အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အများနည်းတူ တန်းစီ ကြိုတင်မဲပေး
အမေရိကန်သမ္မတ ရွေးကောက်ပွဲမကျင်းပမီ ရှစ်ရက်အလို အောက်တိုဘာ ၂၈ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင်သည် ဒယ်လာဝဲလ်ပြည်နယ် နယူးကာဆယ်ခရိုင် မဲရုံတစ်ရုံ၌ အခြား မဲဆန္ဒရှင်ပြည်သူများနှင့်အတူ တန်းစီ စောင့်ဆိုင်း၍ ပါဝင်မဲပေးခဲ့ကြောင်း သိရသည်။
သမ္မတဂျိုးဘိုင်ဒင်သည် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ၎င်း၏ထောက်ခံမဲကို ဒီမိုကရက်တစ်ပါတီသမ္မတလောင်း လက်ရှိ ဒုတိယသမ္မတ ကမလာဟားရစ်ကိုပေးခဲ့ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
လူကိုယ်တိုင် ကြိုတင်ဆန္ဒမဲသွားပေးစဉ် သမ္မတဂျိုးဘိုင်ဒင်သည် သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိသူ လူငယ်များကို နှုတ်ဆက်ခဲ့ပြီး မဲဆန္ဒရှင်တစ်ဦး၏ ဘီးတပ်ကုလားထိုင်ကို ကူတွန်းပေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် လူကိုယ်တိုင် ကြိုတင်မဲပေးမှုများကိုစတင်နေပြီဖြစ်ရာ အမေရိကန်မဲဆန္ဒရှင်ပြည်သူ ၂၅ သန်းကျော်အထိ မဲများပေးခဲ့ကြပြီးဖြစ်သည်။
နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကမလာဟားရစ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒင် ကြိုတင်မဲပေးနေချိန်တွင် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကမလာဟားရစ်မှာ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ဖွယ်ရှိသော အဓိကပြည်နယ်တစ်ခုဖြစ်သည့် ပင်ဆယ်ဗေးနီးယားပြည်နယ်၌ မဲဆွယ်စည်းရုံးပွဲ ဆင်းနေကြောင်း သိရသည်။
လွန်ခဲ့သည့် လေးနှစ်ကကျင်းပခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်သည် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ်ထောက်ခံမဲပေးခဲ့သည်။
အမေရိကန် မီဒီယာများက မကြာသေးမီကာလအတွင်း ပြုလုပ်ထားသော လူထုသဘောထား စစ်တမ်းကောက်ခံချက် ရလဒ်များအရ လူထုထောက်ခံမှုနှုန်း ရယူနိုင်မှုတွင် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကမလာဟားရစ်ထက် မဆိုစလောက် ပိုမြင့်မားကြောင်း သိရသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။