စပိန်ရေကြီးမှုအတွက် အကြီးမားဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းစတင်
အဆိုးရွားဆုံးရေကြီးမှုအပေါ် အစိုးရ၏တုံ့ပြန်မှုနှေးကွေးခြင်းအား ဒေါသထွက်မှုများ ရှိနေစဉ် အကြီးမားဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က ပြောကြားသည်။
စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာဒေသတွင် မိုးအလွန်အကျွံရွာသွန်းကာ လျှပ်တစ်ပြက်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် လေးရက်အကြာတွင် သေဆုံးသူ ၂၁၄ ဦးရှိလာခဲ့ကာ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ရှာဖွေကယ်ဆယ်ရေးနှင့် အမှိုက်သရိုက်ရှင်းလင်းရေးလုပ်ငန်းများအတွက် အစိုးရက စစ်သားငါးထောင်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းမတိုင်မီကလည်း တပ်ဖွဲ့ဝင် ၂၅၀၀ ကို စေလွှတ်ထားပြီးဖြစ်ကြောင်း ဆန်းချက်ဇ်က ပြောသည်။
“ဒါဟာ ငြိမ်းချမ်းတဲ့ကာလမှာ စစ်ဘက်ရဲ့ အကြီးမားဆုံးစစ်ဆင်ရေးဖြစ်ပါတယ်။ လိုအပ်တဲ့အချိန်အတိုင်းအတာအထိ အစိုးရက အရင်းအမြစ်အားလုံးကို အသုံးချသွားပါမယ်။ “ဟု စပိန်ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
စပိန်ရေကြီးမှုသည် ၁၉၆၇ ခုနှစ်က ပေါ်တူဂီတွင် လူပေါင်း ငါးရာကျော် သေဆုံးခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း ဥရောပတွင်ရေကြီးမှုနှင့်ဆက်စပ်သော အကြီးမားဆုံး ဘေးဒုက္ခဖြစ်လာခဲ့သည်။
ဗလင်စီယာဒေသ မွန်ကာဒါဒေသ ကားရပ်နားရာနေရာတစ်ခုမှ ကားတစ်စီးအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ပြီးနောက် အသက်ရှင်နေသူများကို တွေ့နိုင်သေးသည်ဟူသော မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။
ရေကြီးမှု ရှင်းလင်းရေးလုပ်ငန်းများအတွက် ပါဝင်ကူညီလိုသူ အမြောက်အမြားကလည်း ဗလင်စီယာဝိဇ္ဇာပညာနှင့်သိပ္ပံစင်တာတွင် စာရင်းပေးသွင်းရန်နှင့် သန့်ရှင်းရေးပစ္စည်းများ ရယူရန် နာရီနှင့်ချီ စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့ ပစ်ထားသလို ခံစားရတယ်။ အကူအညီလိုနေသူတွေ အများကြီးပဲ၊ ကျွန်မတို့အိမ်တင် မဟုတ်ဘူး ၊ အိမ်တွေအားလုံးပဲ။ စားပွဲ ကုလားထိုင်တွေနဲ့အတူ ပစ္စည်းအများအပြားကို လွှင့်ပစ်နေကြရတယ်။” ဟု ဗလင်စီယာဆင်ခြေဖုံး ပီကာညာဒေသတွင် နေထိုင်သူ အသက် ၇၄ နှစ်အရွယ် အမ်မီလီယာက ပြောကြားသည်။
ရေမရရှိသဖြင့် အဝတ်လည်း မလျှော်နိုင်၊ ရေလည်း မချိုးရဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။