ကံကောင်းစေဖို့အာရှတိုက်သားတွေရဲ့အဆောင်ယတြာ ၉မျိုး
အာရှတိုက်သားတွေဟာကံကိုယုံကြည်ကြတဲ့အတွက် ကံကောင်းဖို့ လာဘ်ကောင်းဖို့အတွက်ယတြာအစီအရင် အမျိုးမျိုးလုပ်တတ်ကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်းကံပွင့်ဖို့ပုတီးစိပ်တဲ့သူတွေ၊ နတ်ကိုးကွယ်တဲ့သူတွေရှိသလို စေတနာကောင်းရင်ကံကောင်းမယ်လို့ပဲယုံကြည်သူတွေလည်းရှိတယ်။
ဒီဆောင်းပါးမှာအာရှတိုက်သားတွေစီရင်လေ့ရှိတဲ့ယတြာနဲ့ အဆောင် ၉မျိုးကိုဖော်ပြလိုက်ပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေမို့ဝေဖန်ကဲ့ရဲ့နေမယ့်အစားမတူကွဲပြားတဲ့ယုံကြည်မှုတွေကိုလေ့လာရင်း ဗဟုသုတဖြစ်စေဖို့ရည်ရွယ်ပါတယ်။
ဂျပန်ပစ်တိုင်းထောင်
လာဘ်ခေါ်ရုပ်လေးတွေထဲမှာအထင်ရှားဆုံးကတော့ ဂျပန်လူမျိုးတွေရဲ့ Daruma Doll ဖြစ်ပါတယ်။ ကျနော်တို့ဆီကပစ်တိုင်းထောင်ရုပ်လေးတွေနဲ့ပုံစံတူပေမယ့် ဆေးခြယ်ပုံကတော့ကွာပါတယ်။
နှစ်တနှစ်ရဲ့အစမှာဂျပန်လူမျိုးတွေဟာဘုရားကျောင်းတွေက Daruma ကိုဝယ်ယူပြီး နှစ်သစ်အတွက်ဆုတခုတောင်းလေ့ရှိတယ်။ ဆုတောင်းပြီးသွားရင် Daruma ရဲ့ဘယ်ဘက်မျက်လုံးနေရာမှာ ဆေးခြယ်ရပါတယ်။
ဆုတောင်းပြည့်သွားတဲ့အခါမှာတော့ညာဘက်မျက်လုံးကိုဆေးခြယ်ပြီး ကိုယ်ဝယ်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သွားပေးရတယ်။ ဆုတောင်းဖြည့်ပေးတဲ့အတွက် Daruma လေးကိုကျေးဇူးတင်စကားပြောဖို့လည်းလိုပါတယ်။ နောက်တနှစ်မကူးခင်မှာဘုန်းတော်ကြီးတွေက Daruma လေးတွေကိုစုပြီးဂါထာတွေရွတ်ဖတ်ရင်းမီးရှို့လေ့ရှိပါတယ်။
လာဘ်ခေါ်ကြောင်
Maneki Neko လို့ခေါ်တဲ့ကြောင်ရုပ်လေးတွေကိုတော့မြန်မာပြည်သူတွေမြင်ဖူးကြမယ်ထင်တယ်။ လက်တဘက်မြှောက်ထားပြီးပြုံးနေတဲ့ဒီကြောင်ရုပ်လေးကိုဈေးရောင်းကောင်းစေတဲ့အဆောင်အဖြစ် တရုတ်လူမျိုးတွေကောဂျပန်လူမျိုးတွေကောအမြတ်တနိုးဆောင်လေ့ရှိတယ်။
ဘယ်ဘက်လက်မြှောက်ထားတဲ့ကြောင်ရုပ်ကိုဈေးဆိုင်တွေရဲ့ငွေသိမ်းကောင်တာနားမှာထားရပြီး ညာဘက်လက်မြှောက်ထားတဲ့ကြောင်ရုပ်ကိုတော့အိမ်ရဲ့ အရှေ့တောင်အရပ်နဲ့ အရှေ့မြောက်အရပ်တွေမှာထားရပါတယ်။ ဖုန်းရွှေပညာအရအရှေ့တောင်အရပ်ဟာ ငွေဝင်တဲ့အရပ်ဖြစ်ပြီး အရှေ့မြောက်အရပ်ကတော့ဉာဏ်ပညာဗဟုသုတတိုးပွားစေတဲ့အရပ်လို့ယူဆကြတယ်။
ကံကောင်းခြင်းနတ်သမီး
