ထူးဆန်းတဲ့အသံတွေကြားရလို့ ရဲခေါ်ချိန်မှာ အိမ်အောက်ထဲ
၆လကြာ နေထိုင်နေတဲ့ ဝတ်လစ်စလစ်အမျိုးသားကို တွေ့ရှိ
အမျိုးသမီးကြီးတစ်ဦးဟာ သူ့အိမ်အောက်ထဲကနေ ထူးဆန်းတဲ့အသံတွေကြားရလို့ ရဲခေါ်လိုက်ချိန်မှာ အိမ်အောက်ထဲမှာ လအတော်ကြာ နေထိုင်လျက်ရှိတဲ့ ဝတ်လစ်စလစ်အမျိုးသားတစ်ဦးကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၊ အယ်ဆီရီနိုရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၉၃ နှစ်အရွယ် အမျိုးသမီးကြီးဟာ အိမ်အောက်ကနေ အသံတွေကြားရပေမဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကြောင့် ဖြစ်မယ်လို့ပဲ ထင်ခဲ့ပြီး အရေးမစိုက်ခဲ့ပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ အိမ်အောက်ထဲက အသံတွေ ပိုဆူညံလာပြီး လမ်းလျှောက်လိုက်တိုင်း အသံထွက်လာလို့ ရဲခေါ်လိုက်ချိန်မှာ အိမ်အောက်ထဲ အမျိုးသားတစ်ယောက် နေထိုင်နေတာကို တွေ့ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက အမျိုးသားကို အပြင်ထွက်လာဖို့ အချိန်တော်တော်ကြာ ဖြောင်းဖျခဲ့ပေမဲ့ သူက လက်မခံခဲ့လို့ ရဲခွေးတွေနဲ့ ခြောက်လှန့်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ အမျိုးသားက ရဲခွေးတွေကိုလည်း ကြောက်လန့်ခြင်းမရှိဘဲ အိမ်အောက်ထဲမှာပဲ ဆက်နေနေခဲ့တာကြောင့် နောက်ဆုံးမှာ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး အပြင်ထွက်လာအောင် လုပ်ဆောင်ခဲ့ရတာပါ။
မလွယ်ပေါက်ထဲက ဝင်ပြီး အိမ်အောက်မှာ နေထိုင်နေတဲ့ အမျိုးသားဟာ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ အိုင်ဆက်ဘီတန်ကော့ဆိုသူဖြစ်ပြီး အဲဒီအိမ်အောက်ထဲမှာ နေနေတာ ၆ လလောက်ရှိပါပြီ။ အခုချိန်မှာတော့ အဲဒီအိမ်မှာ နေထိုင်တဲ့မိသားစုဟာ အလားတူပြဿနာမျိုး ထပ်မဖြစ်အောင် ၂ ပေအမြင့်လောက်ပဲရှိတဲ့ မလွယ်ပေါက်ကို ပိတ်ဖို့ စီစဉ်နေပါပြီ။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။