အစ္စရေးအတွက် စစ်ရေးအကူအညီများ အမေရိကန်ပြည်ထောင်စု ဆက်ပေးမည်

International News
အစ္စရေးအတွက် စစ်ရေးအကူအညီများ
အမေရိကန်ပြည်ထောင်စု ဆက်ပေးမည်

ဂါဇာ ကမ်းမြောင်ဒေသသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့နိုင်ရေးအတွက် လုံလုံလောက်လောက် ဆောင်ရွက်ပေးနိုင်မှုမရှိခဲ့သော်လည်း အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီများ အမေရိကန်အစိုးရက ဆက်ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။

အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ရေး လုပ်ငန်းစဉ်ကို တားဆီးပိတ်ပင်မှုမရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ အစ္စရေးနိုင်ငံအနေဖြင့် ပြည်ပသို့ စစ်ရေးအကူအညီပေးအပ်မှုဆိုင်ရာ အမေရိကန်ဥပဒေများကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်တွင်ကြေညာချက် ထုတ်ပြန်ထားသည်။

အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများဝင်ရောက်နိုင်မှု အခြေအနေကို မြှင့်တင်ရာတွင် အောင်မြင်တိုးတက်မှုအချို့ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ အမေရိကန်ပြည်ထောင်စုအနေဖြင့် အစ္စရေးအတွက် စစ်လက်နက်ပစ္စည်းထောက်ပံ့ကူညီမှုကို ရပ်တန့်လိမ့်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင် ဒေသသို့ အကူအညီများ ရောက်ရှိမှု အခြေအနေ တိုးတက်လာစေရေးအတွက် ဆောင်ရွက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့က အစ္စရေးကို ရက်ပေါင်း ၃၀ အချိန်ပေးထားရာ နိုဝင်ဘာ ၁၂ ရက်တွင် အထက်ပါ အချိန်ကာလသတ်မှတ်ချက် ကုန်ဆုံးခဲ့သည်။

ရက်ပေါင်း ၃၀ အတွင်း ဂါဇာဒေသသို့ အကူအညီများ ဝင်ရောက်မှုအခြေအနေတိုးတက်လာမှုမရှိခဲ့ပါက အစ္စရေးနိုင်ငံအတွက် စစ်လက်နက်များဖြည့်ဆည်းပေးမှု ရပ်တန့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့က ရာဇသံပေးထားသည်။

အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများဝင်ရောက်ရေး ကြိုးပမ်းရာတွင် အောင်မြင် တိုးတက်မှုရှိခဲ့ကြောင်း အမေရိကန်အစိုးရက ရာဇသံကာလကုန်ဆုံးချိန်တွင် အကဲဖြတ်ခဲ့သော်လည်း လက်တွေ့တွင်မူ လူသားများစာနာထောက်ထားမှု အကူအညီအတော်များများကို ဂါဇာဒေသသို့ ပို့ဆောင်နိုင်မှုမရှိသေးကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့၏ ရာဇသံတွင် ဂါဇာကမ်းမြောင်ဒေသတွင်းသို့ ရိက္ခာနှင့်အကူအညီတွင် ကုန်တင်ကားများကိုနေ့စဉ်အစင်းရေ ၃၅၀ အထိ အနည်းဆုံးဝင်ရောက်ခွင့်ပြုရေးလည်း ပါဝင်သည်။

သို့ရာတွင် ရက် ၃၀ ရာဇသံကာလအတွင်း ဂါဇာကမ်းမြောင်ဒေသသို့ ရိက္ခာတင်ယာဉ် အစင်း ၃၀ ခန့်သာ နေ့စဉ် ဝင်ရောက်ခွင့်ရခဲ့ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းများက ပြောကြားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နိုဝင်ဘာ ၁၂ ရက်တွင် အစ္စရေးသမ္မတအိုင်ဆက်ဟားဇော့နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး အစ္စရေးကိုဆက်လက်ကူညီမည်ဖြစ်ကြောင်း ထပ်လောင်းကတိပေးထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...