အရှေ့အလယ်ပိုင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အစ္စရေးသတိပေး

International News
အရှေ့အလယ်ပိုင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း
အစ္စရေးသတိပေး

အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုအလားအလာနှင့် ပတ်သက်၍ ပြတ်သားသော သတင်းစကားပေးပို့လိုက်ပြီး အစ္စရေးအနေနှင့် အရှေ့အလယ်ပိုင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို တိုက်ခိုက်ရန် နည်းလမ်းရှိကြောင်း အစ္စရေးစစ်ဦးစီးချုပ်ဟာဇီဟာလေဗီ က ယမန်နေ့(အောက်တိုဘာ ၂ ရက်)တွင် သတိပေးပြောကြားသည်။

အရေးကြီးသည့်ပစ်မှတ်များအား မည်သို့ရှာဖွေရမည်ဆိုသည်ကို အစ္စရေးက သိရှိထားပြီး အီရန်၏တိုက်ခိုက်မှုကို တိကျအားကောင်းစွာတုံ့ပြန်သွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် တဲလ်နော့ဖ် လေတပ်အခြေစိုက်စခန်းကို သွားရောက်ခဲ့သည့် ဟာလေဗီကပြောကြားသည်။

“အရှေ့အလယ်ပိုင်းက ဘယ်အမှတ်အသားကိုမဆို ထိရောက်အောင်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။ ဒါကို သဘောမပေါက်သေးတဲ့ ကျွန်တော်တို့ရဲ့ ရန်သူတွေက မကြာခင်နားလည်လာမှာပါ။” ဟု လေတပ်အခြေစိုက်စခန်းတွင် ရိုက်ကူးထားသော ရုပ်သံဖိုင်တစ်ခုတွင် ၎င်းက ပြောကြားထားသည်။

အစ္စရေးနိုင်ငံတစ်ဝှမ်း၌ ဂျူးနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့တွင် ဆင်နွှဲနေစဉ်အတွင်း အစ္စရေးစစ်တပ်က မျက်နှာစာအားလုံးတွင် စစ်ဆင်ရေးနှင့် တိုက်ခိုက်မှုများရှိနေဆဲဖြစ်ကြောင်း ဟာလေဗီက ဆိုသည်။

အင်္ဂါနေ့က အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုအပြီးတွင် တီဟီရန်က ၎င်း၏ လုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကတိပေးခဲ့သည်။

၎င်း၏ရန်သူများကို လက်တုံ့ပြန်ရန် ကတိပြုထားသည့် အစ္စရေး၏သန္နိဋ္ဌာန်ကို တီဟီရန်က နားမလည်ကြောင်းနှင့် ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နေတန်ယာဟုက အခိုင်အမာပြောကြားသည်။

“အီရန် ဒါမှမဟုတ် အရှေ့အလယ်ပိုင်းမှာ အစ္စရေးရဲ့လက်တံမမီနိုင်တဲ့နေရာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့နောက် အီရန်အနေနှင့်စစ်ပွဲဖြစ်ရန် ကြိုးပမ်းနေခြင်းမဟုတ်ဘဲ ဒုံးကျည်တိုက်ခိုက်မှုအပေါ် အစ္စရေးကပြန်လည်တုံ့ပြန်လာပါက ပိုမိုပြင်းထန်သောတုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ကြောင်း အီရန်သမ္မတမာဆွတ်ပီဇက်ကီယန်က ပြောကြားသည်။

“တုံ့ပြန်ဖို့ကလွဲလို့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ တကယ်လို့ အစ္စရေးက တုံ့ပြန်ဖို့ ဆန္ဒရှိရင်တော့ ကျွန်တော်တို့ကလည်း ပိုပြင်းထန်တဲ့ တုံ့ပြန်မှုကိုပေးရလိမ့်မယ်။ ဒါက အစ္စလာမ္မစ်သမ္မတနိုင်ငံက ကတိပြုထားတဲ့အတိုင်းပဲဖြစ်ပါတယ်”ဟု ယမန်နေ့တွင်ဒိုဟာသို့ရောက်ရှိနေသည့် ပီဇက်ကီယန် က ပြောကြားသည်။

လတ်တလောတွင် အစ္စရေးက အီရန်အား လက်တုံ့ပြန်မှုဖြစ်နိုင်ခြေအပေါ် နိုင်ငံတကာစိုးရိမ်မှုများရှိနေပြီး အထူးသဖြင့် အီရန်၏နျူကလီးယားအခြေခံအဆောက်အအုံများအား အစ္စရေးကလက်စားချေတိုက်ခိုက်လာမည်ကို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများ၏စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...