အမျိုးသားများအတွက် ဒဟတ်သကိုင်းဆေးပင်
ဒဟတ်သကိုင်းပင်က အလွန်တရာ တန်ဖိုးရှိသောအပင်ဖြစ်ပါသည်။ သို့ပါ၍ လူသိနည်းလှသော ဒဟတ်သကိုင်းပင်အကြောင်းကို အောက်ပါအတိုင်း ရေးသားဖော်ပြလိုပါသည်။
ရုက္ခဗေဒအမည်အရ Withania somnifera Dunal ဟုခေါ်ပြီး SOLANA CEAE မျိုးရင်းဖြစ်ပါသည်။ မြန်မာအမည်မှာ ဒဟဿဂို/ ဒဟတ်သကိုင်းဟု ခေါ်ဆိုပြီး သက္ကတအမည်မှာ အဆဂံ ဖြစ်ပါသည်။ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံမှ စတင်တွေ့ရှိခဲ့ပြီး အာဖရိက၊ ကမ္ဘာ့အရှေ့ အလယ်ပိုင်းဒေသများနှင့် မြေထဲပင်လယ် ဒေသများတွင် ပေါက်ရောက်သည်။
တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံ အပင်မျိုးဖြစ်သည်။ ပင်စည်ထောင်မတ်၍ ကိုင်းဖြာထွက်သည်။ ၁ ပေ မှ ၄ ပေ ခန့်ထိသာမြင့်သောအပင်ငယ်မျိုးဖြစ်သည်။ အရွက်က ဘဲဥပုံရှိပြီး အပေါ်ဘက်က အစိမ်းရင့်ရောင် အောက်ဘက်က အဖြူရောင်ဖြစ်သည်။ အရွက်မျက်နှာပြင်ချောမွေ့ပြီး အဖြူကြော လေးများပါရှိသည်။ နှစ်ဖက်စလုံးတွင် နူးညံ့သောအမွေးလေးများ ဖုံးနေသည်။
အရွက်တို့သည် များသောအားဖြင့် အဆစ် တစ်ဆစ်မှ အရွက်သုံးရွက်၊ လေးရွက်စုပြီးထွက်တတ်သည်။ ပန်းခိုင်က ကြားထွက် မျိုးဖြစ်ပြီး နှစ်ပွင့်မှလေးပွင့်အထိရှိသည်။ အစိမ်းရောင် အဝါဖျော့သောပန်းတို့ပွင့်ကြသည်။ အသီးအိတ်လေးများက ငါးမြှောင့်ပုံ ဘောက်သီး ပုံသဏ္ဌာန်ရှိသည်။ ၎င်းအသီးအိတ်အတွင်း၌ စားတော်ပဲလုံးအရွယ် အနီရောင်အသီးလုံးလေးများရှိပြီး အဝါရောင် အစေ့ငယ်များစွာ ပါရှိကြသည်။
ဒဟတ်သကိုင်းပင်လေးများကို မြန်မာပြည် နေရာအနှံ့အပြားမှာ စိုက်ပျိုးပင်အဖြစ်သာမက အလေ့ ကျပင်များအဖြစ်ပါတွေ့ရတတ်သည်။ အထူးသဖြင့် မကွေးတိုင်းနှင့်မန္တလေးတိုင်းတွင် အလေ့ကျပေါက်သည်။
တိုင်းရင်းဆေးကျမ်းများ အလိုအရ ဒဟတ်သဂို အမြစ်သည် ချို၏။ ဖန်၏။ ခါးသက်သက်ရှိ၏။ ပူ၏။ ဝဖြိုးစေ၏။ ဓာတ်တို့ကို ပြုပြင်တတ်၏။ ကာမကို အားပေး၏။ အိပ်ပျော်စေ၏။ ဆီးရွှင်၏။ အားနည်းခြင်း၊ အဖုအကျိတ်ရောဂါတို့ကို အသုံးပြုပါက များစွာ အကျိုးရှိ၏။ ၎င်းသည် အထူးအားဖြင့် အမြစ်ကိုအသုံးပြုရ၏။ များစွာ စွမ်းရည်သတ္တိရှိ၍ လူသားတို့အား အကျိုးပြုသော အပင်ဖြစ်၍ အရွက်၊ အပွင့်၊ အသီးတို့လည်း ဆေးဖက်တွင် ထည့်သွင်းအသုံးပြုကြ၏ဟု ဖော်ပြထားပါသည်။
အပင်၏ အစိတ်အပိုင်းအားလုံးကို အောက်ပါအတိုင်း ဆေးဖက်ဝင်အဖြစ် အသုံးပြုနိုင်ပါသည်။