ထိုင်းလူမျိုးတွေရဲ့လာဘ်ရုပ်ကတော့ Nang Kwak လို့ခေါ်တဲ့နတ်သမီးရုပ်ပါ။ ဒီနတ်သမီးဟာကုန်သည်နဲ့ ဈေးသည်တွေကိုစောင့်ရှောက်တဲ့နတ်သမီးလို့လည်းယုံကြည်ကြတယ်။
ထိုင်းနိုင်ငံရဲ့ဈေးဆိုင်အားလုံးလိုလိုမှာ Nang Kwak ကိုရုပ်တုအဖြစ်လည်းကောင်း ရုပ်ပုံကားချပ်အဖြစ်လည်းကောင်းတွေ့နိုင်တယ်။ အရောင်းအဝယ်ကိစ္စခရီးသွားတဲ့အခါ နတ်သမီးကစောင့်ရှောက်တယ်လို့ယူဆပြီးဆွဲကြိုးအဖြစ်ဆွဲကြတဲ့သူတွေလည်းရှိပါတယ်။
နွားနို့မှောက်ခြင်း
ဒါကတော့ဟိန္ဒူဘာသာဝင်အိန္ဒိယသားတွေရဲ့အယူပါ။ အိမ်သစ်တက်ပွဲလုပ်တဲ့အခါနွားနို့တခွက်ကိုကျိုပြီး မှောက်ပစ်ရပါတယ်။ ဒီလိုမှောက်တဲ့အခါအရှေ့ဘက်ကိုဦးတည်ပြီးဖိတ်စင်သွားအောင်မှောက်ရတယ်။
အိန္ဒိယရဲ့ဖုန်းရွှေအယူလို့တင်စားကြတဲ့ Vaastu Shastra ကျမ်းအရအရှေ့အရပ်ဟာ အရပ် ၈မျက်နှာမှာအမွန်မြတ်ဆုံးဖြစ်ပြီး အရှေ့အရပ်ကိုနွားနို့မှောက်ကျခြင်းဟာအိမ်အတွက် ကောင်းကျိုးလာဘ်လာဘတွေ ဆောင်ယူလာတတ်တယ်လို့ယုံကြည်ကြပါတယ်။ နောက်ပြီးအရှေ့အရပ်ဆိုတာနေထွက်ရာအရပ်ဖြစ်တာမို့ နေ့သစ် ဘဝသစ်စတင်ရာလို့လည်းမှတ်ယူကြတယ်။
ဒါပေမယ့်လက်ထပ်ပွဲကျင်းပနေတဲ့အချိန်နဲ့ ကျင်းပပြီးပြီးချင်းမှာနွားနို့မှောက်ခြင်း ဖိတ်စင်ခြင်းကိုတော့ ကံဆိုးမိုးမှောင်ကျတတ်တယ်လို့ယူဆကြပါတယ်။
ငါးစားခြင်း
တရုတ်စကားမှာ Yu ဆိုတာငါးလို့လည်းအဓိပ္ပာယ်ရသလို ကြွယ်ဝခြင်းလို့လည်းအဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်တရုတ်နှစ်ကူးမှာတနှစ်ပတ်လုံးဥစ္စာဓနကြွယ်စေဖို့ ငါးစားလေ့ရှိတယ်။
ဒီအခါမှာငါးကိုအကောင်မပျက်စေဘဲချက်ပြုတ်ရပြီး ဟင်းပွဲတွေတည်ခင်းတဲ့နေရာမှာလည်း ငါးခေါင်းဟာအိမ်မှာအသက်အကြီးဆုံးသူထိုင်တဲ့ဘက်ကိုဦးတည်ထားရပါတယ်။ ထိုသူကပဲငါးခေါင်းကိုစားခွင့်ရှိပါတယ်။
ခမည်းကြိုး
လာအိုလူမျိုးတွေကတော့ Baci လို့ခေါ်တဲ့အခမ်းအနားမှာ သက်ကြီးဝါကြီးတဦးဦးက ဂါထာရွတ်ဖတ်ရင်းခမည်းကြိုးတွေရစ်ပတ်ပေးတာကိုခံယူလေ့ရှိတယ်။ ဒီဓလေ့ကို Sou Khwan လို့ခေါ်ကြပြီး ကိုယ်စောင့်နတ်တွေကောင်းချီးပေးအောင်ကျင်းပခြင်းဖြစ်ပါတယ်။
