ရေကြီးဒေသသို့သွားသော စပိန်ဘုရင်နှင့် မိဖုရားအား
ဆန္ဒပြသူများက ရွှံ့များဖြင့် ပစ်ပေါက်
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ဗလင်စီယာဒေသသို့ သွားရောက်သည့် ခရီးစဉ်အတွင်း စပိန်ဘုရင် ဖိလစ်နှင့် မိဖုရား လက်တီဇီယာ တို့သည် ဒေါ်သထွက်နေသော ဆန္ဒပြသူများ၏ ရွှံ့များဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရကြောင်း ဘီဘီစီသတင်းအရသိရသည်။
ဘုရင်နှင့် မိဖုရား ၊ ဝန်ကြီးချုပ် နှင့် အခြားခေါင်းဆောင်များ က ရေကြီးမှုဒဏ်အကြီးမားဆုံး ခံစားခဲ့ရသည့် ဒေသတစ်ခုဖြစ်သော ပိုင်ပေါ်တာမြို့နယ်အတွင်း လမ်းလျှောက်ကြည့်ရှုနေကြစဉ် ဆန္ဒပြသူများက ‘လူသတ်သမား’ ၊ ‘ရှက်ဖို့ကောင်းတယ်’ ဟု အော်ဟစ်ခဲ့ကြသည်။
ထို့နောက် မျက်နှာ နှင့် အင်္ကျီတွင် ရွှံ့များပေကျံနေသော်လည်း ဘုရင်ဖိလစ်နှင့် မိဖုရား လက်တီဇီယာ တို့က ပြည်သူလူထုအား နှစ်သိမ့်အားပေးနေသည်ကို တွေ့ရသည်။
ယင်း ရေကြီးရေလျှံမှုများတွင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကာ ဆယ်စုနှစ်များစွာအတွင်း စပိန်နိုင်ငံကြုံတွေ့ရသည့် အဆိုးရွားဆုံး ရေကြီးမှု ဖြစ်သွားခဲ့သည်။ အရေးပေါ်လုပ်သားများက အသက်ရှင်ကျန်သူများကို ထပ်မံရှာတွေ့ရေး မျှော်လင့်၍ မြေအောက် ကားရပ်နားရာနေရာများနှင့် အခြားပိတ်မိနေသောနေရာများကို ရှာဖွေနေကြသည်။
ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ကြိုတင်သတိပေးမှုအားနည်းခြင်းနှင့် ရေကြီးပြီးနောက် အာဏာပိုင်များထံမှ တုံ့ပြန်မှုနှေးကွေးခြင်းများ အပေါ် အမျက် ဒေါသထွက်မှုများလည်း ရှိနေသည်။
ဘုရင်ဖိလစ် နှင့် ကြင်ယာတော် က လမ်းလျှောက်၍ လိုက်လံကြည့်ရှုနေစဉ် အော်ဟစ်ဆန္ဒပြသူများ ရုတ်တရက်များပြားလာကာ ဘုရင်နှင့်အတူ လိုက်ပါလာသော သက်တော်စောင့်များနှင့် လုံခြုံရေးအဖွဲ့များ ရုန်းကန်နေရသည်ကို တွေ့ရသည်။
ဆန္ဒပြသူအချို့က ရွှံ့များ ၊ အခြားအရာဝတ္တုများနှင့် ပစ်ပေါက်ခဲ့ကြပြီး ကိုယ်ရံတော်များလည်း ဘုရင်ကို ဝိုင်းဝန်းကာကွယ်ပေးရန် မနည်းကြိုးစားခဲ့ရသည်။
သို့သော်လည်း ဘုရင်က ပြည်သူလူထု အချို့နှင့် စကားစမြည်ပြောကြားကာ ထွေးပွေ့အားပေးမှုများလည်း လုပ်ဆောင်ခဲ့သည်။
စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ် နှင့် ဗလင်စီယာဒေသအစိုးရအဖွဲ့ အကြီးအကဲ ကားလို့စ်မေဇန် တို့လည်း ဘုရင်ခရီးစဉ်တွင် လိုက်ပါခဲ့သော်လည်း ၎င်းတို့အပေါ် လူထု၏ ရန်လိုမှု အလျင်အမြန်ကြီးထွားလာခဲ့ပြီးနောက် ဘေးလွတ်ရာသို့ အလျင်အမြန် ပြန်လည်ခေါ်ဆောင်သွားခဲ့ရသည်။
ဆန္ဒပြသူများ၏ အမျက်ဒေါသနှင့် စိတ်ပျက်မှုများကို ခံစားနားလည်မိပါကြောင်း စပိန်ဘုရင် က နောက်ပိုင်းတွင် တော်ဝင်မိသားစု အင်စတာဂရမ်အကောင့်ရုပ်သံတွင်ပြောကြားသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။