၇ ရက် ရက်လည်အလှူလုပ်ပြီး အမျှဝေပေးရင် သေသူကို ဖိတ်ကြားဖို့လိုလား?

Astrology
၇ ရက် ရက်လည်အလှူလုပ်ပြီး အမျှဝေပေးရင် သေသူကို ဖိတ်ကြားဖို့လိုလား?

ဘုရားဟောမှာတော့ ဖိတ်ကြားဖို့ လိုတယ် မလိုဘူး အထူးမပါဘူး။
ရှေးက မြန်မာရိုးရာကတော့ ဖိတ်ကြားကြတယ်။
ဦးဇင်းရဲ့ အတွေ့အကြုံအရဆိုရင်လဲ မမေ့မလျော့ဖိတ်ကြားသင့်တယ်လို့ ယူဆပါတယ်။

ကိုယ်ယုံတာမယုံတာနဲ့ မလုပ်ဘဲ သေသူအတွက် စဉ်းစားပြီး လုပ်သင့်တာတွေ အကုန်လုပ်ပေးလိုက်တာ ကောင်းတယ်။ ကိုယ်မယုံလို့ ကိုယ်မနစ်နာဘူးလေ။ သေသူပဲ နစ်နာပါမယ်။
မယုံရင်လဲ အစကထဲက လုပ်မနေနဲ့ပေါ့။ လုပ်ပြီးဆိုမှတော့ သေချာလုပ်ပေးတာ ကောင်းတယ်။

မလုပ်ပေးဘဲ ကျန်နေခဲ့တာလေးကြောင့် သာဓုလာမခေါ်နိုင်ရင် ကိုယ်လဲ ငွေကုန်လူပန်း၊ သေသူအတွက်လဲ ကောင်းကျိုးမရဖြစ်ပါမယ်။

မဖိတ်ရင် ဘာဖြစ်နိုင်သလဲ?

ဘုရားဟောမှာတော့ မပါပါဘူး။ မှတ်သားဖူးတာကို ပြောပြပေးမယ်။
သေချာမဖိတ်ရင် အချိန်အကြာကြီး မနေနိုင်ဘူးတဲ့။ တရားနာမပြီးခင် သာဓုမခေါ်ရသေးဘဲ ပြန်ထွက်သွားရတာမျိုး၊ သာဓုခေါ်ခါနီးမှ အိမ်ထဲဝင်ခွင့်ရတာမျိုး ဖြစ်တတ်သတဲ့။
သူ့ဘာသာမလာနိုင်ရင် သေချာဖိတ်မထားသူကို ဆိုင်ရာပိုင်ရာနတ်တွေက လာနိုင်အောင် ကူညီမပေးတာမျိုးဖြစ်တတ်သတဲ့။
အခြားမြို့ရွာဒေသမှာ သေဆုံးတယ်။ သေချာလဲ ဖိတ်မထားဘူးဆိုရင် ဆိုင်ရာပိုင်ရာနတ်တွေက ရွာထဲမြို့ထဲကို ဝင်ခွင့်မပေးတာမျိုးလဲ ဖြစ်တတ်သတဲ့။
——————

ဘယ်လိုဖိတ်ကြားရမှာလဲ?

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁)ရက်၊ အင်္ဂါနေ့၊ ည (၃)နာရီအချိန်၊ အသက် (၈၅)နှစ်အရွယ်တွင် ကွယ်လွန်သွားသော သောကြာသားဖြစ်သူ ဦးသိန်းသည် သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက် –
၂၀၂၄ ခုနှစ် ဇူလိုင်လ(၈)ရက် တနင်္လာနေ့ မနက် (၉)နာရီအမီ ဤအိမ်အတွင်းသို့ ကြွရောက်ခဲ့ပါရန် ဖိတ်ကြားအပ်ပါသည်။

ဦးသိန်းသည် ဤနေရာသို့ အချိန်မီလာရောက်၍ သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက် မိဆိုင်ဖဆိုင်နတ် ရွာတော်ရှင် နယ်တော်ရှင်အစရှိသော ဆိုင်ရာပိုင်ရာနတ်အပေါင်းတို့ကလည်း မေတ္တာကရုဏာရှေ့ထား၍ ကူညီစောင့်ရှောက်ချီးမြှောက်ပေးကြပါရန် မေတ္တာ ရပ်ခံပန်ကြားအပ်ပါသည်။
အဲဒီလို တိတိကျကျဖိတ်ကြားရပါတယ်။

နာမည် ၂/၃မျိုးရှိတဲ့သူဆိုရင် သေစာရင်းသွင်းလိုက်တဲ့နာမည်နဲ့ ဖိတ်ကြားရပါမယ်။ ဒါမှမဟုတ်လဲ သူ့နာမည်အကုန်လုံးကိုခေါ်ဆိုပြီး ဖိတ်ပေါ့။
တိတိကျကျမဖိတ်ရင် အခြားသူက “ငါလဲ ဦးသိန်းပဲ” ဆိုပြီး အိမ်ထဲဝင်လာနိုင်သတဲ့။
ဆိုင်ရာပိုင်ရာနတ်တွေကလဲ “ဦးသိန်းတွေကအများကြီးပဲ၊ ဘယ်ဦးသိန်းကို ဖိတ်မှန်းမသိဘူး”ဆိုပြီး ဝင်ခွင့်မပေးတာလဲ ဖြစ်နိုင်ပါသတဲ့။

——————
ဘယ်နေရာကနေ ဖိတ်ရမှာလဲ?

အိမ်ခြံပေါက်ဝ၊ ဧည့်ခန်း၊ ဘုရားခန်း အဆင်ပြေတဲ့နေရာကနေ ဖိတ်ပေါ့။ ရက်မလည်ခင် (၁)ရက်အလိုမှာ ကြိုဖိတ်ပေါ့။
တရားနာ အမျှဝေတဲ့နေ့ကြရင် သူထိုင်ဖို့ အခင်းလေး ခင်းပေးပြီး ရေစက်ခွက်ကိုပါ ချထားလိုက်ပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...