အာရှစီးပွားရေးအန္တရာယ်များလာကြောင်း
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့သတိပေး
ကုန်သွယ်ရေးတင်းမာမှုမြင့်တက်လာခြင်း ၊ တရုတ်အိမ်ခြံမြေလုပ်ငန်းပြဿနာများနှင့် ဈေးကွက်မတည်ငြိမ်မှုများဖြစ်နိုင်သည့် အလားအလာများကြောင့် အာရှစီးပွာရေးအပေါ် အန္တရာယ်များမြင့်တက်လာခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သောကြာနေ့က ပြောကြားပါသည်။
တရုတ်နိုင်ငံထံမှ လာရောက်သည့် ဈေးနှုန်းလျော့ချရေးဖိအားများသည် အလားတူနိုင်ငံခြားတင်ပို့သောပုံစံများနှင့် ဖွဲ့စည်းထားသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း အိုင်အမ်အက်ဖ်က သတိပေးပြောကြားကာ တရုတ်အနေဖြင့် ဝယ်လိုအားက မောင်းနှင်သည့် စီးပွားရေးဖြစ်စေရန် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ပြောကြားပါသည်။
အချိန်ပိုမိုကြာမြင့်ကာ မျှော်လင့်ထားသည်ထက်ပိုဆိုးသော တရုတ်စီးပွားရေးနှေးကွေးမှုက ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်မှာ ဖြစ်ကြောင်း အာရှဒေသအတွက် စီးပွားရေးမျှော်မှန်းချက် အစီရင်ခံစာတွင် အိုင်အမ်အက်ဖ်က ပြောကြားပါသည်။
ယခုလို အခြေအနေတွင် တရုတ်၏ မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်မှုက အလွန်အရေးပါလာကြောင်း အိုင်အမ်အက်ဖ်က ပြောကြားပြီး တရုတ်အနေဖြင့် အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းအပေါ် ထိန်းညှိမှုများ လုပ်ဆောင်ရန်နှင့် ပြည်တွင်းပုဂ္ဂလိက စားသုံးမှုကို ခိုင်မာအောင်လုပ်ဆောင်ရေး တိုက်တွန်းပါသည်။
အာရှ၏စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၂၅ တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း အိုင်အမ်အက်ဖ်က ခန့်မှန်းပါသည်။ လာမည့်နှစ်တွင် ဖြစ်ပေါ်လာနိုင်သော ငွေကြေးမူဝါဒဖြေလျော့မှုများက ပုဂ္ဂလိကဝယ်လိုအားကို တိုးတက်လာစေနိုင်ကြောင်းလည်း အိုင်အမ်အက်ဖ် ခန့်မှန်းချက်က ဖော်ပြပါသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။