ဆေးဖက်ဝင်လှသဖြင့် “အိန္ဒိယဂျင်ဆင်းပင်” ဟု တင်စားခေါ်ကြသည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသားအားတိုးဆေးအဖြစ် ဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသည်။
အနာပေါက်ရောဂါဖြစ်ခဲ့သော် ဒဟတ်သကိုင်းရွက်ကို ကြက်ဆူဆီသုတ်လိမ်းပြီး မီးနွေးနွေးနှင့်ကင်ပြီး ကပ်ပေးပါ။ အနာနု လျှင် ပိန်သွားပြီး အနာရင့်လျှင် ပြည်ပေါက်သွားသည်။
ဒဟတ်သကိုင်းကို နွားနို့နှင့်နေ့စဉ် သောက်ပါက ခွန်အားတိုးပွားစေပါသည်။
အားအင်ကုန်ခန်းပြီး အားနည်းသော် ဒဟတ်သကိုင်းမှုန့်တစ်ပဲသားကို နွားနို့ပူပူဖြင့် ရောစပ်သောက်ပါ။
ဒဟတ်သကိုင်း အမှုန့်တစ်ကျပ်သား၊ ထောပတ်တစ်ကျပ်သား၊ နွားနို့ ၁၀ ကျပ်သားတို့ကို မီးအေးအေးဖြင့်ချက်၍ ရလာသော ဆေးရည်ကို မနက်၊ ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ စားပေးပါက ပိန်သူဝဖြိုးလာပြီး ခွန်အားတိုးပွားလာစေသည်။
ဆီးနောက်ခြင်း၊ ဆီးအနည်ထိုင်ခြင်းတို့အတွက် ဒဟတ်သကိုင်းစေ့ သုံးပဲသားကို ကြိတ်ပြီး ရေအေးနှင့်သောက်ပေးရုံမျှဖြင့် သက်သာပျောက်ကင်းစေပါသည်။
အဆစ်ရောင်ရောဂါအတွက် ဒဟတ်သကိုင်း ပဉ္စငါးပါး (အမြစ်ပါမကျန်တစ်ပင်လုံး)ကို အရည်ညှစ်ပြီး တစ်ခါသောက်လျှင် နှစ်ပဲသားခန့်သောက်ပါက သက်သာပျောက်ကင်းစေသည်။
ဒဟတ်သကိုင်းအမြစ်ကို သွေးပြီး ရောင်ရမ်းနေသော အဆစ်အမျက်ပေါ် လိမ်းပေးခြင်းဖြင့်လည်း ဝေဒနာများ သက်သာ ပျောက်ကင်းစေသည်။
အကြောတက်ရောဂါအတွက် ဒဟတ်သကိုင်းမြစ်ကို နှမ်းဆီနှင့်စိမ်၍ လိမ်းပေးပါ။
အိပ်မပျော်သူများက ဒဟတ်သကိုင်း အစေ့မှုန့် သုံးပဲသားခန့်ကိုစားပါ။
သားသမီးမရသော အမျိုးသမီးများအတွက် ဒဟတ်သကိုင်းမှုန့်ကို ကြိုတင်ပြီး သောက်ပေးထားပါ။ နို့ထမင်းကို မကြာခဏ စားပါ။ ကိုယ်ဝန်ရပြီးစရသော ကိုယ်ဝန်တည်မြဲစေပါသည်။
မီးယပ်သွေးလွန်ခြင်းအတွက် ဒဟတ်သကိုင်းအမှုန့်ကို သကြားနှင့်ဆတူရောစပ်ပြီး အမှုန့်သုံးမတ်သားခန့် စားပေးပါ။
ဒဟတ်သကိုင်း၊ ဥမွန်ဥ သို့မဟုတ် တောင်ကန်စွန်းဥ၊ နွယ်ချို ၎င်းင်းပစ္စည်း သုံးမျိုးကို ဆတူပမာဏနှင့် နွားနို့ ၁၅ ကျပ်သား ထည့်ကာ ရောကျိုပါ။ ၎င်းင်းဆေးရည် နှစ်ကျပ်သားကို တစ်ရက်ခြား တစ်ကြိမ်သောက်ပေးပါက ကလေးမိခင်တွေ နို့ထွက် စေပါသည်။
ဒဟတ်သကိုင်းပင်ကိုဆေးဖက်ဝင်အပင်အဖြစ်အသုံးပြုလျှင် အကျိုးများစေနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။
ကျန်းမာချမ်းသာကြပါစေ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။