ဖခင်ကိုသတ်တဲ့ တရားခံကို ကိုယ်တိုင်ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ဘရာဇီးအမျိုးသမီး

International News
ဖခင်ကိုသတ်တဲ့ တရားခံကို ကိုယ်တိုင်ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ဘရာဇီးအမျိုးသမီး

ဘရာဇီးအမျိုးသမီးတစ်ဦးဟာ အသတ်ခံရတဲ့ဖခင်အတွက် ၂၅ နှစ်အကြာမှာ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပြီး တရားခံကို ကိုယ်တိုင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဂစ်လိန်းရဲ့ဖခင် ဂီဗယ်ဒိုဟာ ဘိုအာဗစ်စတာမြို့မှ ဘားတစ်ခုမှာ အကြွေးကိစ္စနဲ့ စကားများခဲ့ပါတယ်။ ဂီဗယ်ဒိုက ဂိုမက်စ်ဆိုသူကို ဘရာဇီးရီယယ်ငွေ ၁၅၀ ပေးစရာရှိတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက် စကားများရင်း ဂိုမက်စ်က ဆိုင်ပြန်ထွက်သွားပါတယ်။ မိနစ်ပိုင်းအကြာမှာ ပြန်ရောက်လာပြီး ဂီဗယ်ဒိုကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဂီဗယ်ဒို သေဆုံးခဲ့ပြီး ဂိုမက်စ်ကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။

အဲဒီအချိန်မှာ ဂစ်လိန်းက အသက် ၉ နှစ်ပဲ ရှိပါသေးတယ်။ ဂီဗယ်ဒိုရဲ့ သားသမီး ၅ ယောက်ထဲမှာ ဂစ်လိန်းက သမီးအကြီးဆုံးပါ။ သူ့အဖေကို သတ်သွားတဲ့ တရားခံကို ဖမ်းမိအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့ပြီး အထက်တန်းကျောင်း အောင်မြင်ချိန်မှာ ဥပဒေကျောင်း တက်ပါတယ်။ ၇ နှစ်အကြာမှာတော့ သူက လိုင်စင်ရ ရှေ့နေဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ စာမေးပွဲအောင်ခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

သူ့အဖေရဲ့ လူသတ်မှုကို ဖော်ထုတ်ပြီး တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် လူသတ်မှု စုံစမ်းစစ်ဆေးရေးဌာနမှာ ခန့်အပ်ဖို့ ဂစ်လိန်းက တောင်းဆိုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဂိုမက်စ်ကို မျက်ကွယ်ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပေမဲ့ ဖမ်းဆီးနိုင်ခြင်းတော့ မရှိပါဘူး။ ဂိုမက်စ်ရဲ့ ရှေ့နေတွေက အထက်တရားရုံးကို ၂ ကြိမ်တိုင်တိုင် အယူခံဝင်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

ဂိုမက်စ်ကို ၂၀၁၉ ခုနှစ်က ဖမ်းဆီးမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီအမိန့်ဟာ ထောင်ဒဏ်ပြစ်ဒဏ် ကုန်ဆုံးမယ့် ၁၂ နှစ်အကြာ (၂၀၃၁ ခုနှစ်)မှာ သက်တမ်းကုန်ဆုံးမှာပါ။ ဂစ်လိန်းဟာ ပြည်နယ်စုံစမ်းစစ်ဆေးရေးအရာရှိအဖြစ် ခန့်အပ်ခံရပြီး ၂ လအကြာဖြစ်တဲ့ စက်တင်ဘာလ ၂၅ ရက်မှာတော့ ဂိုမက်စ်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဘိုအာဗစ်စတာမြို့အနီးက လယ်တောထဲမှာ ပုန်းအောင်းနေတဲ့ ဂိုမက်စ်ကို ဖမ်းဆီးနိုင်ခဲ့တာပါ။

ဖခင်ကို သတ်တဲ့ တရားခံကို ကိုယ်တိုင်ဖမ်းဆီးနိုင်ခဲ့ပြီး မိသားစုအတွက် အေးငြိမ်းမှုရှာဖွေပေးနိုင်ခဲ့တဲ့ ဂစ်လိန်းရဲ့ကြိုးပမ်းမှုက ဘရာဇီးပြည်သူတွေနဲ့ တောင်အမေရိကနိုင်ငံတွေမှာ လူသန်းပေါင်းများစွာရဲ့ အသိအမှတ်ပြု ချီးကျူးခြင်းခံခဲ့ရပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...