တရုတ်စစ်ရေးလေ့ကျင့်ပြီး တစ်ပတ်မပြည့်မီ အမေရိကန်နှင့် ကနေဒါစစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်း

International News
တရုတ်စစ်ရေးလေ့ကျင့်ပြီး တစ်ပတ်မပြည့်မီ အမေရိကန်နှင့်
ကနေဒါစစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်း

ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများလုပ်ပြီးနောက် သီတင်းတစ်ပတ်မပြည့်မီ မနေ့က အမေရိကန် နှင့် ကနေဒါ ရေတပ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ယင်းခရီးစဉ်မှာ အနှောက်အယှက်ပေးခြင်းဖြစ်ကြောင်း ပေကျင်း က ရှုတ်ချပြောဆိုခဲ့သည်။

အမေရိကန်ရေတပ်က ယင်းရေလက်ကြားကို တစ်လတစ်ကြိမ် ဖြတ်သန်းလေ့ရှိပြီး တစ်ခါတရံ မဟာမိတ်နိုင်ငံများမှ သင်္ဘောများလည်း အတူလိုက်ပါလေ့ရှိသည်။ ထိုင်ဝမ်ကို ၎င်းတို့နယ်မြေအဖြစ်ပြောကြားနေသည့် တရုတ်နိုင်ငံက ယင်းရေလက်ကြားကိုလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေသည်။

အမေရိကန်ဖျက်သင်္ဘော USS Higgins နှင့် ကနေဒါ ဖရီးဂိတ် HMCS Vancouver နှစ်စီးက နိုင်ငံတကာဥပဒေနှင့်အညီ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် လေကြောင်းပျံသန်းခွင့်ရှိသည့် ပင်လယ်နက်ရေလမ်းကြောင်းမှ ပုံမှန်ဖြတ်သန်းနေကျအတိုင်း ခုတ်မောင်းသွားခဲ့ကြောင်း အမေရိကန် အမှတ်(၇)ရေတပ်အုပ်စု က ယနေ့တွင် ပြောကြားသည်။

နိုင်ငံအားလုံးအတွက် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရေး အမေရိကန်နှင့် ကနေဒါတို့၏ စိတ်ပိုင်းဖြတ်ထားမှုကို ယင်းခရီးစဉ်မှ ပြသနေကြောင်း အမေရိကန်ရေတပ် ထုတ်ပြန်ချက် က ဆက်လက်ဖော်ပြသည်။

၎င်းတို့၏ တပ်ဖွဲ့များက ယင်းသင်္ဘောများကို စောင့်ကြည့်လေ့လာပြီး သတိပေးမှုလုပ်ဆောင်ခဲ့ကြောင်း တရုတ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် က ပြောကြားသည်။ အမေရိကန် နှင့် ကနေဒါတို့၏ လုပ်ရပ် က ပြဿနာဖြစ်စေပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်ကြောင်း တရုတ်စစ်ဘက်ထုတ်ပြန်ချက် က ဆက်လက်ပြောကြားသည်။

အမေရိကန်နှင့် ကနေဒါသင်္ဘောများက မြောက်ပိုင်းဆီသို့ ဦးတည်ခုတ်မောင်းသွားခဲ့ကြောင်း နှင့် ၎င်းတို့ကို ထိုင်ဝမ်စစ်ဘက် က စောင့်ကြည့်ပေးခဲ့ကာ အခြေအနေမှာ ပုံမှန်ပင်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားသည်။
တရုတ်က ပြီးခဲ့သည့် တနင်္လာနေ့က ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီး ခွဲထွက်ရေးလုပ်ရပ်များကို သတိပေးရန် လေ့ကျင့်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ ယင်းလုပ်ရပ်များကို အမေရိကန် နှင့် ထိုင်ဝမ်တို့က ရှုတ်ချခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...