အိမ်စောင့်နတ်နှင့်ပဋ္ဌာန်းရွတ်ခြင်း

Astrology Religion
အိမ်စောင့်နတ်နှင့်ပဋ္ဌာန်းရွတ်ခြင်း

တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲ ရှိပါ့မလား။ သူတော်ကောင်းနတ် မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာ ရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။

ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာ၀မကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင် မခွာနိုင်အောင် ဖြစ်နေမှာပါ။ သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက်ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက်တောင် ကူညီစောင့်ရှောက်ဦးမှာပါ။

တကယ်လို့ ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ် ရှိခဲ့တယ်ဆိုရင်လည်း အဲဒီ အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊ သူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာ အကျိုးမှ ရှိမှာမဟုတ်ပါဘူး။ မနေနိုင်လို့ ထွက်ပြေးသွားလည်း ဘာမှ လွမ်းနေစရာ မလိုပါဘူး။ အဲဒီလိုနတ်မျိုး အိမ်ပြင်မှာ နေလည်း အလကား၊ အိမ်တွင်းမှာ နေလည်း အလကားပါပဲ။

ပဋ္ဌာန်းတရားအပါအ၀င် အဘိဓမ္မာတရားတော်တွေကို တာ၀တိံသာနတ်ပြည်မှာ မြတ်စွာဘုရား
ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ
အင်္ကုရဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါ၀င်ခဲ့ပါတယ်။ အကုင်္ရနတ်သားဟာ တရားပွဲကို အစောဆုံး ရောက်လာပြီး ရှေ့ဆုံးက နေရာဦးထားတာပါ။ မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲဘက်နေရာမှာ အနားကပ်ပြီး နေရာဦးထားပါတယ်။ ဒါပေမဲ့ သူ့ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ရောက်လာတိုင်း ရောက်လာတိုင်း နောက်ဆုတ်နောက်ဆုတ်ပြီး နေရာ ဖယ်ဖယ်ပေးနေရတဲ့အတွက် နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာ ကွာဝေးတဲ့ နေရာကပဲ တရားနာခွင့် ရပါတော့တယ်။ နတ်ကြီးလာတော့ နတ်ငယ် နေရာ ဖယ်ပေးရတာပေါ့။

လူ့လောကမှာလည်း ဒီလိုပါပဲ။ ပွဲလမ်းသဘင်တစ်ခု၊ အခမ်း အနားတစ်ခု ကျင်းပပြီဆိုရင် ဂုဏ်ကြီးတဲ့လူ၊ မျက်နှာကြီးတဲ့ လူတွေက ရှေ့ဆုံးက နေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့ လူတွေက နောက်ကနေ နေရာယူရပါတယ်။ ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။

အိမ်မှာပဲဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရား ရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေ တရားနာရောက်လာကြပါတယ်။အိမ်စောင့်နတ်အပါအ၀င် နဂိုကရှိနေနှင့်ပြီးသား နတ်တွေက ဘုန်းတန်ခိုး နည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေအတွက် (အကုင်္ရနတ်သားလိုပဲ) နေရာဖယ် နောက်ဆုတ်ပေးရတဲ့အတွက် အဝေးရောက်သွားနိုင်ပါတယ်။

အကုင်္ရနတ်သားဟာ အဝေး ရောက်သွားပေမယ့် မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေ တရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဋ္ဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ် နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲ မဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ ကိုယ်ကျေနပ်စွာ နေရမှာပဲလေ။

ပဋ္ဌာန်းတရား နာကြားပြီး ကိုယ့်ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ် ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲတိုင်း ပြန်နေခွင့်ရသွားပြီပေါ့။ ပဋ္ဌာန်းတန်ခိုးကြောင့် သူ့ရဲ့ ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက် ကြီးကျယ် ခမ်းနားလာမှာ သေချာပါတယ်။ ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခမပေးတဲ့အပြင် ကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။

တကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ အိမ်တွင်းနတ်တွေ၊ အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးတွေ၊ အစိမ်းသရဲတွေ၊ဖုတ်ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင် ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့ (တရားမကြိုက် နတ်ငမိုက်) တွေ ကိုယ့်အိမ်မှာ မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။ ၀မ်းနည်းစရာ မဟုတ်ပါဘူး၊ ၀မ်းသာစရာပါ။

ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေ ရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးတဲ့ နတ်ဗြဟ္မာတွေ တရားလာ နာကြတဲ့အတွက် မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေ နိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာ ရခဲ့ပါတယ်။

ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်ရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ၊တန်ခိုးနည်းတဲ့နတ်တွေ ကိုယ့်ပတ်၀န်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုးမျိုး မထားနဲ့ပေါ့။

အယုတ်အလတ်အမြတ်မရွေး ဘယ်သတ္တဝါမဆို တရားနာယူပြီး ကောင်းကျိုးရစေချင်တဲ့ ရည်ရွယ်ချက်ကောင်းပဲထားပြီး ရွတ်ပါ။ကိုယ့်ဘက်က ရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရား ခေါင်းပါး နေရင်တော့ အဝေးထွက်ပြေးရတဲ့ နတ်တွေက နေနှင့်ဦးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စားချေတတ်ပါတယ်။ ကိုယ့် စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။

အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရား ပဲဖြစ်ဖြစ်၊ တရားတော် တစ်ခုခု ရွတ်ဖတ်ပူဇော်မှု ပြုတော့မယ်ဆိုရင် ပထမဦးဆုံး မေတ္တာဘာ၀နာပွားများ၊ မေတ္တသုတ်ရွတ်ဆိုပြီးမှ ပြုတာ အကောင်းဆုံးပါပဲ။ မေတ္တာတရားပေးဝေမှုကို သတ္တဝါတိုင်း နှစ်သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ်၊ မေတ္တသုတ်ကို အရင်ရွတ်ပါ၊ မေတ္တာဘာ၀နာ အရင်ပွားပါလို့ မေတ္တာနဲ့ အကြံ ပေးလိုက်ပါတယ်။

ပဋ္ဌာန်းတရားကို အိမ်မှာလည်း ရွတ်သင့်ပါတယ်၊ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ် …

ပဋ္ဌာန်း၂၄-ပစ္စည်းရွတ်ဖတ်ရခြင်းအကျိုး
(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်/ပဋ္ဌာန်း ၂၄-ပစ္စည်း ဖြစ်တော်စဉ်)
(ပဋ္ဌာန်း၂၄ပစ္စည်း ပစ္စယနိဒ္ဒေသပါဠိကို အမြဲမပြတ် ရွတ်ဖတ် ပွားများသူတို့မှာ အရပ်ရှစ်မျက်နှာမှ ဘေးရန်များကို ကာဆီး ဟန့်တားနိုင်ခြင်း၊ သူခိုး၊ ဓားပြရန်၊ မကောင်းဆိုးဝါး၊ အောက်လမ်းပညာဖြင့် ကြံစည်သူတို့ရန်မှ ကင်းဝေးစေပါသည်။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...