
လို့ ပြောလဲ နတ်သားက မလှုပ်ဘူး။ သည်အတိုင်းပဲ။ မလှုပ်တော့ နတ်သမီး
တွေက `ဒီလောက်တောင် ရှိတာ´…. ဆိုပြီး နတ်တူရိယာတွေ ဝိုင်းပြီး
တစ်ပြိုင်နက် ပွက်လောရိုက်အောင် တီးကြ မှုတ်ကြတယ်။ ဒါလဲ နတ်သားက
စောင်းငဲ့ပြီးတောင် မကြည့်ဘူး။

သည့်တော့ နတ်သမီးတွေက အကြံတစ်ခုရလာပြီး ချက်ချင်းပဲ
သူ့ရှေ့ကနေပြီး ကိုယ်လုံးပေါ် မှန်ကြီးတစ်ချပ် ယူချပေးထားလိုက်တယ်။
သည်တော့မှ မှန်ထဲကို ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံးမှာ
မကိုဋ်တန်ဆာဒွါဒရာတွေနဲ့ ဖြစ်နေတာကို သိသွားတယ်။ `ငါ လူ့ပြည်က
စုတေပြီး နတ်ပြည်ရောက်နေမှကိုး….´လို့ သိသွားပြီး အကြီးအကျယ်
စိတ်မကောင်းခြင်း ဖြစ်ရှာတယ်။

“ငါသည် ဤဘုံဌာနသို့ ရရှိရန်အလို့ငှါ ရဟန်းတရားကို
အားထုတ်ခဲ့သည်မဟုတ်၊ အတုမရှိ မြင့်မြတ်သော အရဟတ္တဖိုလ်ကို
တောင့်တ၍ အားထုတ်ခဲ့ခြင်းဖြစ်တယ်။ နတ်စည်းစိမ်ရဖို့ကား မခက်၊
ဘုရား သာသနာနှင့် ကြုံဖို့သာ ခဲယဉ်းလှပေတယ်´´ လို့ စဉ်းစားပြီး
ဗိမာန်ထဲကိုတောင် မဝင်တော့ဘဲ နတ်သမီးတွေနှင့်အတူ ဘုရားရှင်ထံ
လာလျှောက်တယ်။

“မြတ်စွာဘုရား၊ ဤသီဆို ကခုန်နေကြတဲ့ ဤနတ်သမီးတွေကို
ဘီးလူးမတွေလို့ပဲ ထင်ပါတယ်။ နှစ်သက်ပျော်မွေ့စရာကောင်းလို့
`နန္ဒန´ နန္ဒဝန် ဥယျာဉ်ဆိုတာလဲ တကယ်တော့ `မောဟန´ ကာမဂုဏ်
မှိုင်းတိုက်ရာဌာနကြီးပါဘုရား။ ဘုရားတပည့်တော်သည် သည်နေရာက
ဘယ်လိုလုပ်ပြီး ထွက်မြောက်ရပါမလဲဘုရား။ ကမ္မဋ္ဌာန်းတရား
ပေးသနားတော်မူပါ´´ လို့ လျှောက်ထားတယ်။

မြတ်စွာဘုရားက နတ်သားရဲ့ဖြစ်စဉ်ကို ဆင်ခြင်တော်မူပြီးသကာလ
မဂ္ဂင်ရှစ်ပါးတရားကို ရထား ဥပမာဖြင့် ဟောပြတော်မူရာ ဘုန်းကြီးလူထွက်
နတ်သား သောတာပန်ဖြစ်သွားပါတယ်။
ဒေဝတာသံယုတ်၊ အစ္ဆရာသုတ်မှာလာတဲ့ ဝတ္တုသွားအချုပ်က
ဤမျှသာဖြစ်တယ်။

ဘုန်းကြီးပြောလိုရင်းက ကမ္မဋ္ဌာန်းတရားအာရုံကို စွဲမြဲစွာထားသူ
မှန်လျှင် နတ်ပြည်ကို ဧကန်ရောက်နိုင်ကြောင်း သိစေလိုရင်းဖြစ်တယ်။
ဒါကြောင့် သံသရာလွတ်မြောက်အောင် အရဟတ္တဖိုလ်ပေါက်
အားမထုတ်နိုင်သေးလျှင် ကမ္မဋ္ဌာန်းလမ်းစရရှိပြီးသူများ အာသန္နကံ
ဘဝကူးတံတားဖြစ်အောင် မိမိတို့ တရားကို ကြိုးစားအားထုတ်ကြစေလိုတယ်။

ကိုင်း…… ဒါန၊ သီလ၊ သရဏဂုံ၊ ဘာဝနာ ၄-မျိုးတို့တွင် မိမိတို့
အားသန်ရာ၊ အလေ့အလာ အထုံဝါသနာအရ တစ်ခုခုသောတရားကို
အားကိုးပြုပြီးသကာလ အနည်းဆုံး နတ်ရွာသုဂတိဘဝကို လှလှကြီး
ရယူနိုင်ကြပါစေ။

သာဓု…သာဓု…..သာဓု
တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး
အရှင်ဦးဥတ္တမသာရ ”

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...