စစ်ပွဲတစ်နှစ်တာတွင် ဟားမားစ်ပစ်မှတ် ၄၀၀၀၀ ကို အစ္စရေးတိုက်ခိုက်ခဲ့

International News
စစ်ပွဲတစ်နှစ်တာတွင် ဟားမားစ်ပစ်မှတ် ၄၀၀၀၀ ကို
အစ္စရေးတိုက်ခိုက်ခဲ့

ပြီးခဲ့သည့် တစ်နှစ်အတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက ပစ်မှတ်ပေါင်း လေးသောင်းကို ဗုံးကြဲခဲ့ပြီး မြေအောက်ဥမင်လှိုဏ်ခေါင်း ဝင်ပေါက် ၄၇၀၀ ကို တွေ့ရှိခဲ့ကာ ဒုံးပျံပစ်ခတ်သည့် နေရာ တစ်ထောင်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဟားမားစ်အဖွဲ့အကြမ်းဖက်မှုကနေ စတင်ခဲ့သည့် ဂါဇာစစ်ပွဲ တစ်နှစ်ပြည့် နှစ်ပတ်လည်တွင် အစ္စရေးစစ်ဘက် က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် နောက်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့ဝင် ၇၂၆ ဦး သေဆုံးခဲ့ကြောင်း သေဆုံးသူနာမည်များအား ပုံနှိပ်ဖော်ပြခွင့်ပါ ရယူထားသည့် စစ်ဘက်က ပြောကြားသည်။ ၎င်းတို့အနက် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ၃၈၀ ဦးရှိကာ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ဂါဇာစစ်ပွဲအတွင်း သေဆုံးခဲ့သူ ၃၄၆ ဦး ရှိကြောင်း သိရသည်။

Screenshot

ယင်းကာလအတွင်း ဒဏ်ရာရရှိခဲ့သူ တပ်ဖွဲ့ဝင်ပေါင်း ၄၅၇၆ ဦး ရှိခဲ့ကာ စစ်ဆင်ရေးအတွင်း မတော်တဆမှုများကြောင့် သေဆုံးသူ ၅၆ ဦး ရှိကြောင်း စစ်ဘက် က ပြောကြားပြီး ယင်းအဖြစ်အပျက်များကိုမူ အသေးစိတ်မပြောခဲ့ပေ။

စစ်ပွဲစတင်ပြီးနောက်ပိုင်း ဂါဇာမှ အစ္စရေးသို့ ပစ်ခတ်ခဲ့သည့် ဒုံးပျံအရေအတွက် ၁၃၂၀၀ ရှိကာ လက်ဘနွန်မှ ပစ်ခတ်မှုမှာ ၁၂၄၀၀ ရှိကြောင်း ၊ ဆီးရီးယားမှ ပစ်ခတ်မှု ၆၀ ၊ ယီမင်မှ ပစ်ခတ်မှု ၁၈၀ နှင့် အီရန်မှ ဒုံးပျံနှင့် ဒုံးကျည် ၄၀၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အစ္စရေးစစ်ဘက် က ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်တွင် အကြမ်းဖက်သမား ၈၀၀ ကို သတ်ဖြတ်နိုင်ခဲ့ကာ လေကြောင်းမှနေ၍ ပစ်မှတ်ပေါင်း ၄၉၀၀ ကို တိုက်ခိုက်ခဲ့ကာ မြေပြင်တွင် ပစ်မှတ်ပေါင်း ၆၀၀၀ ကို ချေမှုန်းခဲ့ကြောင်း စစ်ဘက်က ပြောကြားသည်။ ထို့ပြင် တစ်နှစ်တာကာလအတွင်း အနောက်ဘက်ကမ်းခြေနှင့် ဂျော်ဒန်တောင်ကြားဒေသတွင် မသင်္ကာသူ ငါးထောင်ကို ဖမ်းဆီးခဲ့သည်ဟုလည်း အစ္စရေးက ပြောသည်။

ဂါဇာစစ်ပွဲအတွင်း ရန်သူတပ်မဟာမှူး ရှစ်ဦး၊ တပ်ရင်းမှူး ၃၀ ဦးနှင့် တပ်ခွဲမှူး ၁၆၅ ဦး ကို ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း အစ္စရေးစစ်ဘက် က ပြောကြားသည်။
အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများကြောင့် သေဆုံးခဲ့သူ ပါလက်စတိုင်းနိုင်ငံသား ၄၂၀၀၀ ရှိကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန စာရင်းများ အရသိရသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...