အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

International News
အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

အခုညမှာပဲ အစ္စရေးနိုင်ငံထဲက တယ်လ်အဗီးမြို့အပါအဝင်နေရာတချို့ကို အီရန်က ပဲ့ထိန်းဒုံး ရာနဲ့ချီပြီးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှု ဖြစ်လာတော့မယ်ဆိုတာ အမေရိကန်နဲ့ အစ္စရေးတို့က သိရှိခဲ့ပြီး အစ္စရေးနိုင်ငံထဲမှာ လူထုကို ဗုံးခိုကျင်းတွေထဲ အမြန်ဆုံးသွားကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

လေကြောင်းသတိပေးချက်တွေလည်း ထွက်လာပြီး မကြာခင်မှာပဲ အစ္စရေးကောင်းကင်ယံမှာ အလင်းတန်းတွေနဲ့ ပေါက်ကွဲသံတွေ ကြားရတွေ့ရပါတယ်။

အစ္စရေးရဲ့ နာမည်ကျော် ဒုံးကျည်ကာကွယ်ရေးစံနစ် Iron Dome နဲ့ ဝင်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားတာတွေ လုပ်ခဲ့ပေမဲ့ ဒုံးကျည်တချို့ အဲဒီအတားအဆီးကို ဖြတ်ကျော်ဝင်ရောက်လာနိုင်ခဲ့ပြီး မြို့ထဲတွေ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဘက်ကလည်း ကူညီပြီး ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချပေးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက်သတင်းဌာန CBS ကို ပြောပါတယ်။ အသေးစိတ်ကိုတော့ သူက ထုတ်မပြောပါဘူး။

အီရန်ဘက်က ဒုံးကျည် ၁၈၀ လောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က ပြောပါတယ်။ တချို့သတင်းတွေကတော့ ဒုံးကျည် ၂၀၀ ကျော်အထိနဲ့ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

တယ်လ်အဗီးမြို့မှာ အပျက်အစီးစတွေ ထိမှန်လို့ အရပ်သားနှစ်ယောက် ဒဏ်ရာရသွားတယ်လို့ သတင်းတွေက ပြောပါတယ်။ မပြင်းထန်ဘူးလို့လည်း ဆိုပါတယ်။

အစ္စရေးက လက်တုံ့ပြန်မယ်လို့ ပြော

အစ္စရေးစစ်တပ်ရဲ့ ပြောခွင့်ရ ဒင်နီယယ်ဟက်ဂါရီက အခုညမှာပဲ အီရန်ကို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

အီရန်ပါလီမန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကော်မီတီဥက္ကဋ္ဌ အီဘရာဟင်အဇီဇီက အခုတိုက်ခိုက်မှုဟာ အစ္စရေးကို ပထမလှိုင်းနဲ့ တိုက်ခိုက်တာ ဖြစ်ပြီး အစ္စရေးရဲ့ စစ်ဖက်ပစ်မှတ်တွေကို ဦးတည်တယ်လို့ပြောပါတယ်။ အစ္စရေးဘက်က မိုက်မဲစွာနဲ့ တုံ့ပြန်မှုလုပ်လာရင် အစ္စရေးကို ပိုပြင်းထန်တဲ့ ဒုတိယလှိုင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်မယ်လို့ သတိပေးလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တာညာဟူးကလည်း အစ္စရေးကို တိုက်ခိုက်တာမလုပ်ဖို့၊ လုပ်ခဲ့ရင် ဆိုးဝါးတဲ့ အကျိုးဆက်တွေရှိလာမယ်လို့ မကြာသေးခင်ရက်ပိုင်းကပဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောရင်း အီရန်ကို သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပိုင်းတွေမှာ လက်ဘနွန်က အီရန်ထောက်ပံ့ပေးထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးက အပြင်းအထန်တိုက်ခိုက်ပြီး ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန်နာဆာရာလာကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ တင်းမာမှုအပြင်းထန်ဆုံး ဖြစ်နေခဲ့ပါတယ်။ အီရန်ကလည်း အစ္စရေးကို လက်တုံ့ပြန်လက်စားချေမယ်လို့ ကြုံးဝါးထားပါတယ်။

အီရန်က အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်လာရင် အရှေ့အလယ်ပိုင်းဒေသကစစ်ပွဲကြီး ကျယ်ပြန့်စစ်မီးတောက်သွားနိုင်လို့ အမေရိကန်အပါအဝင်နိုင်ငံကြီးတွေက ဘက်အားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ သံတမန်ရေးနည်းနဲ့ ဖြေရှင်းကြဖို့ အပူတပြင်းတိုက်တွန်းနေခဲ့ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...