ဂါဇာစစ်ပွဲနှစ်ပတ်လည်နီးလာစဉ် ကမ္ဘာတစ်ဝန်းတွင် ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပေါ်

International News
ဂါဇာစစ်ပွဲနှစ်ပတ်လည်နီးလာစဉ် ကမ္ဘာတစ်ဝန်းတွင်
ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပေါ်

၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သည့် ဂါဇာစစ်ပွဲနှစ်ပတ်လည်နေ့ နီးကပ်လာစဉ် ကမ္ဘာတစ်ဝန်းမြို့ကြီးများတွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြကာ ဂါဇာနှင့် အရှေ့အလယ်ပိုင်း သွေးထွက်သံယိုမှုများကို အဆုံးသတ်ရေး တောင်းဆိုခဲ့ကြသည်။

လန်ဒန်မြို့လယ်တွင် ပါလက်စတိုင်းထောက်ခံ ဆန္ဒပြသူ လေးသောင်းခန့် ချီတက်ခဲ့ကြပြီး ပါရီ ၊ ရောမ ၊ မနီလာ ၊ ကေ့ပ်တောင်း နှင့် နယူးယောက်မြို့များတွင်လည်း လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြသည်။

ဂါဇာနှင့် လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများတွင် အမေရိကန်က ကူညီပံ့ပိုးပေးနေမှုကို ကန့်ကွက်သည့်အနေဖြင့် အမေရိကန်သမ္မတရုံးစိုက်သည့် အိမ်ဖြူတော်အနီးတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

နယူးယောက်မြို့ နာမည်ကျော်တိုင်းမ်စ်ရင်ပြင်တွင်လည်း ဆန္ဒပြသူများ စုဝေးခဲ့ကြပြီး အဖြူနှင့်အနက်ရောင် လက်ကိုင်ပဝါများကို ဝှေ့ရမ်းရင်း အစ္စရေးအပေါ် လက်နက်တင်ပို့မှု ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်အဖွဲ့ဝင်များက အစ္စရေးနိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး လူပေါင်း ၁၂၀၀ ခန့်ကို သတ်ဖြတ်ပြီး ၂၅၀ ခန့်ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ရာမှ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီး နောက်ပိုင်းတွင် အစ္စရေးတို့၏ စစ်ဆင်ရေးများကြောင့် ပါလက်စတိုင်းနိုင်ငံသား ၄၂၀၀၀ ခန့် သေဆုံးခဲ့သည်။

ဂါဇာတွင် နေထိုင်သူ ၂ ဒသမ ၃ သန်းမှာလည်း အာလုံးနီးပါး နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အစာရေစာငတ်မွတ်မှုများလည်း ရှိခဲ့ကာ ကမ္ဘာ့တရားရုံးတွင်လည်း အစ္စရေးအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်များ ထွက်ပေါ်လာစေခဲ့သည်။


“ ကျွန်မတို့က စိတ်စေတနာကောင်းတွေ ပြသနေပေမယ့်လည်း အစ္စရေးကတော့ ဒါကို ဂရုမစိုက်ဘဲ ဂါဇာမှာ စက်ဆုပ်စရာတွေ လုပ်ခဲ့ပါတယ်။ အခုဆိုရင် လက်ဘနွန်၊ ယီမင်မှာပါ ဒါမျိုးတွေလုပ်နေပြီး အီရန်လည်း ပါလာနိုင်ပါတယ်။ ကျွန်မတို့ အစိုးရက အပြောသက်သက်ပဲရှိပြီး အစ္စရေးကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေပါတယ်။” ဟု လန်ဒန်မြို့မှ ဆန္ဒပြသူ အက်ဂနက်စ်ကိုရီက ပြောကြားပါသည်။

 

အီတလီနိုင်ငံ ရောမမြို့လယ်တွင်လည်း အာဏာပိုင်များက ပိတ်ပင်ထားမှုကို ဆန့်ကျင်ကာ လူပေါင်း ခြောက်ထောင်ခန့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဆန္ဒပြသူ တစ်ထောင်ခန့်က ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းပြီး ထောက်ခံမှုပြသခဲ့ကာ လူမျိုးတုံးသတ်ဖြတ်မှုတစ်နှစ်တာဟုကြွေးကြော်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အစ္စရေးထောက်ခံသူများလည်း ဘာလင်မြို့တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...