ထရာမီအပူပိုင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်၌ လူ ၄၀ ဦးသေဆုံး
အနည်းဆုံး လူ ၄၀ ဦးကို အသက်ဆုံးရှုံးစေခဲ့သည့် ထရာမီ အပူပိုင်းမုန်တိုင်းက ပင်လယ်ပြင်သို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သော်လည်း ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့များက ရေကြီးရေလျှံမှုများ ရှိနေသည့်ကြားမှပင် နေအိမ်ခေါင်မိုးများပေါ် သောင်တင်နေသူများဆီ ရောက်ရှိရန်ကြိုးစားနေကြသည်။
နေရာအချို့တွင် နှစ်ရက်အတွင်း နှစ်လခန့်ရှိသည့် မိုးရေချိန်ပမာဏကို ရွာသွန်းသွားခဲ့သည့် မိုးသည်းထန်မှုနှင့်အတူ ဖြစ်ပေါ်လာခဲ့သော ရေဘေးဒုက္ခကြောင့် လူထောင်ပေါင်းများစွာမှာ ၎င်းတို့နေအိမ်ဆီ ပြန်မလာနိုင်သေးဘဲ ရှိနေကြသည်။
လူအများအပြားမှာ အိမ်ခေါင်မိုးများပေါ်တွင် ရောက်ရှိနေကြပြီး အကူအညီတောင်းနေကြကြောင်း ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံစားနေရသည့် ဘီကိုးလ်ဒေသ ရဲတပ်ဖွဲ့ဒါရိုက်တာ အန်ဒါဒီဇွန် က ပြောကြားပြီး အသက်ကယ်လှေများ နည်းပါးမှုက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
မိုးရွာသွန်းမှုရပ်တန့်သွားပြီ ဖြစ်တာကြောင့် ရေကြီးမှုများ လျော့ကျလာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကပင်ပြောသည်။
ထရာမီမုန်တိုင်းက ယနေ့ နံနက်စောစောပိုင်းတွင် ဖိလစ်ပိုင်မှ ထွက်ခွာသွားကာ တောင်တရုတ်ပင်လယ်အနောက်ဘက်သို့ ဦးတည်သွားခဲ့စဉ် အသက်ဆုံးရှုံးမှုသတင်းများ ထပ်မံထွက်ပေါ်လာခဲ့သဖြင့် သေဆုံးသူစာရင်းတိုးလာခဲ့သည်။
မြို့တော် မနီလာတောင်ဘက် ဘာတန်းဂတ်စ် ခရိုင်တွင် ရုတ်တရက် ရေကြီးမှုများကြောင့် အလောင်း ခြောက်လောင်းကို တွေ့ရှိခဲ့ကာ မည်သူမည်ဝါ ဖော်ထုတ်ခြင်း မလုပ်ရသေးကြောင်း ရဲတပ်ကြပ်ကြီး နယ်လ်ဆင်ကာဘူဆို က ပြောကြားသည်။ ယင်းခရိုင် ဒေသအများအပြားသို့ ကယ်ဆယ်ရေးသမားများ သွားရောက်ရန် လက်လှမ်းမမီ ဖြစ်နေကြောင်း ဒေသခံ သတင်းများက ဖော်ပြသည်။
နိုင်ငံ၏ အဓိကကျွန်းကြီးဖြစ်သည့် လူဇွန်ကျွန်းတွင် ယနေ့ အထိ အစိုးရရုံးများနှင့် စာသင်ကျောင်းများကို ပိတ်ထားဆဲဖြစ်ကာ အနောက်ဘက်ကမ်းရိုးတန်း တစ်လျောက်တွင်လည်း လှိုင်းကြီးမှု သတိပေးချက်များ ဆက်လက်ထုတ်ပြန်ထားရှိသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။