ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုး လက်နက်ရောင်းချမှုကို
တုံ့ပြန်သွားမည်ဟု တရုတ်ကြုံးဝါး
အမေရိကန်က ထိုင်ဝမ်ကို ကန်ဒေါ်လာ ၂ ဘီလီယံဖိုးလက်နက်ရောင်းချမှုကို ရှုတ်ချပြောဆိုကာ ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် တရုတ်က တန်ပြန်အစီအစဉ်များ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အစိုးရက ပြောကြားပါသည်။
တရားဝင် သံတမန်ရေးဆက်ဆံမှုမရှိသော်လည်း တရုတ်က ၎င်းတို့ပိုင်ဟု ပြောကြားနေသော ထိုင်ဝမ်ကို မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရေးအတိုင်းအတာများ ထောက်ပံ့ရန် အမေရိကန်က ဥပဒေတစ်ရပ်ဖြင့် ချည်နှောင်ခံထားရသည်။
ထိုင်ဝမ်သို့ ဒေါ်လာ ၂ ဘီလီယံဖိုး လက်နက်များရောင်းချသွားရန် အမေရိကန်က အတည်ပြုလိုက်ကြောင်းနှင့် ယင်းတွင် ယူကရိန်းစစ်ပွဲတွင် အသုံးပြုနေသည့် အဆင့်မြင့်လေကြောင်းရန် ကာကွယ်စနစ်ကို ထိုင်ဝမ်သို့ ပထမဆုံးအကြိမ်ရောင်းချခြင်းလည်း ပါဝင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့တွင်ပြောကြားသည်။
အဆိုပါ လက်နက်ရောင်းချမှုများကို တရုတ်က ပြင်းထန်စွာရှုတ်ချပြီး အခိုင်အမာလည်း ဆန့်ကျင်ကြောင်း ၊ ယင်းနှင့်ပတ်သက်၍ အမေရိကန်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ထားကြောင်း စနေနေ့နှောင်းပိုင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
ထို့ပြင် ထိုင်ဝမ်အား လက်နက်တပ်ဆင်ပေးခြင်းအား ချက်ချင်းရပ်တန့်ရန် တရုတ်က အမေရိကန်ကို တိုက်တွန်းခဲ့ကာ ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်သည့် အန္တရာယ်ရှိလုပ်ရပ်များကို ရပ်တန့်ရန်လည်း တရုတ်က ပြောကြားခဲ့သည်။
ယင်းနှင့်အတူ တရုတ်က ပြတ်သားသည့် တန်ပြန်အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအချုပ်အခြာ၊ လုံခြုံရေးနှင့် နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး လိုအပ်သည့်အတိုင်းအတာ အားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အသေးစိတ်တော့ ပြောကြားခြင်းမရှိဟု ရိုက်တာသတင်းက ဖော်ပြသည်။
ထိုင်ဝမ် အစိုးရကမူ ဂျိုးဘိုင်ဒန်လက်ထက် ၁၇ ကြိမ်မြောက် ထိုင်ဝမ်သို့လက်နက်ရောင်းချမှုကို ကြိုဆိုလိုက်သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။