ရုရှား၌ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များရှိနေသည့် အထောက်အထားများ တွေ့ရကြောင်း အမေရိကန် ပထမဆုံးအကြိမ်အတည်ပြု

International News
ရုရှား၌ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များရှိနေသည့် အထောက်အထားများ
တွေ့ရကြောင်း အမေရိကန် ပထမဆုံးအကြိမ်အတည်ပြု

ယူကရိန်း၌ ဖြန့်ကြက်ထားဖွယ်ရှိသည့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀၀၀ ကို ရုရှားသို့စေလွှတ်ထားသည့် သက်သေအထောက်အထားများကို တွေ့ရကြောင်း အမေရိကန်က ယမန်နေ့တွင် ပထမဆုံးအကြိမ်ထုတ်ဖော်ပြောကြားသည်။
ယင်းမှာ အိမ်နီးချင်းနိုင်ငံ ယူကရိန်းနှင့်ဆင်နွှဲနေသည့် ရုရှားစစ်ပွဲအတွင်း သိသာထင်ရှားသော အရှိန်မြှင့်တင်သည့် လှုပ်ရှားမှုတစ်ရပ်၏ အမှတ်အသားဖြစ်လာဖွယ်ရှိသည်။

ကိဗ် က စွပ်စွဲထားသည့်အတိုင်း ယူကရိန်းတွင် ရုရှားတို့နှင့်အတူ တိုက်ပွဲဝင်ရန် မြောက်ကိုးရီးယားက ပြင်ဆင်နေပါက အလွန့်အလွန်ပြင်းထန်လာမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် က ရောမမြို့၌ ပြောကြားသည်။
“ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်” ဟု အော်စတင် က မြောက်ကိုရီးယား၏ တရားဝင်အမည်ဖြစ်သည့် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကို အသုံးပြုကာ သတင်းထောက်များအား ပြောကြားသည်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အနည်းဆုံး ၃၀၀၀ ခန့်မှာ ရုရှားအရှေ့ပိုင်းရှိ စစ်အခြေစိုက် စခန်းသုံးခု၌ လေ့ကျင့်ရေးဆင်းနေသည်ဟု အမေရိကန်က ယုံကြည်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က ယမန်နေ့နှောင်းပိုင်းတွင် သတင်းထောက်များအားပြောကြားသည်။

စုစုပေါင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့် ရုရှားသို့ပို့ဆောင်ရန် ပြုံးယမ်းက ကတိပြုထားပြီး ဒီဇင်ဘာတွင် အပြည့်အဝဖြန့်ကြက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအေဂျင်စီက ရှင်းလင်းပြောကြားပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များက သတင်းထောက်များအား ပြောကြားသည်။

“မြောက်ကိုရီးယားနိုင်ငံအတွင်း လေ့ကျင့်သင်ကြားနေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အရိပ်အယောင်တွေကို စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ တွေ့ရှိခဲ့ပါတယ်”ဟု တောင်ကိုရီးယားပါလီမန်ထောက်လှမ်းရေးကော်မတီအဖွဲ့ဝင် ပတ်ဆန်းဝန် က ဆိုသည်။

လက်ရှိတွင် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံရှိ လေ့ကျင့်ရေးနေရာအများအပြားသို့ လူစုခွဲပြီး ဒေသပတ်ဝန်းကျင်နှင့် နေသားကျအောင် လုပ်ဆောင်နေကြပုံရသည်။

ယခုလ အစောပိုင်းတွင် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် အနည်းဆုံး ၃၀၀၀ ကို ရုရှားနိုင်ငံ အရှေ့ပိုင်း ဗလာဒီဗိုစတော့မြို့သို့ သင်္ဘောဖြင့် ပို့ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့အား ရုရှားနိုင်ငံ အရှေ့ပိုင်းရှိ စစ်ဘက်ဆိုင်ရာ နေရာအများအပြားသို့ ခေါ်ဆောင်သွားခဲ့ပြီး လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အမေရိကန် အရာရှိက ပြောကြားသည်။

မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်များချထားမှုမှာ ရုရှားစစ်တပ်တွင် လူအင်အား ပြဿနာရှိနေသည့် နောက်ထပ်အထောက်အထားတစ်ခု ဖြစ်နိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင် က ပြောကြားသည်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များ ချထားမှုနှင့်ပတ်သက်၍ ဆိုးလ်၏ ပြောကြားချက်ကို သတင်းမှားအဖြစ် ကရင်မလင် က ယခင်က ပယ်ချခဲ့သကဲ့သို့ အခြေအမြစ်မရှိသော ကောလာဟလများဖြစ်ကြောင်း နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စားလှယ်က ပြီးခဲ့သည့်တနင်္လာနေ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
မော်စကိုနှင့် ပြုံယမ်းနှစ်ဖက်စလုံးက လက်နက်လွှဲပြောင်းမှုများကို ငြင်းဆိုထားသော်လည်း ၎င်းတို့သည် ဇွန်လတွင်ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ရုရှားသို့ စစ်သား ၁၀၀၀၀ စေလွှတ်ရန် ပြုံယမ်းက ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး ကလည်း စွပ်စွဲထားပြီး ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယားပါဝင်ပတ်သက်မှု အထောက်အထားများကို တုံ့ပြန်အရေးယူရန် ၎င်း၏မဟာမိတ်များအား ပြီးခဲ့သည့်အင်္ဂါနေ့တွင် တောင်းဆိုခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...