လာအိုနဲ့ထိုင်းလူမျိုးတွေရဲ့အယူအရ လူ့ခန္ဓာဟာအင်္ဂါ ၃၂ခုရဲ့အဖွဲ့အစည်းဖြစ်ပြီး အင်္ဂါတခုစီကို Khwan လို့ခေါ်တဲ့နတ်တပါးစီစောင့်ရှောက်တယ်လို့သိရတယ်။ ဒီနတ်တွေထဲကတပါးပါးခန္ဓာပြင်ပထွက်သွားတဲ့အခါ လူဟာဖျားနာတတ်ကြောင်း၊ ဒီလိုထွက်သွားတဲ့နတ်တွေကိုပြန်ခေါ်ဖို့ Sou Khwan ပွဲကျင်းပလေ့ရှိကြောင်း သိရပါတယ်။ နတ် ၃၂ပါးလုံးစုံစုံညီညီရှိနေမှ အဲ့ဒီလူဟာကျန်းမာရေးကောင်းသလို ဥစ္စာဓနလည်းပေါများတယ်လို့ယူဆကြပါတယ်။
လာဘ်ကောင်းစေတဲ့အရောင်
ထိုင်းနဲ့ခမာယဉ်ကျေးမှုတွေမှာနေ့သင့်နံသင့်အရောင်တွေကိုဝတ်ဆင်ရင် အဲ့ဒီနေ့တနေ့လုံးလုပ်သမျှအဆင်ပြေပြီး အန္တရာယ်ကင်းတယ်ဆိုတဲ့အယူရှိပါတယ်။
အခုခေတ်မှာအတွေ့ရနည်းသွားပြီဖြစ်ပေမယ့်ထိုင်းလူမျိုးတော်တော်များများနေ့နံအလိုက်အရောင်တွေကို မှတ်မှတ်ရရရှိတတ်ကြပါတယ်။ တနင်္လာနေ့ဆို အဝါရောင်၊ အင်္ဂါနေ့ဆို ပန်းရောင်၊ ဗုဒ္ဒဟူးနေ့ဆို အစိမ်း၊ ကြာသာပတေးနေ့အတွက် အဝါ၊ သောကြာနေ့ဆို အပြာနု၊ စနေမှာ ခရမ်း၊ တနင်္ဂနွေဆို အနီစသဖြင့် သတ်မှတ်ထားတယ်။
အရောင်အသွေးစုံတဲ့အဝတ်အစားမျိုးမကြိုက်တဲ့သူတွေကတော့ နေ့နံအလိုက်အရောင်ပါတဲ့ကျောက်မြတ်ရတနာတွေကိုဝတ်ဆင်လေ့ရှိပါတယ်။
ဝက်ကလေးပေးတဲ့အိပ်မက်
ကိုရီးယားဘာသာစကားမှာဝက်ဆိုတဲ့ဝေါဟာရနဲ့ ကျောက်စိမ်းဆိုတဲ့ဝေါဟာရကအသံထွက်ချင်းတူပါတယ်။ ဒါကြောင့်ကိုရီးယားတွေဟာဝက်ကိုအိပ်မက်မက်ရင်မကြာခင်ကံကောင်းမယ်လို့ယူဆကြတယ်။
ကိုရီးယားလူမျိုးတွေရဲ့ကံနဲ့ပတ်သက်တဲ့နောက်ထပ်အယူအဆတခုကတော့ နှစ်သစ်ကူးနေ့တွေမှာကံကောင်းတတ်တယ်လို့ယူဆပြီး ကံကောင်းခြင်းတွေရေနဲ့အတူပါသွားမှာစိုးတဲ့အတွက် နှစ်သစ်ကူးမှာခေါင်းလျှော်လေ့မရှိခြင်းပါပဲ။ ကျောင်းသားတွေကလည်းစာမေးပွဲနီးရင် မှတ်ထားသမျှစာတွေရေနဲ့အတူပါသွားမှာစိုးလို့ခေါင်းမလျှော်ကြပါဘူး။
ကံကောင်းစေတဲ့နာနတ်သီး
စင်ကာပူလိုခေတ်မီတဲ့နိုင်ငံမှာလည်းရှေးရိုးစွဲအယူအဆတွေရှိပါတယ်။ စင်ကာပူမှာနေတဲ့တရုတ်လူမျိုးတော်တော်များများအိမ်သစ်တက်တဲ့အခါ ပိုင်ရှင်ကနာနတ်သီးတလုံးကိုအိမ်ထဲပစ်သွင်းရင်း huat ah လို့အော်ရပါတယ်။ Huat ah ဟာ Hokkien ဘာသာစကားအရ ဥစ္စာဓနလို့အဓိပာယ်ရတယ်။
တရုတ်နိုင်ငံတောင်ပိုင်းကအခြေခံတဲ့ Hokkien လူမျိုးတွေဟာနာနတ်သီးကိုလာဘ်ကောင်းစေတဲ့အသီးလို့ ယူဆကြလို့စင်ကာပူမှာနေတဲ့ဒီတရုတ်လူမျိုးတွေဟာနာနတ်သီးကိုမြတ်မြတ်နိုးနိုးစားလေ့ရှိပါသတဲ့။
crd org writer
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။