လူထုအမျက်ဒေါသကြီးထွားနေစဉ် ရေကြီးဒေသသို့
စပိန်တပ်ဖွဲ့များ ထပ်မံစေလွှတ်
ရေကြီးရေလျှံမှုကြီးကျယ်ခဲ့သော စပိန်နိုင်ငံအရှေ့ပိုင်းတွင် ရုပ်အလောင်းများရှာဖွေရန်နှင့် အမှိုက်သရိုက်များ ရှင်းလင်းရန် စပိန်တပ်ဖွဲ့ဝင် ၂၅၀၀ တနင်္လာနေ့က ထပ်မံရောက်ရှိလာခဲ့ပြီး အစိုးရအရာရှိများကတော့ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်သည့် ဘေးဒုက္ခကိုကိုင်တွယ်ပုံနှင့်ပတ်သက်၍ အငြင်းပွားနေကြသည်။
အနည်းဆုံး လူပေါင်း ၂၁၇ ဦး သေဆုံးခဲ့ကာ ဒါဇင်ပေါင်းများစွာ ဆက်လက်ပျောက်ဆုံးနေသော ဖြစ်ရပ်အပေါ်ကိုင်တွယ်ပုံကိုလည်း ပြည်သူလူထု အမျက်ဒေါသမြင့်တက်နေဆဲဖြစ်သည်။ သေဆုံးမှု အားလုံးနီးပါးသည် ဗလင်စီယာဒေသတွင် ဖြစ်ပေါ်ခဲ့ကာ အဆိုးဆုံးဖြစ်သည့် ပေပေါ်တာမြို့တွင် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရသည်။
အစားအစာနှင့် ရေဖြန့်ဖြူးပေးရန် ၊ လမ်းများကို ရှင်းလင်းပေးရန် နှင့် လုယက်သူများကို တားဆီးပေးရန် တပ်ဖွဲ့ဝင် ငါးထောင် စေလွှတ်ထားသော စစ်ဘက် က နောက်ထပ် တပ်ဖွဲ့ဝင် ၂၅၀၀ ကို ထပ်မံစေလွှတ်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မာဂါရီတာရိုဘဲလ်စ် က ပြောကြားသည်။
ရေတပ်သား ၁၀၄ ဦး နှင့်အတူ အစားအသောက် နှင့် ရေများ တင်ဆောင်လာသော စပိန်ရေတပ် သင်္ဘောတစ်စီးလည်း ဗလင်စီယာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုအတောအတွင်းမှာပင် ဗလင်စီယာ ဒေသအစိုးရ က ရေကြီးမှုကြောင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စု တစ်စုချင်းကို ယူရို ၆၀၀၀ ထောက်ပံ့ပေးသွားဖြစ်ကြောင်း နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များကို ယူရိုနှစ်သိန်းစီ ပေးအပ်သွားမည်ဟု အစိုးရအကြီးအကဲ ကားလို့စ်မေဇွန် က ပြောကြားသည်။
စုစုပေါင်းဆိုလျှင် ဗလင်စီယာဒေသအစိုးရက စပိန်ဗဟိုအစိုးရထံမှ ယူရို ၃၁ ဒသမ ၄ ဘီလီယံတောင်းဆိုသွားမည် ဖြစ်ကြောင်း နှင့် ယင်းတွင် အရေးပါသော အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလည်း ပါဝင်ကြောင်း ကားလို့စ်မေဇွန် က ဆက်ပြောသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။