ထရာမီ အပူပိုင်းမုန်တိုင်း လာမည့်သီတင်းပတ်တွင်
ဖိလစ်ပိုင်ဘက်သို့ ပြန်ကွေ့လာနိုင်
ဖိလစ်ပိုင်နိုင်ငံကို အောက်တိုဘာ ၂၄ ရက်တွင် ကုန်းတွင်း ဝင်တိုက်ခတ်ခဲ့သော ထရာမီအပူပိုင်းမုန်တိုင်းသည် လက်ရှိတွင်တောင်တရုတ်ပင်လယ်ဘက်သို့ ဦးတည်ရွေ့လျားနေသော်လည်း ရှားပါးဖြစ်စဉ်အဖြစ် လာမည့်သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံဘက်သို့ ပြန်ကွေ့လာနိုင်ကြောင်း မိုးလေ၀သပညာရှင်များက အောက်တိုဘာ ၂၆ ရက်တွင် သတိပေးထားသည်။
ထရာမီ အပူပိုင်းမုန်တိုင်း၏ ဗဟိုချက်သည် အောက်တိုဘာ ၂၄ ရက်တွင် တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၆၀ နှုန်းဖြင့် ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းကို ကုန်းတွင်းဝင်တိုက်ခတ်ခဲ့သည်။
အဆိုပါ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ သေဆုံးခဲ့သူအရေအတွက်မှာ ၄၆ ဦးအထိရှိလာခဲ့ပြီး ၂၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။
ထရာမီအပူပိုင်းမုန်တိုင်းသည် အောက်တိုဘာ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံဘက်သို့ ဦးတည်၍ တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ရွေ့လျားလျက်ရှိသည်။
သို့ရာတွင် ထရာမီအပူပိုင်းမုန်တိုင်းသည် တောင်တရုတ်ပင်လယ်ဒေသ ရာသီဥတုပုံစံနှစ်ရပ်ကြောင့် လာမည့် သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံဘက်သို့ ပြန်လည်ဦးလှည့်လာနိုင်ပြီး ကမ်းရိုးတန်းဒေသများအနီး ရောက်ရှိတိုက်ခတ်နိုင်ကြောင်း ဖိလစ်ပိုင်မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားသည်။ ထရာမီအပူပိုင်းမုန်တိုင်း လူဇွန်ကျွန်းသို့ ကုန်းတွင်းဝင်တိုက်ခတ်စဉ် တစ်ရက်တာကာလအတွင်း နှစ်လတာ မိုးရေချိန်စုစုပေါင်းနှင့် ညီမျှသော မိုးရေချိန်ကိုရရှိခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောကြားထားသည်။
ထရာမီမုန်တိုင်း တိုက်ခတ်စဉ်အတွင်း မြေပြိုမှုများ ရေလွှမ်းမိုးမှုများနှင့် အခြားမုန်တိုင်းနှင့် ဆက်စပ်နေသော မတော်တဆမှုများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၌ သေဆုံးသူ ၄၆ ဦးအထိ ရှိလာခဲ့ပြီး လူပေါင်း၂၄၀၀၀၀ ကျော်မှာလည်း ယာယီခိုလှုံရေးစခန်းများ၌နေထိုင်နေရကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောကြားသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။